အရှေ့အလယ်ပိုင်း နိုင်ငံများကပါ မတ်ပဲဝယ်ယူမှုများရှိလာသဖြင့် မတ်ပဲစျေးပြန်တက်လာ

အရှေ့အလယ်ပိုင်း နိုင်ငံများကပါ မတ်ပဲဝယ်ယူမှုများရှိလာသဖြင့် မတ်ပဲစျေးပြန်တက်လာ

ရန်ကုန် ၊ မတ် ၂၅ ။             ။ မတ်ပဲကို ယူအေအီးနိုင်ငံများကပါ ဝယ်ယူမှုများရှိလာသည့် အတွက် မတ်ပဲဈေးပြန်လည်မြင့်တက် လာကြောင်း မြန်မာနို်င်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူးဦးမင်းကိုဦးက ပြောသည်။

ဦးမင်းကိုဦးက``မတ်ပဲဈေးပြန်တက်တယ်ဆိုတာက ပြည်ပဝယ်လိုအားတက်တာတွေကြောင့်လည်းပါပါတယ်။အိန္ဒိယ အပြင် အခြားနိုင်ငံတွေကပါ ဝယ်ယူမှုတွေပိုလာတာကြောင့်လည်း ဖြစ်ပါတယ်’’ဟုပြောသည်။

ပြည်တွင်းမတ်ပဲဈေးဟာ မတ်လ လဆန်းမှစတင်ကာ တစ်တန်ကို ကျပ် ၁၂ သိန်း မှ ၁၃ သိန်း ကြား ဈေးအနိမ့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တာဖြစ်ပြီး မတ်လ ဒုတိယပတ်အတွင်းမှသာ တစ်တန်ကို ကျပ် ၁၄ သိန်း မှ ၁၅ သိန်းကြား ဈေးအမြင့်ဖြင့်အရောင်းအဝယ်ဖြစ်လာကြောင်း ဘုရင့်နောင်ကုန် စည်ဒိုင်က ထုတ်ပြန်သည့် နေ့စဉ် မတ်ပဲဈေးနှုန်းများအရသိရသည်။

မြန်မာနိုင်ငံမှ မတ်ပဲ ကိုအိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့နေတာဖြစ်ပြီး အခြားနိုင်ငံ တွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် ၊ မလေးရှား ၊ ပါကစ္စတန် နိုင်ငံများ ကိုလည်း တင်ပို့ရောင်းချနေသည်။

ယူအေအီးနိုင်ငံများကပါ ဝယ်ယူမှုများရှိလာသည့် အတွက် ပြည်တွင်းမတ်ပဲဈေးနှုန်း များ မြင့်တက်လာခြင်းဖြစ်ကြောင်း ပဲကုန်သည်များက ခန့်မှန်းပြောဆိုကြသည်။

မတ်ပဲဟာ ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းမှာ အသစ်ပေါ်လာတာဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်းက မတ်ပဲ တန်ချိန် ၄ သိန်းကျော်သာ ထွက်ရှိခဲ့ကာ ယခုနှစ်တွင် မတ်ပဲတန်ချိန် ၆ သိန်းခန့်ထွက်ရှိနိုင် မည်ဟုခန့်မှန်းပြောဆိုနေမှုများလည်းရှိသည်။

ယခင်နှစ် စက်တင်ဘာလက တစ်တန်ကို ကျပ် ၁၅ သိန်းကျော်ပေါက်ဈေးရှိခဲ့သည့် မတ်ပဲဈေး သည် အောက်တိုဘာ ဒုတိယအပတ်အတွင်း တစ်တန်ကို ကျပ်၂၅ သိန်းအထိ ဈေးနှုန်းမြင့် တက်လာကာ ပြည်တွင်းမှ ပဲမျိုးစုံကို ပြည်ပသို့ လွတ်လပ်စွာ တင်ပို့မှုုပြုခဲ့သော ၂၅ နှစ်တာ ကာလ အတွင်း အမြင့်ဆုံးစံချိန်တင် ဈေးနှုန်းများဖြစ်ခဲ့သည်။

လက်ရှိမတ်ပဲဈေးသည် ၂၀၁၆ ခုနှစ်အတွက် ပြည်ပတင်ပို့မှုစတင်သည့် ဖေဖော်ဝါရီလ ၁၀ ရက်က မတ်ပဲ(SQ/RC)တစ်တန်ကို ကျပ် တစ်ဆယ့်ခြောက်သိန်း ဈေး ကို ရှိနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly