မန်းရွှေစက်တော်ဘုရားပွဲအဝင်တွင် စက်သုံးဆီဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့်ရရန် ညှိနှိုင်းမည်

မန်းရွှေစက်တော်ဘုရားပွဲအဝင်တွင် စက်သုံးဆီဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့်ရရန် ညှိနှိုင်းမည်
မန်းရွှေစက်တော်ဘုရားအဝင်မုခ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ-ဒေါင်းလူ)

မင်းဘူး၊ မတ် ၂၅ ။            ။ မန်းရွှေစက်တော်ဘုရားပွဲအဝင်ရှိ ပိတ်ထားရသော စက်သုံးဆီ ၃ ဆိုင်အား ပြန်လည်ဖွင့်လှစ်ခွင့်ရရန် မန်းရွှေစက်တော်ဘုရားပွဲ ကျင်းပပြုလုပ်ခြင်းဆိုင်ရာ   လေ့လာညှိနှိုင်းရေးကော်မတီက ညှိနှိုင်းမှုများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းစက်သုံးဆီဆိုင်များသည် ပွဲတော်စပြီး ရက်ပေါင်း ၂၀ ခန့်အကြာတွင် မီးဘေးအန္တရာယ်ကြောင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏ ညွှန် ကြားချက်အရ ပိတ်ပင်ခံခဲ့ခြင်းဖြစ်သည်။

"ဘုရားဖူးပြည်သူတွေ စက်သုံးဆီပြတ်လပ်သွားရင် အဆင်ပြေအောင်ဆိုပြီးဖွင့်ပေးထားတဲ့ ဆိုင်တွေ ပိတ်ထားတဲ့ အတွက် ဈေးဆိုင်ခန်းတွေမှာ စက်သုံးဆီ သိုလှောင်မှုတွေရှိတဲ့အတွက် မီးဘေးကြောက်ရတယ်။  အနယ်နယ် အရပ်ရပ်က ဘုရားဖူးပြည်သူတွေလည်း အခက်တွေ့နိုင်တဲ့အတွက် ဘုရားပွဲတော်အဝင် ဘုရားပွဲနဲ့လှမ်းတဲ့ စက်သုံးဆီ ဆိုင်တွေ ပြန်ဖွင့်ခွင့်ရဖို့   ဒေသခံတွေရဲ့တောင်းဆိုမှုတွေအရ ဆောင်ရွက်ပေးသွားမှာပါ” မန်းရွှေစက်တော်ဘုရားပွဲ ကျင်းပပြုလုပ်ခြင်းဆိုင်ရာ လေ့လာညှိနှိုင်းရေးကော်မတီမှဥက္ကဌ ဦးနေမျိုးကျော် ကပြောသည်။

ယခင်က နှစ်စဉ်နှစ်တိုင်း ရွှေစက်တော်ဘုရားပွဲအဝင်တွင် စက်သုံးဆီအရောင်းဆိုင်များရောင်းချခွင့်ပြုခဲ့သော်လည်း ယခုနှစ်တွင် ယင်းဆီဆိုင်များအပါအဝင် မင်းဘူး-ရွှေစက်တော် လာရာလမ်းတစ်လျှောက်နီးပါး လမ်းဘေးဆီဆိုင်များ အား ဆီရောင်းချခွင့်မပြုခဲ့ခြင်းကြောင့် ဆိုင်ကယ်ယာဉ်များ အခက်အခဲရှိခဲ့သည်။

ဆီမလုံလောက်သည့် ဘုရားဖူး ယာဉ်များသည် ဘုရားမှ(၁၂)မိုင်ခန့်ဝေးသော ပဒါန်းသို့ ဝယ်ယူနေရသဖြင့် ကော်မတီမှ ယင်းသို့ဆောင်ရွက်ပေးမည့် အပေါ် ကြိုဆိုကြောင်း   ရွှေစက်တော်ပြေးဆွဲနေသည့် ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

"ပွဲတော်အတွင်းမှာ စက်သုံးဆီတွေ ဝယ်ယူသိုလှောင်မှုက မီးဘေးအန္တရာယ်ကြီးတယ်။အခုလို စနစ်တကျဆောင်ရွက် မယ်ဆိုတဲ့ကိစ္စကို ကြိုဆိုပါတယ်။" ၎င်းက ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်းဆိုင်ရာလေ့လာညှိနှိုင်းရေးကော်မတီက ပိတ်ပင်ခံရသောစက်သုံးဆီ ဆိုင်များ ဧပြီ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြန်လည်ဖွင့်နိုင်ရေးအတွက်   ဆောင်ရွက်မည်ဖြစ်သည်။

အပူချိန်မြင့်တက်နေသောကာလဖြစ်သောကြောင့် ဆီသိုလှောင်မှုများကို သတိပေးတားမြစ်ရန်ကိစ္စ အပါအဝင် ဘုရားပွဲတော်ပိုင် မီးသတ်ကားများဝယ်ရေး၊ကျန်ရှိနေသေးသော ဘုရားပွဲတော်ရက် ၂၀ အတွင်း ဆီသိုလှောင်မှုများ ကြောင့် မီးဘေးအန္တရာယ် မဖြစ်စေရေးကိစ္စများအား ကော်မတီမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌဦးနေမျိုးကျော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly