ရှုံးထွက်ဖလားရရှိရန် ရှမ်းယူနိုက်တက်အသင်း ရည်မှန်း

ရှုံးထွက်ဖလားရရှိရန် ရှမ်းယူနိုက်တက်အသင်း ရည်မှန်း
ယခုနှစ် ဘောလုံးရာသီတွင် ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားနေပုံ (ဓာတ်ပုံ - ရွှေဘုတ်)

မတ် ၂၆ ၊ ရန်ကုန် ။           ။ မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းတစ်သင်းဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၆ ဘောလုံးရာသီတွင် ရှုံးထွက်ဖလားရရှိရန် ရည်မှန်းထားသည် ဟု အသင်းဒါရိုက်တာ ဦးရဲမျိုးထွန်း က ပြောသည်။

ရှမ်းယူနိုက်တက်အသင်းသည် ရာသီအစတွင် ကစားသမားကောင်းများ ခေါ်ယူနိုင်ခဲ့သည့်အတွက် လိဂ်ချန်ပီယံဆုရရှိရန် ရေပန်းစားခဲ့သော်လည်း ရလဒ်များဆိုးဝါးခဲ့သည့်အတွက် လိဂ်ချန်ပီယံဆုကို မမျှော်မှန်းနိုင်တော့ပဲ ရှုံးထွက်ဖလားကိုသာ ရည်မှန်းခဲ့ခြင်း ဖြစ်သည်။

“ရာသီဝက်မှာ အသင်းကို ကစားသမားအပြောင်းအလဲ လုပ်ဖို့ရှိပါတယ်။ လောလောဆယ်တော့ ပြောလို့မရသေးပါဘူး။ အသင်း အစည်းအဝေးထိုင်ပြီးမှ ဘယ်လိုဆက်လုပ်မယ်ဆိုတာ ဆုံးဖြတ်သွားမှာပါ။ အသင်းအနေအထားအရတော့ ရှုံးထွက်ဖလားရဖို့ကိုပဲ ရည်မှန်းထားပါတယ်။ လိဂ်ချန်ပီယံဆုအတွက်လည်း အတတ်နိုင်ဆုံးတော့ အကောင်းဆုံးကြိုးစားသွားမှာပါ။ လက်ကျန်ပွဲစဉ်တွေကို ရလဒ်ကောင်းဖို့လည်း ပြင်ဆင်နေပါတယ်။ အသင်းက ရေရှည်သွားမှာဖြစ်တဲ့အတွက် ပုံစံကောင်းတစ်ခုရအောင် အားလုံးပူးပေါင်း လုပ်ဆောင်သွားမှာပါ ” ဟု ဦးရဲမျိုးထွန်း က ရှမ်းယူနိုက်တက်အသင်း၏ အနာဂတ်နှင့် ပတ်သက်၍ ပြောသည်။

ရှမ်းယူနိုက်တက်အသင်းသည် လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ ပွဲကစားပြီးချိန်၌ နှစ်ပွဲနိုင် ငါးပွဲသရေ သုံးပွဲရှုံး ရလဒ်ဖြင့် ရမှတ် ၁၁ မှတ်သာ ရရှိထားပြီး အမှတ်ပေးဇယား အဆင့် ကိုး နေရာတွင် ရပ်တည်လျက်ရှိသည်။

ရှမ်းအသင်းသည် ရာသီအစတွင် ရလဒ်များ ဆိုးဝါးခဲ့ သည့်အတွက် ပွဲစဉ် (၆) အပြီး၌ နည်းပြချုပ် ရူသာ အား ရာထူးမှ ထုတ်ပယ်ခဲ့ကာ ဦးစိုးမြတ်မင်းအား နည်းပြချုပ်အဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly