မကွေးတိုင်းဒေသကြီးတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် နွေစပါးစိုက်ပျိုးရာတွင် သက်တမ်းတိုစပါးမျိုးများ အားထားစိုက်ပျိုး

မကွေးတိုင်းဒေသကြီးတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် နွေစပါးစိုက်ပျိုးရာတွင် သက်တမ်းတိုစပါးမျိုးများ အားထားစိုက်ပျိုး

ထီးလင်း၊ မတ် ၂၄ ။            ။ မကွေးတိုင်းဒေသကြီးတွင် အပူအားပြင်းသောအယ်လ်နီညိုရာသီဖြစ်စဉ်များကြောင့် လယ်ယာမြေများတွင် သက်တမ်းတို စပါး မျိုးများကို အဓိကထား၍ စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ရပ်မကွင်းဒေသ လယ်ယာမြေများတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ယခုနှစ် နွေစပါးများအတွက် သက်တမ်းတို စပါးမျိုးများဖြစ်သည့် ဗီယက်နမ်ပုလဲသွယ်စပါးမျိုးများနှင့် ရတနာတိုးစပါးမျိုးများကို အဓိကထား၍ စိုက်ပျိုးလျှက်ရှိကြောင်း ဒေသခံ တောင်သူလယ်သမားများထံမှ သိရသည်။

ယင်းဒေသတွင် ဖြတ်သန်းစီးဆင်းသည့် မောချောင်းမှ ရေသွယ်ယူ၍ နွေစပါးများစိုက်ပျိုးလျှက်ရှိပြီး၊ ယခုနှစ်တွင် (၁၉၁)ဧက စိုက်ပျိုးမည်ဖြစ်ရာ (၁၄၈)ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါစိုက်ကွင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ရတနာတိုးမျိုးသန့်စပါးခင်း (၁၀)ဧကကိုလည်း စံပြစိုက်ကွင်းအဖြစ် စိုက်ပျိုးထားသည်။ လာမည့် မိုးစပါးရာသီတွင်လည်း ဒေသနှင့် ကိုက်ညီမှုရှိသည့် ရတနာတိုးစပါးမျိုးများကို တောင်သူများလွယ်ကူစွာစိုက်ပျိုးနိုင်ရန် မျိုးစပါးများ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဌာနမှ သိရသည်။

သောက်သုံးရေနှင့်စိုက်ပျိုးရေ ရှားပါးမှုအခတ်အခဲများ ကြုံတွေ့လာနိုင်သည့် အပူအားပြင်းသော အယ်လ်နီညိုရာသီ၌ သက်တမ်းရင့်(စပါး၊နှမ်း၊ ပဲတီစိမ်း)မျိုးများနေရာတွင် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းသောမျိုးစေ့များ အစားထိုးစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မကွေးတိုင်ဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက သက်တမ်းတိုပြီး၊ အထွက်နှုန်းကောင်းသော မျိုးစေ့များ အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူ မျိုးသန့်ခြံတွင် မျိုးစပါးတင်း(၄၀၀၀)ခန့် သိုလှောင်ထားသည်။ ထို့ပြင် မကွေးတိုင်းအတွင်းရှိ (၂၅)မြို့နယ်တွင်လည်း တင်း(၂၀၀/၃၀၀)ခန့်စီ အသင့်သိုလှောင်ထားပြီးဖြစ်ကြောင်း ပြောပြသည်။

"အဲဒီ သိုလှောင်ထားတဲ့မျိုးစေ့တွေက "ရတနာတိုး၊ဆင်းသုခ"တို့လို သက်တမ်းတိုစပါးမျိုးတွေအပြင် ပဲတီစိမ်း (ရက်(၆၀)မျိုး)၊ နှမ်းအတွက် ဆင်းရတနာ-၃၊စမှုံနက်နှမ်း စတဲ့သီးနှံမျိုးများကို အကျိုးဆောင်တောင်သူတွေနဲ့ ပူးပေါင်းပြီး မျိုးစေ့ထုတ် သိုလှောင် ထားတာပါ။သက်တမ်းတိုမျိုးစေ့များကို စိုက်ပျိုးရင် စိုက်ပျိုးရေလိုအပ်ချက်ကို လျော့ချနိုင်သလို အထွက်နှုန်းမကောင်းမှာကိုလည်း စိတ်ပူစရာမရှိဘူး။" - ဟု ၎င်းက ဆက်၍ပြောသည်။

ထို့ပြင် သီးနံှစိုက်ပျိုးသည့်အခါ ရေအနည်းငယ်သာလိုအပ်သည့် သက်လျင်သီးနှံ (သက်တမ်းတိုး၊ရတနာတိုး၊ရက်၉၀စပါး)ပျိုး ထောင်ပြီး၊စိုက်ပျိုးရန်နှင့် ရေရရှိမှုနည်းပါးသည့်နေရာများတွင်လည်း သက်တမ်းတို(နွေနှမ်း၊ပဲတီစိမ်း၊နေကြာ)သီးနှံမျိုးများကို ရွေးခြယ်စိုက်ရန်လိုအပ်ကြောင်း မကွေးတိုင်ဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက အကြံပြု ပြောကြားသည်။

မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဌာနအနေဖြင့် တောင်သူပညာပေးစည်းရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး အကျိုးဆောင် တောင်သူများထံမှ ဝယ်ရင်းဈေးအတိုင်း မျိုးစေ့ပံ့ပိုးခြင်း၊ စိုက်ပျိုးရေးနည်းပညာအကူအညီပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊တောင်သူဦးကြီးများအတွက် (၂၀၁၆)ခုနှစ်အတွင်း အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်နိုင်မှုအပေါ် လိုက်နာဆောင်ရွက်ရန် နှိုးဆော်ချက်(၉)ချက် ပါသည့် အလျား(၆)ပေအနံ(၃)ပေရှိ ဗီနိုင်းဆိုင်းဘုတ်များကိုလည်း မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ကျေးရွာအနှံ့ စိုက်ထူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly