ကန်ဒေါ်လာ ၃.၂ ဘီလျံတန်ဘိုးရှိ Boeing P-8A ကင်းလှည့်လေယာဉ်များ ဗြိတိန်သို့ ရောင်းချမှု ကန် အတည်ပြု

ကန်ဒေါ်လာ ၃.၂ ဘီလျံတန်ဘိုးရှိ Boeing P-8A ကင်းလှည့်လေယာဉ်များ ဗြိတိန်သို့ ရောင်းချမှု ကန် အတည်ပြု

ဝါရှင်တန်၊ မတ် ၂၆ ။               ။ သဘောတူညီချက်အရ အမေရိကန်ဒေါ်လာ ၃ဒသမ၂ဘီလျံတန်ဘိုးရှိ Boeing P-8A ကင်းလှည့်လေယာဉ် ကိုးစင်း ဗြိတိန်သို့ ရောင်းချရေးကို အမေရိကန်အစိုးရက အတည်ပြုလိုက်ပြီဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဋ္ဌာနက မတ် ၂၅ တွင်ပြောသည်။

ဖြစ်နိုင်ဘွယ်ရာ ရောင်းချမှုနှင့် ပတ်သက်၍ နိုင်ငံရပ်ခြားသို့ လက်နက်များရောင်းချမှုကို ကြီးကြပ်ရသော ပင်တဂွန်၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (DSCA) က ကွန်ဂရက်သို့ တရားဝင်အသိပေးထားပြီးဖြစ်သည်။

ဥပဒေပြုအမတ်များအနေဖြင့် ရောင်းချမှုကို ပိတ်ပင်ရန် ၁၅ ရက်အချိန်ရသည်။ အဆိုပြုထားသော ရောင်းချမှုက ဗြိတိန်၏ အမျိုးသားကာကွယ်ရေးစွမ်းရည်ကိုသာမက နေတိုးနှင့် ညွန့်ပေါင်းအဖွဲ့များတွင် ဗြိတိန်၏ စစ်ဆင်နိုင်မှုစွမ်းရည်ကိုပါ မြင့်မားစေမည်ဖြစ်ကြောင်း DSCA ၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။ ဝယ်ယူရေးမှာ ဗြိတိန်၏ ထိပ်တန်းဦးစားပေးတစ်ခုဖြစ်သည်ဟုလည်း ဆိုသည်။

လာမည့်ဆယ်စုနှစ်အတွင်း ၁၂ဘီလျံပေါင်(အမေရိကန်ဒေါ်လာ ၁၆ဒသမ၉၆ဘီလျံ)မှ ၁၇၈ဘီလျံပေါင်အထိ သုံးစွဲမှုမြင့်တင်မည့် ငါးနှစ်စီမံကိန်းတစ်ခု၏ အစိတ်အပိုင်းအဖြစ် ရေငုပ်သင်္ဘောရှာဖွေနိုင်သည့် ကင်းလှည့်လေယာဉ်များ ဝယ်ရန် ရည်ရွယ်ချက်ရှိကြောင်း ဗြိတိန်က နိုဝင်ဘာလက ကြေညာခဲ့သည်။

ယခုဝယ်ယူမည့် လေယာဉ်များက ဗြိတိန်အား နျူကလီးယားလက်နက်တားဆီးရေးကို အထောက်အကူပြုမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောခဲ့သည်။ ထို့အပြင် ၂၀၁၀ပြည့်နှစ်က Nimrod သူလျိုလေယာဉ်အစီအစဉ်ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့မှုအပေါ် ပြင်းထန်စွာဝေဖန်ခံရခြင်းနှင့် လစ်ဟာနေသည့် ကွက်လပ်ကိုလည်း ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly