အာဏာလွှဲပြောင်းရန် ကြားကာလ စောင့်စည်းအပ်တဲ့ ကျင့်ဝတ်သိက္ခာများ

အာဏာလွှဲပြောင်းရန် ကြားကာလ စောင့်စည်းအပ်တဲ့ ကျင့်ဝတ်သိက္ခာများ

ယခုအချိန်ဟာ မိမိတို့နိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတဲ့ အစိုးရသစ်ကို အစိုးရဟောင်းက နိုင်ငံ့အာဏာ လွှဲပြောင်းပေးရမယ့်ကာလ ဖြစ်ပါတယ်။

အာဏာမလွှဲပြောင်းပေးနိုင်မီ စပ်ကြား အစိုးရအဖွဲ့အဟောင်းနဲ့ အစိုးရအဖွဲ့အသစ်တို့ ထိတွေ့ညှိ နှိုင်းကြ၊ သဘောတူညီချက်တွေ ယူကြတဲ့သတင်းတွေကိုလည်း ပြည်သူတွေ နေ့စဉ်လိုပဲ ကြားနေမြင် နေကြရပါတယ်။ ကောင်းမွန်ပြီး ပြည်သူတွေ အားရကျေနပ်စေတဲ့ သတင်းများပါပဲ။

ဒီလို အချိန်မှာ အာဏာလွှဲပြောင်းပေးကြရမယ့် တာဝန်ရှိလူဟောင်းတွေဘက်ကပဲဖြစ်ဖြစ် အာဏာလက်ခံယူကြရမယ့် တာဝန်ရှိသူတွေဘက်ကပဲဖြစ်ဖြစ် အထူးကျင့်သုံးအပ်တဲ့ ကျင့်ဝတ်က တော့ အပြန်အလှန် အသိအမှတ်ပြု အပြန်အလှန်လေးစားရေးမူပဲဖြစ်ရပါမယ်။ ဒီမူအပေါ် အခြေခံတဲ့ အပြုအမူ အပြောအဆိုများပဲ ဖြစ်ကြရပါမယ်။ ဒါမှသာ တိုင်းပြည်တာဝန်ရှိသူများရဲ့ ကျင့်ဝတ်သိက္ခာနဲ့ တာဝန်ရှိမှု တာဝန်သိမှုကို ပြည်သူတွေ ကြေနပ်ပီတိဖြစ်ကြရ စိတ်အေးချမ်းသာ ဖြစ်ကြရမှာပါ။

ယခုအ ချိန်အထိတော့ အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်တဲ့ အပြုအမူ အပြောအဆိုများ ထွက်ပေါ်လာခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း တချို့တချို့သောသတင်းများကတော့ ပြည်သူတွေကို အံ့အားသင့်စေ၊ စိတ်မချမ်းမြေ့စေတဲ့ သတင်းများဖြစ်နေတာကိုလည်း တွေ့ကြရပါတယ်။

ဥပမာအားဖြင့် ပြောရလျင် အစိုးရအဖွဲ့သစ် ဝန်ကြီးများ နေထိုင်ရန်ဖြစ်တဲ့အိမ်များမှာ ယခင်နေ ထိုင်သွားသူများက အိမ်ထောင်ပရိဘောဂကအစ သိမ်းယူသွားကြတယ်ဆိုတဲ့ သတင်းမျိုးဖြစ်ပါတယ်။ ဒီသတင်းအပေါ် ပြန်လည်ရှင်းလင်းပြောဆိုတဲ့ လက်ရှိအစိုးရ တာဝန်ရှိသူတစ်ဦးရဲ့စကားထဲမှာ ဝန်ခံ သလိုရှိတဲ့ စကားတွေ ပါလာတာလည်း ကြားကြရပါတယ်။ ဘာပြုလို့လည်းဆိုတော့ ယခင်ဝန်ကြီးတွေ ဟာ ကိုယ်နေဖို့အိမ်ကို အခွံအနေနဲ့သာ လက်ခံရရှိခဲ့ပြီး အိမ်တွင်းလိုအပ်ချက်ပစ္စည်းများ ထည့်သွင်း တပ်ဆင်ဖို့ နိုင်ငံတော်က ကုန်ကျငွေစရိတ်ထုတ်ပေးငွေ သိန်း ၃၀ နဲ့ ပြင်ဆင်ခဲ့ကြရတာဖြစ်လို့ စိုက်ထားတဲ့ သစ်ပင်တောင် ယူချင်ရင် ဆွဲနှုတ်ယူသွားလို့ရတယ်ဆိုတဲ့ ဖြေရှင်းချက်ကို ကြားကြရပါ တယ်။

ဒီစကားအပေါ်မူတည်ပြီး ပြည်သူတွေရဲတုန့်ပြန်ချက်ကလည်း ချက်ချင်းဆိုသလို ထွက်ပေါ်လာ ခဲ့ပါတယ်။ တချို့ကတော့ အဲဒီ အိမ်တွင်းပစ္စည်းအတွက် ထောက်ပံ့တဲ့ သိန်း ၃၀ ဆိုတာ ပြည်သူ့ ဘဏ္ဍာငွေများသာဖြစ်လို့ ဝန်ကြီးဟောင်းများအနေနဲ့ ကိုယ်ပိုင်ပစ္စည်းသဘော ဖြုတ်သိမ်းသယ်ယူ မသွားသင့်ဘူးလို့ ပြောဆိုကြသူတွေလည်း ရှိလာပါတယ်။ သည်လိုသာ အစိုးရအဖွဲ့ တစ်ခါပြောင်းတိုင်း သာ အိမ်တွင်းပစ္စည်းအသုံးစရိတ်တွေ ထပ်ကာထပ်ကာထုတ်ပေးနေရရင် ပြည်သူ့ဘဏ္ဍာငွေ တာဝန်မဲ့ ဖြုန်းတီးရာရောက်တဲ့ သဘောပဲလို့လည်း မြင်တဲ့သူက မြင်ကြပါတယ်။

တခါ ဒီကိစ္စအပေါ် ပြန်လည်ရှင်းလင်းတဲ့ တာဝန်ရှိသူရဲ့စကားထဲမှာ အကယ်၍ နောက် တက်မယ့် ဝန်ကြီးတွေဟာ ကိုယ့်အစိုးရဖြစ်လာပြီမို့ သိန်း ၃၀ မဟုတ်ဘူး သိန်း တစ်ထောင် ထုတ်ပြီးသုံးရင်လည်း သုံးကြပေါ့ဆိုပြီး ပြောထားတဲ့အချက်ကိုလည်း ပြန်လည်ထင်မြင်ချက် ပေးကြ ပါသေးတယ်။ ဒီလိုပြောဆိုချက်ဟာ အစိုးရရယ်လို့ဖြစ်လာရင် ပြည်သူလူထုအပေါ်ထားရှိအပ်တဲ့ ပြည်သူ့ဝန်ထမ်းကောင်း စိတ်ဓါတ်မျိုးမဟုတ်ပဲ ငါအာဏာရှိရင် ငါလုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့ သဘောထားကို ထင်ဟပ်နေတယ်ဆိုပြီးလည်း ထင်မြင်ချက်ပေးကြတာ ရှိပါတယ်။

ဒီလို အပြောအဆို ဒီလိုအယူအဆမျိုး အမှန်တကယ် ပြောခဲ့ကြတယ်ဆိုရင်တော့ တိုင်းပြည်ကို အုပ်ချုပ်စီမံကြတဲ့ တာဝန်ရှိသူတွေအပေါ် ပြည်သူတွေက စိတ်ပျက်မယ်ဆိုရင်လည်း စိတ်ပျက်ကြ မယ်ဆိုရင် လွန်ဖွယ် မရှိပါဘူး။ တိုင်းပြည် ဆင်းရဲမွဲတွေနေတဲ့အချိန် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများစာ ရင်းထဲက မထွက်နိုင်သေးတဲ့ ဒီလိုအချိန်မျိုးမှာ တိုင်းပြည်ဘဏ္ဍာငွေ တနည်းအားဖြင့် ပြည်သူတွေ ရဲ့ငွေကို တန်ဘိုး ထားရကောင်းမှန်းမသိ၊ ချွေတာရကောင်းမှန်းမသိ လက်လွတ်စပယ် ပြောဆိုမှုတွေ အပေါ် မလိုလား မနှစ်သက်ကြမှာကတော့ အသေအချာပါပဲ။

ဒါ့အပြင် ဒီလို ပြောဆိုရှင်းလင်းမှုဟာ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု လူ တစ်ဦးနဲ့တစ်ဦး အပြန် အလှန် လေးစားမှုကို အခြေမခံဘဲ၊ အပြန်အလှန် အသိအမှတ်ပြုမှုကို အလေးမထားဘဲ လက်လွတ်စ ပယ် တုန့်ပြန်ပြောဆိုမှုသာဖြစ်တယ်လို့လည်း ယူဆလို့ ရပြန်ပါတယ်။

ဒါကြောင့်မို့ အခုလို အာဏာလွှဲပြောင်းမှုကြားကာလမှာ အာဏာလွှဲပြောင်းမှုများ အဆင်ပြေ ချောမွေ့စေဖို့၊ ပြည်သူတွေ အထင်သေးအမြင်သေး မဖြစ်ဖို့၊ ပြည်သူတွေ လေးစားဖို့ဆိုရင် တာဝန်ရှိမှု တာဝန်သိမှုကို အခြေခံတဲ့စကားများသာ ပြောဆိုကျင့်သုံးသင့်ကြောင်း မဇ္ဈိမက တိုက်တွန်းလိုက် ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly