နာဂသွေးချင်းတို့ရဲ့နိဒါန်း နာဂသွေးချင်းတို့ရဲ့ မုဒ်ဦး သို့မဟုတ် ဆော်လော်ရွာကလေး သို့

26 March 2016
နာဂသွေးချင်းတို့ရဲ့နိဒါန်း နာဂသွေးချင်းတို့ရဲ့ မုဒ်ဦး သို့မဟုတ် ဆော်လော်ရွာကလေး သို့
ဓာတ်ပုံ-မဇ္စျိမ

နာဂတောင်တန်းဒေသ ခရီးစဉ်ရဲ့အပိုင်း ၁

မြန်မာနိုင်ငံ မြောက်ပိုင်း ချင်းတွင်းမြစ် အရှေ့ဘက် တောင်ကုန်းတောင်တန်းတွေပေါ်မှာ ကျနော်တို့အဖွဲ့ ခရီးသွားနေကြပါတယ်။

တောင်ကုန်းတောင်တန်းတွေ ထူထပ်ပြီး အမြင့်ပေ ၇၀၀၀ ကျော် ၈၀၀၀ ကျော်အထိ မြင့်မားတဲ့ တောင်တန်းကြီးတွေရဲ့ကြားမှာ မြွှေလိမ်မြွေကောက် ကွေ့ပတ်သွားလာရတဲ့ လမ်းကြမ်းအတိုင်း ကျနော်တို့ သွားနေကြတာဖြစ်ပါတယ်။

သမအေးပိုင်းဇုံရာသီဥတုကြားမှာ ဆောင်းနဲ့ မိုးရာသီသာ ရှိနေတဲ့ ဒေသဖြစ်သလို ကျနော်တို့ ရောက်နေချိန်ဟာ အလွန်အေးတဲ့ ဆောင်းရာသီကာလဖြစ်ပါတယ်။ လမ်းတွေဟာ အတက်အဆင်း မတ်စောက်ပြီး သတိထားသွားလာရတဲ့ လမ်းတွေဖြစ်ပါတယ်။ ဒီဒေသအတွက်တော့ မော်တော်ဆိုင်ကယ်ကို ရွေးချယ်ဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။ အကြောင်းကတော့ ဒေသခံအများစုက   မော်တော်ဆိုင်ကယ်ကိုသာ အသုံးပြုကြလို့ဖြစ်ပါတယ်။

ဒီလမ်းတွေက ဆောင်းရာသီအတွက်တော့ အတန်အသင့် ကောင်းပေမယ့် မိုးရာသီရောက်ရင်တော့ ခက်ခက်ခဲခဲ စွန့်စားခန်းတွေ ပြည့်နေတဲ့ လမ်းကြမ်းကြီးဖြစ်ပါတယ်။ ချင်းတွင်းမြစ်အနောက်ဘက် ဝေးလံခေါင်သီလှတဲ့ တောင်တန်းဒေသဖြစ်တာကြောင့် ဖွံ့ဖြိုးမှုနောက်ကျခြင်းရဲ့ အမှတ်လက္ခဏာတွေလို့ပဲ ပြောရမှာပါ။ ကျနော်တို့သွားနေတာဟာ ထင်းရှားတဲ့ နာဂတိုင်းရင်းသားတို့နေထိုင်ရာ နာဂ တောင်တန်းဒေသကြီးဖြစ်ပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးမှူးရုံးစိုက်ရာ လဟယ်မြို့ကနေ အနောက်ဘက်တည့်တည့်ကို ကျနော်တို့ ခရီးနှင်နေတာဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့မှာတော့ ဒေသခံ   မော်တော်ဆိုင်ကယ်သမားတွေနဲ့ နယ်မြေကျွမ်းကျင်သူ နာဂတိုင်းရင်းသားတစ်ယောက် ပါဝင်ပါတယ်။ သူက ဘာသာစကား အသင့်အတင့် ကျွမ်းကျင်သူလည်းဖြစ်ပါတယ်။ နာဂတိုင်းရင်းသားတွေဟာ မတူညီတဲ့ မျိုးနွယ်စုတွေ၊ မျိုးနွယ်စုခွဲတွေနဲ့ မိသားစု မျိုးနွယ်စုတွေဆိုပြီး အဆင့်ဆင့် ကွဲပြားနေပါတယ်။ ဒီတော့ ဘာသာစကားတွေကလည်း မျိုးနွယ်စု တခုနဲ့တခု မတူညီကြတာ အမြောက်အများရှိနေပါတယ်။

အခုတော့ ဒေသခံ လမ်းပြသူရဲ့ အကူအညီနဲ့ လဟယ်မြို့အနောက်ဘက် အိန္ဒိယနယ်စပ်အနားထိ ကျနော်တို့ သွားကြမှာပါ။ တောင်စဉ်အထပ်ထပ်ကို တက်လိုက်ဆင်းလိုက် ကျော်ဖြတ်ကြရမှာပါ။

လမ်းခရီးမှာ သူ့ရွာသူ ပြန်လာတာပါဆိုတဲ့ ခရီးသွား ဒေသခံတစ်ယောက်ကို တွေ့ပါတယ်။ သူဟာ သုံးရက်သွားရမယ့် ခရီးကို ခြေလျင် သွားနေသူ ဖြစ်ပါတယ်။ လမ်းခရီးဟာ သုံးရက်တောင် ကြာမှာ ဖြစ်ပါတယ်။ သူဟာ လမ်းခရီးမှာ အခုကတော့ ထမင်းထုပ် ပါခဲ့တယ်ပေါ့။ နောက် ဆန်တွေလည်း ပါတယ်။ လမ်းကြရင် ရောက်တဲ့ နေရာမှာ အိပ်မယ်ပေါ့။ အိပ်ပြီးရင် ချက်စားမယ်။ ချက်ပြီးရင် မနက်ဖြန်အတွက်လည်း ထုပ်ယူမယ်ပေါ့။ တကယ်လို့ လမ်းမှာ ရွာမရောက်ဘဲနဲ့ မိုးချုပ်သွားတယ်ဆိုရင် ဒီတိုင်းပဲ အိပ်ပျက်တာပါပဲ။ ရွာရောက်တယ်ဆိုရင် ရွာက သူများအိမ်မှာ စောင်တောင်းပြီး အိပ်တယ်တဲ့။ သူ့ကျောပိုးလာတာတော့ ပေါင်နှစ်ဆယ်လောက် လေးပါတယ်။

မတ်စောက်တဲ့ တောင်ဆင်းတောင်တက်လမ်းတွေဖြစ်တာကြောင့် ဆိုင်ကယ်စီးကျွမ်းကျင်ဖို့လိုသလို ကျနော်တို့ အသုံးပြုတဲ့ ဆိုင်ကယ်တွေကလည်း ဒီလိုလမ်းကြမ်းတွေမှာ သုံးတဲ့ ဆိုင်ကယ်အမျိုးအစားတွေမဟုတ်ပါဘူး။ ဒါကြောင့် ဒီလမ်းတွေမှာ မောင်းနိုင်ဖို့ အထူးပြုပြင်ထားတဲ့ ဆိုင်ကယ်တွေဖြစ်ပါတယ်။ အရပ်အခေါ်တော့ အင်ဂျင်ပြန်ကိုင်ထားတယ်လို့ ဆိုရမှာပါ။

သွားရာလမ်းတစ်လျှောက်မှာတော့ မော်တော်ကားတွေ လုံးဝမတွေ့မိသေးပါဘူး.။ အသွားအလာနည်းတယ်ပြောရမှာပါ။ တခါတရံ ဆိုင်ကယ်တချို့ကို တွေ့တယ်။ တခါတရံ ပလိုင်းလွယ်ထားတဲ့ တိုင်းရင်းသားတွေကို တွေ့ပါတယ်။ အေးမြတဲ့ရာသီဥတုအောက်မှာ အသားကျနေပြီဖြစ်တဲ့ အလေ့အကျင့်တခုဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ တချို့ဆိုရင် ဖိနပ်မပါပဲ လမ်းလျှောက်ကြပါတယ်။

သွားရာလမ်းတလျှောက်ကတော့ ပေ ၅၀၀၀ ကျော်အထိရှိတဲ့ တောင်စဉ်အထပ်ထပ်က ကန့်လန့်ဖြတ် တားဆီးနေကြပါတယ်။ တောင်တစ်လုံး တက်ပြီးတဲ့အခါ နောက်ထပ် တောင်တစ်လုံးက အရံသင့် စောင့်ကြိုနေကြပါတယ်။ တောင်တစ်လုံးရဲ့ အောက်ကို ဆင်းသွားတဲ့အခါ အေးမြတဲ့ စမ်းချောင်းငယ်တွေကို ဖြတ်ကျော်ရပါတယ်။

ကွေ့ကောက်နေတဲ့ တောင်ပတ်လမ်းတွေက မြေသားလမ်းတွေပဲဖြစ်ပြီး မိုးရာသီရောက်ရင်တော့ သွားလာရခက်ခဲတဲ့နေရာတွေဖြစ်ပါတယ်။ နာဂတောင်တန်းဒေသရဲ့ မိုးရာသီကာလဟာ ၆ လလောက်အထိ ရှိပြီး အမြင့်ဆုံးမိုးရေချိန် လက်မ ၁၆၀ လောက်အထိတောင် ရွာပါတယ်။ တခြားကာလတွေမှာတော့ မျှတတဲ့ရာသီဥတုရှိပြီး အေးမြတဲ့ ဆောင်းရာသီကာလဖြစ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုက နာဂတောင်တန်းဒေသအတွက်တော့ အဓိက ပြဿနာတခုဖြစ်ပါတယ်။ အများစုကတော့ တောင်ပေါ်ခြေကျင်လမ်းတွေကိုသာ အားထားနေကြပါတယ်။ မြင့်မားတဲ့ တောင်သွယ်တွေကြားမှာ ကူးလူးသွားလာမှု နည်းတဲ့အခါ ဘာသာစကားကွဲပြားမှုတွေကလည်း အလိုအလျှောက် ဖြစ်လာခဲ့ကြပါတယ်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာတော့ မြေသားလမ်းသာ အများစုဖြစ်ကြပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းဖောက်လုပ်ခဲ့တဲ့ ကမ္ဘာကျော် လီဒိုလမ်းမကြီးကတော့ နာဂဒေသ မြောက်ပိုင်းသားတွေ အဓိက အားထားကြတဲ့ လမ်းမကြီးဖြစ်ပါတယ်။ အိန္ဒိယ - မြန်မာနဲ့ တရုတ်နိုင်ငံတွေကို ဆက်သွယ်ထားတဲ့ နိုင်ငံတကာ လမ်းမကြီးဖြစ်ပါတယ်။

တတောင်တက် တတောင်ဆင်း ခရီးနှင်လာတာ နာရီအတော်တောင် ကြာခဲ့ပါပြီ။ တောင်တစ်လုံးဆင်းပြီးလို့ စမ်းချောင်းတခုတွေ့တိုင်း ကျနော်တို့ နားကြပါတယ်။ အပူလွန်နေတဲ့ ဆိုင်ကယ်စက်တွေကို ရေလောင်းပေးကြပါတယ်။ စမ်းရေအေးအေးကို မြည်းစမ်းကြပါတယ်။

လမ်းမှာတော့ ရွာတစ်ချို့ကိုလည်း ဖြတ်သွားရပါတယ်။ ပြီးတော့ တွေ့သမျှ သဘာ၀ အလှတွေကို မှတ်တမ်းတင်ကြပါတယ်။ ကျနော်တို့ ဦးတည်သွားနေကြတဲ့ ခရီးစဉ်ကတော့ နာဂရွာကြီးတရွာဖြစ်တဲ့ ဆော်လော်ရွာဖြစ်ပါတယ်။ အဲဒီရွာကိုရောက်ဖို့အတွက် အိန္ဒိယနယ်စပ်အနီးထိ အရောက်သွားကြရမှာပါ။

ကျနော်တို့ရဲ့ နာဂတောင်တန်းခရီးစဉ်ဟာ ပျော်ရွှင်စရာ၊ အံ့သြစရာတွေနဲ့ ပြည့်နေပါတယ်။ မတ်စောက်မြင့်မားတဲ့ တောင်ပတ်လမ်းတွေပေါ်မှာ စွန့်စားကြရတာလည်း ရှိပါတယ်။ ဆိုင်ကယ်သမားတွေရဲ့ ကျွမ်းကျင်မှုကိုလည်း ယုံကြည်ထားကြရပါတယ်။ အခန့်မသင့်တဲ့အခါ ဆိုင်ကယ်တိမ်းမှောက်သွားခဲ့ တာတွေလည်း ကြုံကြရပါတယ်။

နာဂတိုင်းရင်းသားတွေအတွက် စားနပ်ရိက္ခာဖူလုံရေးအတွက် တောင်ယာသီးနှံစိုက်ပျိုးလေ့ရှိကြပါတယ်။ အိမ်တွင်းဟင်းလျာအတွက် ကြက်၊ ဝက်၊ နွားနဲ့ နွားနောက်တွေကိုလည်း မွေးမြူကြပါတယ်။ အခု ကျနော်တို့ တွေ့နေရတာဟာ နွားနောက်သားကို အခြောက်လှန်းနေကြတာဖြစ်ပါတယ်။ အခုဆိုရင် ညနေပိုင်းရောက်ပြီဆိုတော့ ဒီ နွားနောက်သားတွေကို တစ်ညလုံး မီးဖိုပြီး အခြောက်ခံကြမှာပါ။ ကျနော်တို့အတွက် ဟင်းစားလက်ဆောင်တောင် ပေးလိုက်ပါသေးတယ်။

နာဂတောင်ပေါ်ဒေသမှာတော့ တောင်ယာခုတ်ရင်း အမဲလိုက်လေ့ရှိကြသလို တူမီးသေနတ်လို့ခေါ်တဲ့ အမဲလိုက်သေနတ်တွေကိုလည်း အသုံးပြုလေ့ရှိကြပါတယ်။ နာဂတိုင်းရင်းသားတွေဟာ အမဲလိုက်ခြင်းကို တောင်ယာခုတ်ရင်း အနီးအနားဒေသတွေမှာသာ သွားလေ့ရှိပြီး စားသုံးဖို့နဲ့ ပွဲတော်တည်ဖို့လောက်သာ အမဲလိုက်ကြပါတယ်။ အမဲလိုက်ခြင်းဟာ ယောက်ကျားတွေအတွက် ရိုးရာအစဉ်အလာတခုဖြစ်သလို မျှဝေစားသုံးကြတဲ့ ဓလေ့လည်း ရှိနေပြန်ပါတယ်။

ကျနော်တို့ရဲ့ ခရီးစဉ်ဦးတည်ရာ ဆော်လော်ရွာကိုရောက်ဖို့က နီးလာပါပြီ။ အခုဆိုရင် ဆပ်ပလော်လို့ခေါ်တဲ့ နာဂရွာလေးတစ်ရွာကို ရောက်နေပါတယ်။ ဒီရွာလေးမှာရှိတဲ့ အိမ်တွေက ဝါးကို အဓိကအသုံးပြုပြီး ဆောက်ထားပါတယ်။ အသုံးအဆောင်ပစ္စည်းတွေကလည်း ဝါးတွေကိုအသုံးပြုတာ တွေ့ရပါတယ်။

အနိမ့်အမြင့်မျိုးစုံ သွယ်တန်းတွေတဲ့ တောင်တန်းကြီးတွေ ဘယ်လောက်များများ ဖြတ်ကျော်လာခဲ့သလဲဆိုတာ ကျတော်တို့ မမှတ်မိခဲ့ပါဘူး။ အနည်းဆုံးတောင် အတော်မြင့်တဲ့ တောင် ၅ လုံးလောက်တော့ ဖြတ်ခဲ့ပြီးပါပြီ။

မျက်စိတစ်ဆုံးကြည့်လိုက်ရင် တောင်တန်းတောင်သွယ်အထပ်ထပ်၊ နောက်ကိုပြန်ကြည့်ပြန်ရင်လည်း ကွေ့ကောက်နေတဲ့ ကျနော်တို့ဖြတ်သန်းခဲ့ရာ တောင်ပတ်လမ်းတွေ မြင်နေရပါတယ်။

ရှေ့ကိုကြည့်လိုက်ရင်လည်း တောင်တန်းတစ်ခုက ကာဆီးထားပြန်ပါတယ်။ အဲဒီအရာတွေကိုပဲ ကျနော်တို့ တရွေ့ရွေ့ ဖြတ်ကျော်လာခဲ့ပါပြီ။

နာဂတိုင်းရင်းသားတွေမှာတော့ မျိုးနွယ်စုအလိုက် ပွဲတော်အမျိုးမျိုးရှိကြသလို၊ အကအမျိုးမျိုး သီချင်းအမျိုးမျိုးလည်း ရှိကြပါတယ်။

ဆော်လော်ရွာကို ရောက်ရောက်ချင်းမှာပဲ ဒီလို ဝိုင်းပတ်ကခုန်နေကြတာကို ကျနော်တို့ စပြီးတွေ့လိုက်ရတာပါ။ မီးပုံကြီးကို ဝိုင်းပတ်ထားပါတယ်။ ကျစ်လစ်သန်မာတဲ့ လက်တွေက တယောက်နဲ့ တယောက် ချိတ်ဆက်ထားပါတယ်။ သံပြိုင်သီချင်းသီဆိုရင် ရှေ့တိုးနောက်ဆုတ် ဝိုင်းပတ်ကခုန်ကြပါတယ်။ နှစ်သစ်ကူးပွဲတော်မှာ ကခုန်ကြဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

ချမ်းအေးလှတဲ့ ရာသီဥတုအောက်မှာ အချိန်အကြာကြီး မရပ်မနား ကခုန်ကြပါတယ်။

မကြာခင်မှာတော့ ဒီရွာလေးဟာ မှောင်မဲတိတ်ဆိတ်နေပါလိမ့်မယ်။ ဒီညအတွက်တော့ ဆော်လော်ရွာမှာ ကျနော်တို့ ညအိပ်ကြပါမယ်။ နောက်တရက် နေထွက်လာချိန်ရောက်ရင် ကျနော်တို့ ပိုပြီးလေ့လာခွင့်ရတော့မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly