သမ္မတနှင့် ဒု သမ္မတများ လွှတ်တော်အမတ် မဖြစ်သင့်ဟု တပ်မတော်သား အမတ်ပြော

သမ္မတနှင့် ဒု သမ္မတများ လွှတ်တော်အမတ် မဖြစ်သင့်ဟု တပ်မတော်သား အမတ်ပြော

နေပြည်တော်၊  ဇွန် ၃၀ ။       ။ ပုဒ်မ ၄၃၆ (ခ)ကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပါဝင်သည့် ပုဒ်မ ၆၂၊ ၆၃၊ ၆၄ တို ့ကို ပယ်ဖျက်ရန်  ပြင်ဆင်ချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြေခံမူများနှင့် မကိုက်ညီကြောင်း၊ သမ္မတနှင့် ဒု သမ္မတများ လွှတ်တော်အမတ် ဖြစ်ခဲ့လျှင် ပါတီနိုင်ငံရေးနှင့် အမျိုးသားနိုင်ငံရေး ရောထွေးကာ အာဏာ သုံးရပ်တို့အပြန်အလှန် ထိန်းကြောင်းနိုင်ရေးကို ထိခိုက်စေနိုင်သဖြင့် အဆိုပါ ပုဒ်မတို့ကို မပယ်ဖျက်ဘဲ မူလအတိုင်း ထားရှိသင့်ကြောင်း တပ်မတော် သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်းက ပြည်ထောင်စုလွှတ်တော်သို့တင်ပြဆွေးနွေးခဲ့သည်။

“ပုဒ်မ ၆၂ ပါ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် မည်သည့် လွှတ်တော်ကိုယ်စားလှယ်မျှ မဖြစ်စေရ ဆိုတဲ့ ပြဌာန်းချက် ဟာ အခန်း (၁) နိုင်ငံတော်အခြေခံမူများနဲ့ရှေ့က ပြဌာန်းပြီးသော သမ္မတ၊ ဒုတိယသမ္မတများနဲ့ပတ်သက်သည့် ကန့်သတ်ချက် များကို ပိုမိုတိကျခိုင်မာစေရန် ပြဌာန်းခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်၊ ပုဒ်မ ၆၂ ဟာ နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၃၈(က)၊ (ခ) နဲ့ ပုဒ်မ ၆၀(ဂ)  တို့နဲ့ ဆက်စပ်နေတာကို သတိပြုရမှာဖြစ်ပါတယ်၊ နိုင်ငံတော် သမ္မတနဲ့ဒု သမ္မတ များဟာ လွှတ်တော်ကိုယ် စားလှယ် ဖြစ်နေပါက သဘောသဘာဝ မတူတဲ့ အုပ်ချုပ်ရေးနဲ့ဥပဒေပြုရေး တာဝန်တွေကို ပူးတွဲထမ်းဆောင်နေသလို ဖြစ်နေပြီး သမ္မတဦးဆောင်တဲ့ ဒီမိုကရေစီစနစ်ကို အားလျော့စေနိုင်ပါတယ်” ဟု ၎င်းက ဝေဖန်ထောက်ပြခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပါဝင်သည့် ပုဒ်မ ၄၃၆ (ခ) ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ယနေ့ပြညထောင်စု လွှတ်တော်၌ စတင်ဆွေးနွေးကြရာ လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးတို့ဆွေးနွေးရန် မူလက လျာထားသော်လည်း အစည်းအဝေး နံနက်ပိုင်းတွင် အခြား အစီအစဉ်များလည်း ရှိခဲ့သဖြင့် အချိန်မလုံလောက်သောကြောင့် ၁၀ ဦးသာ ဆွေးနွေးနိုင်ခဲ့သည်။

ယနေ့ဆွေးနွေးကြသူ ၁၀ ဦးတွင် ပါဝင်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အခြားတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး မြင့် ဟန်ကလည်း ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အားလုံးက သဘောတူ ဖြည့်စွက်ထားသည့် ပုဒ်မ ၁၁၅ (င) နှင့် ၁၄၇ (င) တို့ကို ဖြည့်စွက်ရန် မသင့်ကြောင်း ထောက်ပြခဲ့သည်။

အဆိုပါ ပုဒ်မ နှစ်ခုမှာ “ပြည်သူ့လွှတ်တော်က  ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်များကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အဖြစ် သတ်မှတ်သည်။” နှင့် “အမျိုးသားလွှတ်တော်က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်များကို ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းအဖြစ် သတ်မှတ်သည်။” ဟူသည့် ဖြည့်စွက်ချက်များဖြစ်သည်။

“လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အချိန်ယူပြီးမှ အခါခါ စဉ်းစားပြီးမှ ပြင်ဆင်ရမယ့် ဥပဒေဖြစ်ပါတယ်၊ အချိန်ယူ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေမှာလည်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုတဲ့ စကားရပ်နဲ့ပတ်သက်ပြီးတော့မှ သီးခြားအဓိပ္ပါယ်ဖွင့်ဆိုတာ မပါတဲ့အတွက် ဒီဖြည့်စွက်ချက်တွေကို ဖြည့်စွက်ဖို့ အခုအချိန်ဟာ လျော်ကန်သင့်မြတ်တဲ့ အခြေအနေနဲ့အချိန်အခါ မဟုတ်သေး ပါဘူး” ဟုဆွေးနွေးခဲ့သည်။

ယနေ့စတင်ဆွေးနွေးသည့် ၄၃၆ (ခ)တွင် “တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များခန့်အပ်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ရမည့်အပြင် ၎င်းလွှတ်တော်များကို ရွေးချယ်ခန့်အပ်သူ ဖြစ်ရမည်” ဟူသည့် ပုဒ်မ ၂၆၁(ခ) နှင့် ၂၆၁(ဂ) စသည့် တပ်မတော်သားများ ကန့်ကွက်နိုင်သည့် ပြင်ဆင်ချက်များလည်း ပါဝင်သည်။

ဇွန် ၃၀၊ ဇူလိုင် ၁၊ ၂ နှင့် ၃ တို့တွင် ဆက်လက်ဆွေးနွေးပြီး အတည်ပြုနိုင်ရန် မူလက ရည်မှန်းထားသော်လည်း သုံးရက်နှင့် မပြီးပါက ရှေ့အပတ်တွင် အပြီး ဆုံးဖြတ် အတည်ပြုသွားမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြော သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly