ဝန်ကြီးတွေ နိုင်ငံပိုင်ငွေသုံးပြီး အိမ်ပရိဘောဂ မဝယ်ရန် ဒေါ်စုညွှန်ကြား

ဝန်ကြီးတွေ နိုင်ငံပိုင်ငွေသုံးပြီး အိမ်ပရိဘောဂ မဝယ်ရန် ဒေါ်စုညွှန်ကြား
 နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ ရေးရာကော်မတီဆောင် I-12မှ ထွက်ခွာလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား မတ်လ ၂၅ရက်၊ ညနေပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၂၅)။ ။ ဧပြီလ(၁)ရက်ကစပြီး တာဝန်ယူကြရမည့် ပြည်ထောင်စုဝန်ကြီးများအနေဖြင့် ၎င်းတို့နေထိုင်ရမည့် ဝန်ကြီးနေအိမ်များတွင်အသုံးပြုရန် ပရိဘောဂပစ္စည်းများအား ကိုယ်ပိုင်ငွေဖြင့်သာ ဝယ်ယူရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလိုက်သည်။

ပြည်ထောင်စုဝန်ကြီးဖြစ်လာတော့မည့် ၁၄ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ ရေးရာကော်မတီဆောင် I-12တွင်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုဝန်ကြီးများအား ခြိုးခြံချွေတာကြရန်၊ အဂတိကင်းကြရန်နှင့် အနစ်နာခံကြရန် မှာကြားလိုက်ခြင်း ဖြစ်သည်။

"ပရိဘောဂကို ပြည်ထောင်စုအစိုးရရဲ့ ဝန်ကြီးအသစ် ၁၈ဦးက ကိုယ်ပိုက်ဆံနဲ့ကို ဝယ်ရမယ်။ ဝယ်ပြီး ထည့်ရမယ်။ အဲ့ဒီအတွက်ကို နုင်ငံတော်ကနေ ပြန်မတောင်းရဘူး။ ပြီးရင် ငါးနှစ်သက်တမ်း ထမ်းဆောင်ပြီးရင်လည်း အဲ့ဒါတွေကို နောက်လူတွေကို လက်ဆင့်ကမ်းလွှဲပေးသွားရမယ်" ဟု အစိုးရသစ်လက်ထက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို တာဝန်ယူရဖွယ်ရှိနေသည့် သူရဦးအောင်ကိုက တွေ့ဆုံမှုအပြီးတွင် ပြောသည်။

ထို့ပြင် ဝန်ကြီးများအနေဖြင့် ခြိုးခြံချွေတာကြရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့ကြောင်းလည်း သူရဦးအောင်ကိုက အောက်ပါအတိုင်း ပြောသည်။

"ပြည်တွင်းခရီးသွားတဲ့အခါတွေ၊ ပြည်ပခရီးသွားတဲ့အခါတွေမှာလည်း ခြိုးခြံချွေတာဖို့။ အပိုလူတွေမခေါ်ဖို့၊ လိုအပ်သလောက်ဝန်ထမ်း၊ လိုအပ်သလောက်လူပဲ ခေါ်ဖု့ိ၊ ဒါတွေကို ခြိုးခြံချွေတာဖို့ကိစ္စတွေ ပြောပါတယ်" ဟု သူရဦးအောင်ကိုက ဆိုသည်။

ပြန်ကြားရေးဝန်ကြီးဖြစ်လာဖွယ်ရှိသည့် ဒေါက်တာဖေမြင့်ကလည်း "အဓိကကတော့ တတ်နိုင်သလောက် တိုင်းပြည်ဘဏ္ဍာသက်သက်သာသာနဲ့ အလုပ်လုပ်နိုင်ဖို့၊ မြန်မြန်ဆန်ဆန်တိုးတက်ပြောင်းလဲမယ့် အစီအစဉ်တွေ လုပ်ကိုင်နိုင်ဖို့၊ အဂတိလိုက်စားမှုကင်းစင်ဖို့ အဲ့ဒါတွေကို အဓိကထားပြီး ပြောပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း တွေ့ဆုံမှုအပြီးတွင် ပြောသည်။

အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုဝန်ကြီး ၁၈ဦးကို ခန့်အပ်ရန်နှင့် ခန့်အပ်မည့်သူတို့၏ အမည်များကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုထားပြီး ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူကြမည့် ၁၈ဦးအနက် ၁၅ဦးကို NLDက ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ ဝန်ကြီးသုံးဦးမှာမူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခြေခံဥပဒေအရ ရွေးချယ်ခန့်အပ်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly