ငွေအပေါ်မြန် ငွေအရများ ပဲတီစိမ်း စိုက်ကြမလား

25 March 2016
ငွေအပေါ်မြန် ငွေအရများ ပဲတီစိမ်း စိုက်ကြမလား

ပဲတီစိမ်းကတော့ မြေငွေ့ဓာတ် စနယ်မြေ မြေသားထူတဲ့ နှုန်းမြေ စတဲ့မြေတွေမှာဆိုရင်တော့ ပိုမိုဖြစ်ထွန်းပါတယ်။ မြေကြီးရဲ့ ချဉ်ဖန်ဓာတ်ကတော့ PH 5.5 နဲ့ 6.5 ရှိတဲ့ မြေဆိုရင်တော့ ပိုမိုဖြစ်ထွန်းပါတယ်။ ဒါပေမယ့် စိုက်ပျိုးတဲ့အချိန်ကတော့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများမှာဆိုရင်တော့ မိုးကြိုကာလ ဖေဖော်ဝါရီလအလယ်မှ မတ်လအလယ်ထိ စိုက်ပျိုးသင့်ပါတယ်။ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှာဆိုရင်တော့ မိုနှောင်းရာသီ သီးထပ်အဖြစ် စပါးပြီးတဲ့အချိန် နိုဝင်ဘာလလောက်မှာ စိုက်ပျိုးကြတာပါ။ စိုက်ပျိုးချိန်နောက်ကျသွားရင်တော့ မြေကြီးအတွင်းမှာရှိတဲ့ အစိုဓာတ်တွေ ဆုတ်သွားတဲ့အတွက်ကြောင့် အပင်ဖြစ်ထွန်းမှု နည်းသွားတတ်ပါတယ်။

ပဲတီစိမ်းစိုက်ခင်းမှာ အပင်ရောဂါအနေနဲ့ကတော့ အဝါရောင် မှိုစေ့ရောဂါများ ကျရောက်တတ်ပါတယ်။ အဲဒီ ပိုးမွှားရောဂါကို ကာကွယ်ရန်အတွက်ကတော့ မိုကြိုရာသီ ပဲတီစိမ်းစိုက်ပျိုးမယ်ဆိုရင်တော့ ရေဆင်းဆယ့်တစ်မျိုးနဲ့ ရေဆင်းဆယ့်လေးမျိုးကို ရွေးချယ် စိုက်ပျိုးသင့်ပါတယ်။ အထူးသဖြင့် ရေဆင်းကိုးမျိုးကို စိုက်ပျိုးတော့မယ်ဆိုရင်တော့ မိုးနှောင်းကာလရာသီတွေမှာ စိုက်ပျိုးသင့်ပါတယ်။ တောင်သူတွေကြိုက်တက်တဲ့ ရေဆင်းတစ်မျိုးကတော့ မိုးကြိုစိုက်ရင် ရောဂါကျရောက်တတ်တဲ့အတွက် မိုးနှောင်းကာလတွေမှာသာ စိုက်ပျိုးသင့်ပါတယ်။ ပဲစိုက်ပျိုးရေးနဲ့ ပတ်သက်လို့ ပဲစိုက်တောင်သူတစ်ဦဖြစ်တဲ့ ကျောက်တန်းမြို့နယ် ပဲကြီးကျေးရွာက ဦးတင်ဝင်းက အခုလို ရှင်းပြပါတယ်။

“ပထမ စပါးရိတ်ပြီးတယ်ဆိုရင် မြေတွေက ကျွန်တော်တို့ လှန်ရတယ်ပေါ့နော်။ ထယ်လှန်ရတယ်။ ထယ်လှန်ပြီးတော့ ကျွန်တော်တို့ သုံးရက်သား လေးရက်သားလောက်ရလို့ရှိရင် ကွန်ဒေါင်းကို မျိုးစေ့ချပြီးတော့ ကျဲတာပေါ့။ သစ်စေ့ပြန်ကျဲတာပေါ့။ သစ်စေ့ပြန်အုပ်တာပေါ့။ အုပ်ထားပြီးပေါက်လာတဲ့အခါကျတော့ ၁၅ ရက်သား ပေါက်လာတဲ့အခါကျတော့ ဆေးဖြန်းရတာပေါ့။ အစေ့ဆေးတို့ ပိုးသတ်ဆေးတို့ အားဆေးတို့ ထပ်ဖြန်းရတာပေါ့။ အဲဒီ ၁၅ ရက်သားဖြန်းပြီးတဲ့နောက်မှာ ၇ ရက်တစ်ပါတ်ကို တစ်ခါဖြန်းရပါတယ်။ တစ်ပါတ်ပြည့်တိုင်း တစ်ခါတစ်ခါ ဖြန်းရပါတယ်။ ဒီ ဖလန်ကျလာရင် ပိုးကောင်လေးတွေက ကျလာတယ်။ အဲဒီပိုးတွေကို ကာကွယ်ဖို့ ဒီပိုးသတ်ဆေးနဲ့ပဲ ဖြန်းရတာပဲ။ ပိုးသတ်ဆေးကတော့ သူ့အမျိုးမျိုးပေါ့နော်။ သူနဲ့သက်ဆိုင်တဲ့ ပိုးသတ်ဆေးကို သုံးစွဲရပါတယ်။ သူက ရက် ၄၀ သားဆိုရင် ၄၀-၄၅ ရက်သားဆိုရင် အဖူးအပွင့် လိုက်လာတယ်။ အဲဒီ အဖူးအပွင့်လိုက်လာတဲ့အချိန်ကျတော့လည်း အဖူးအပွင့်တွေအတွက် အားဆေးတစ်ခါ ဖြန်းရပါတယ်။ နောက်ပြီး ပိုးသတ်ဆေးလည်း ထည့်ဖြန်းပေးရပါတယ်။ မှိုပိုးသတ်ဆေးလည်း ထည့်ဖြန်းပေးရပါတယ်။ တစ်ဧကကို တင်း ၃၀ လောက်တော့ ထွက်ပါတယ်။ ရာသီဥတုကောင်းရင်လည်း ကောင်းသလိုပေါ့”

ပဲတီစိမ်းက စိုက်ပျိုးပြီး သုံးလနဲ့ လေးလကြားမှာ ခူးလို့ရတာလဲ ဖြစ်ပါတယ်။ ခူးဆွတ်ရတဲ့အခါမှာလည်း အပင်ကိုမနှုတ်ရပဲ အသီးကိုသာ ရွေးချယ်ခူးဆွတ်ရတာ ဖြစ်ပါတယ်။ ပဲတီစိမ်းရဲ့ ပန်းပွင့်မူကတော့ အဆုံးမရှိ ပန်းခိုင်ဖြစ်တဲ့အတွက်ကြောင့် တစ်ကြိမ်နဲ့ ခူးဆွတ်လို့မပြီးနိုင်ပဲ နှစ်ကြိမ်မှ သုံးကြိမ်အထိ ခူးဆွတ်ရပါတယ်”

 ပဲတီစိမ်းကို ခူးဆွတ် ချွေလှေ့ခြင်းနဲ့ ပတ်သက်ပြီးတော့ ပဲစိုက်တောင်သူတစ်ဦးဖြစ်တဲ့ ကျောက်တန်မြို့နယ် ပဲကြီးကျေးရွာက ကိုမျိုးမြင့်ေအောင်ကလည်း အခုလို ရှင်းပြပါတယ်။

“ပဲတီစိမ်းက ခူးဆွတ်ရမယ့်အချိန်က နှစ်လခွဲ သုံးလလောက်မှာ ခူးဆွတ်လို့ ရပါတယ်။ ခူးဆွတ်တဲ့အခါကျတော့လည်း ပဲတီစိမ်းက မတ်ပဲနဲ့တော့ မတူဘူးပေါ့။ မတ်ပဲကတော့ နှုတ်ရတာပေါ့။ ပဲတီစိမ်းကတော့ အသီးကို ခူးဆွတ်ရတာပေါ့။ အပင်ကို မပျက်စီးအောင် ခူးရတယ်။ တကယ်လို့ အပင် အသီးစိမ်းကျန်မယ်ဆိုရင်တော့ နောက်တစ်သီး ပြန်ရနိုင်ပါတယ်။ အပင်သက်တမ်း ကောင်းရင်ကောင်းသလိုပေါ့ နှစ်ကြိမ် သုံးကြိမ်အထိ ခူးလို့ရပါတယ်။ ကျွန်တော် အရင်တုန်းကဆိုလို့ရှိရင်တော့ ခွန်ဒေါင်းတို့ဘာတို့နဲ့လည်း လှေ့ပြီးတော့ လုပ်ရတယ်ပေါ့။ အခုချိန်ကတော့ ချွေစက်တွေနဲ့ဆိုတော့ လူလည်းသက်သာတယ်။ အချိန်ကုန်လည်းသက်သာတယ်။ အဆင်ပြေတယ်ပေါ့။ အရင်တုန်းကဆိုရင်တော့ ခွန်တောင်းတွေနဲ့ နယ်ပြီးတော့ လှေ့ရတယ်။ အခုချိန်မှာတော့ ဒီ ချွေနင်းစက်တွေနဲ့ဆိုတော့ ရာသီဥတုဒဏ်လည်း သက်သာတယ်။ ပဲကိုတော့ ဒီမှာက ဒိုင်ကောက်ပါတယ်။ မှာလိုက်လို့ရှိရင်လည်း လာယူတယ်။ သက်တမ်းကလည်း တိုတယ်။ ငွေပေါ်တာမြန်တယ်။ ငွေရတာကွာတယ်။ အဲ့ဒါကြောင့် ဒီပဲကို စိုက်ဖြစ်တာပါ”

ပဲစိုက်ပျိုးမှုနဲ့ ဂျက်ဆင်မြေအသုံးပြုမှု ယူရီယာလက်ချားမှုန့် ရေနှင့်ရောပြီးတော့ ပန်းပွင့်ပွင့်ချိန်မှာ ပက်ဖြန်းပေးမှုတို့ကြောင့် ပဲထွက်နှုန်းက ကောင်းမွန်လာပါတယ်။ တစ်ဧကမှာရှိရမယ့် အပင်အရေအတွက် ရရှိအောင်စိုက်ပျိုးခြင်းကလည်း ပဲထွက်နှုန်းကောင်းစေရန်အတွက် အဓိက အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ပဲတီစိမ်းကို မိုးနှောင်းမှာ စိုက်မယ်ဆိုရင်တော့ အပင်ဦးရေဟာ တစ်ဧကမှာ တစ်သိန်းသုံးသောင်းခန့် ရှိရမှာပါ။ တစ်ပင်နဲ့တစ်ပင်ကိုတော့ လေးလက်မခန့် ခွာပြီး စိုက်ပေးရမှာပါ။ မိုးစိုက်ကာလမျာတော့ တစ်ဧက ရှိရမယ့်အရေအတွက်မှာ ရှစ်သောင်းခုနှစ်ထောင် ရှိရမှာဖြစ်ပြီးတော့ မျိုးစေ့နှုန်းကတော့ တစ်ဧကမှာ လေးပြည်နှုန်းကနေ ခြောက်ပြည် သုံးသင့်ပါတယ်။ ပဲတီစိမ်းစိုက်ပျိုးရန်ချိန်မှာတော့ မြေပြင်ရန် နွားချေးမြေသြဇာကို တစ်ဧကမှာ တင်း ၁၅၀၊ ဓာတ်မြေသြဇာအနေနဲ့ကတော့ ယူရီးယား ၁ ပြည်၊ တီစူပါ ၂၄ ပြည်၊ ပိုတက် ၁၂ ပြည်နှုန်း ထည့်ရပါတယ်။ ကန့်ဓါတ် အနည်းဆုံး ၅ ရာခိုင်နှုန်း ပါဝင်တဲ့ ဒက်ဆန်ကျောက်မြေမှုန့်ကိုတော့ တစ်ဧကမှာ ပြည် ၂၀ နှုန်း ထည့်ပေးရမှာပါ။

ပေါင်းမြက်များကိုတော့ စိုက်ပြီး နှစ်ပတ်အကြာကနေ ပန်းပွင့်တဲ့အထိ ဂရုပြု ရှင်းလင်းပေးရန် လိုအပ်ပါတယ်။ ပန်းပြချိန်နဲ့ သီးပွင့် ကိန်းဝပ်ချိန်တွေမှာတော့ မြေတစ်ဂါလန်ကို ယူရီးယားမြေသြဇာ ထမင်းငါးဇွန်း လေးဇွန်းခွဲ လက်ချားမှုန့် ထမင်းစားဇွန်း တစ်ဇွန်း ဖျော်ပြီးတော့ နံနက်ပိုင်းမှာ အရွက်အောက်ပိုင်းတွေကို ဖြန်းပေးရမှာပါ။

ပဲတီစိမ်း စိုက်ပျိုးရေးမှာတော့ ဂရုပြုဆောင်ရွက်ပေးရမယ့် အချက်တွေကတော့ မျိုးကောင်းမျိုးသန့်တွေကို စိုက်ပျိုးရမယ့်အပြင် စိုက်ချိန် မှန်မှန်စိုက်ဖို့လည်း လိုအပ်ပါတယ်။ တစ်ဧကမှာ ရှိရမယ့် အပင်အရေအတွက်နဲ့ တစ်ပင်နဲ့တစ်ပင် အကွာအဝေးကြားတွေကိုလည်း ဂရုပြု ဆောင်ရွက်ပေးရမှာပါ။ စိုက်ပျိုးပြီး ပန်းပွင့်ချိန်ကာလကိုလည်း ဂရုပြု ဆောင်ရွက်ပေးရပါတယ်။ ပဲတီစိမ်းက ပန်းပွင့်ချိန်ကနေ ပဲတောင့်များ ရင့်တဲ့အထိကို တစ်လခန့် ကြာမြင့်ပါတယ်။ ပန်းပွင့်များ ကြွေကျမှုမရှိပဲ အသီးတင်မှုဖြစ်လာမယ့် အစေ့များ ဖြစ်ထွန်းလာမှုအတွက်ကတော့ ပရိုတင်းဓာတ်နဲ့ နိုက်ထရိုဂျင်ဓာတ်တို့ လိုအပ်ပါတယ်။ ရေကိုလည်း လိုအပ်ပါတယ်။

နိုက်ထရိုဂျင်ဓာတ် ရရှိမှု နည်းလာတဲ့အချိန်မှာ ပန်းပွင့်ချိန်နဲ့ ပဲတောင့်ရင့်မှုကာလဟာ တိုလာတက်ပါတယ်။ ပဲတောင့်ရင့်ရန် ကာလတိုလာလျှင် ပဲအထွက်နှုန်းကလည်း နည်းတတ်ပါတယ်။ ပဲပင်များ ပန်းပွင့်ပြီးနောက်ပိုင်းကာလမှာ အသီးများ အသီးအနံှ့နှင့် အစေ့အဆံများ ပြည်ဖြိုးစေရန်အတွက်ကတော့ ရွက်ဖြန်းမြေသြဇာ လိုအပ်ပါတယ်။ ပဲစိုက်တောင်သူများအနေနဲ့ကလည်း ရွက်ဖြန်းမြေသြဇာကို သင့်တင့်သောအချိန်မှာ ဖြန်းပေးရမှာပဲ ဖြစ်ပါတယ်။ ပဲတီစိမ်း ရောင်းဝယ်နေသူတစ်ဦးဖြစ်တဲ့ ကျောက်တန်းမြို့နယ် ဦးချန်စိန်ပွဲရုံပိုင်ရှင် ဦးချန်ရှိန်က အခုလို ရှင်းပြပါတယ်။

“အခုအနေမှာတော့ ပဲဈေးကွက်ကတော့ မနှစ်ကနဲ့စာရင်တော့ နည်းနည်းမြင့်တယ်ပေါ့။ မနှစ်ကတော့ ဒေါ်လာ တစ်ထောင်ဝန်းကျင်လေ ဒီနှစ် ထောင့်နှစ်ရာဝန်းကျင်ဆိုတော့ ပဲဈေးက မနှစ်ကထက် နည်းနည်းမြင့်ပါတယ်။ ဝယ်ယူမှုအပိုင်းကတော့ မနှစ်ကထက်ကို နဲနဲကွာခြားတယ်။ ဒီနှစ် တောင်သူတွေက မျိုးပဲကို ငါးသောင်းလောက် ဝယ်ပြီးတော့ စိုက်ရတဲ့အတွက် အခု ပြန်ရောင်းတဲ့အချိန်မှာ လေးသောင်းတစ်ထောင် ဝန်းကျင်ဆိုတော့ သူတို့အနေနဲ့ ဈေးနည်းတယ်ထင်ပြီးတော့ တောင်သူတွေက ငွေလိုသလောက်ရောင်းပြီးတော့ ကျန်တဲ့ပဲတွေကို အပ်ပါတယ်။

ခါတိုင်းကတော့ ရောက်လာတဲ့ပဲတွေကို ဈေးကြိုက်တော့ အကုန်ရောင်းတယ်။ ဒီနှစ်ကျတော့ တချို့တစ်ဝက်ရောင်းပြီးတော့ တော်တော်များများဟာ အဝယ်ဒိုင်တွေကို အပ်ပါတယ်။ ပဲဈေး အတက်အကျကတော့ ကျွန်တော်တို့ ၁၂၉၀၀၀ ကနေပြီးတော့ ၁၂၃၀၀၀ အတွင်းမှာ ပဲဈေးအတက်အကျရှိတယ်။ သုံးတင်းအိတ်ကို ကျွန်တော်တို့ ပဲတွေကို တောင်သူတွေက ကျွန်တော်တို့ဆီ လာရောင်းတဲ့အခါမှာ တစ်တင်းခွဲအိပ်ပေါ့။ အချိန် သုံးဆယ်နဲ့ ချိန်ယူပါတယ်။ ချိန်ပြီးရင် ကျွန်တော်တို့ ဒီမှာ ပဲတွေကို ပြန်ပြီးတော့ ညီအောင်ပုံတယ်။ ပုံပြီးတော့ အချိန်သုံးဆယ်အိတ်တွေနဲ့   ပြန်ထည့်ပြီးတော့ ရန်ကုန်ကို တင်ပို့ ရောင်းချပါတယ်။

ပဲဈေးကတော့ ပေါ်ဦးကာလမှာ ဈေးရပြီးတော့ ကျွန်တော်တို့ ပဲဦးကောင်းတဲ့အချိန်မှာ ဈေးရတယ်။ နောက် ပဲ ညံ့သွားတဲ့အချိန်ကျရင် ဈေးတွေကကျတယ်။ ကျပြီးတော့မှ ကျွန်တော်တို့   ဖေဖော်ဝါရီလဆန်းမှာ ပေါ်တယ်ပေါ့။ လဆန်း ၁၀ ရက်လောက်မှာပေါ်ပြီးတော့ ၂၀ ရက်လောက်မှာ ပဲဈေးနဲနဲသင့်ပြီးတော့ ၂၀ ရက်ကနေ လကုန်ပိုင်းကို ပဲဈေးက နဲနဲပြန်ဆင်းသွားတယ်။ ဆင်းပြီးတော့ ကျွန်တော်တို့ မတ်လ ၁၅ ရက်လောက်ဆိုရင် နောက်ပဲတွေ ပေါ်လာတယ်။

 ပဲကွာလတီ အရည်အသွေး ညံ့လာတဲ့အခါမှာ ပဲဈေးက ပြန်ကျသွားတယ်။ ကျပြီးတော့ သြင်္ကန်နားနီးပြီးမှ ဧပရယ်လဆန်းလောက် ဟိုဘက်မှာ ပဲဈေးက ပြန်တက်ပါတယ်။ ဒီနှစ်ကတော့ ကျွန်တော်တို့ တောင်သူတွေအတွက် ရာသီဥတု ဖောက်ပြန်တဲ့အတွက် ကုန်ကျစရိတ် ပိုများတယ်။ ပိုးကျတဲ့အတွက် ပိုးသတ်ဆေးတွေ ခါတိုင်းနှစ်ထက် နှစ်ဆသုံးရတယ်။ လေဘာ ရှားပါးတဲ့အတွက် သူတို့မှာ အခက်အခဲရှိတယ်။ သူတို့အတွက် တစ်တင်းကို လေးသောင်းအောက်ဆိုရင် သူတို့အတွက် သိပ်မကျန်တော့ဘူး။ တစ်တင်းကို လေးသောင်းအပေါ်မှာဆိုရင်တော့ တောင်သူတွေ ခံသာတယ်ပေါ့။ အခုလက်ရှိကတော့ ၄၀၅၀၀ ရှိတယ်။ မနေ့ကတော့ ၄၁၀၀၀၊ ဟိုရှေ့ကရက်ကတော့ ၄၁၅၀၀၊ အခုကတော့ အကျဘက်ကို ဦးတည်သွားတယ်။

ဟုတ်ကဲ့ ကျွန်တော်တို့ ဒီဘက်မှာတော့ ရန်ကုန်တိုင်း ကျောက်တန်းကတော့ စိုက်ဧက တစ်သိန်းခွဲ ရှိတဲ့အနက်မှ ခြောက်သောင်းလောက် စိုက်ပါတယ်။ ပင်လယ်နဲ့ နီးတဲ့အခါကျတော့   ရေငံတွေရောက်တဲ့အတွက် မစိုက်ကြဘူး။ အိတ်အရေအတွက်နဲ့တွက်ရင် လေးသိန်းပေါ့။ တန်ချိန်နဲ့တွက်မယ်ဆိုရင်တော့ တန်ချိန် နှစ်သောင်းလောက်ထွက်တယ်။ ကျွန်တော်တို့နယ်က။ ကျွန်တော်တို့ အီးယူကတော့ ကျွန်တော်တို့ရဲ့ ရန်ကုန်မှာရှိတဲ့ ကုမ္ပဏီနဲ့ ချိတ်ပြီးတော့ ဝယ်ယူပါတယ်။ အီးယူက ကွာလတီကိုစစ်တယ်။ ကွာလတီကောင်းရင် ဈေးပေးတယ်။ ဒါပေမယ့် ဒီနှစ်က ပဲကွာလတီက ခါတိုင်းနှစ်ထက်စာရင် ကွာလတီနိမ့်တယ်။ ကျွန်တော်တို့ ပဲပေါ်ကာစမှာ မိုးရွာလိုက်လို့ ကျွန်တော်တို့ တရုတ်ပေါ့။ မူဆယ်လမ်းက တရုတ်က ဝယ်တယ်။ အန္ဒိယတို့ ကိုရီးယားတို့ တိုင်ဝမ်တို့ ဂျပန်တို့ အရှေ့တောင်အာရှ အင်ဒိုနီးရှားတို့က ဒီနှစ် ပဲမဝယ်သေးပါဘူး။ အဲဒါတွေအားလုံး အကုန်စုံပြီးဝယ်ရင်တော့ ပဲဈေးက ပြန်သာပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly