မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ဖမ်းဆီးထောင်ချနေမှု သံသရာအဆုံးသတ်ရေး အစီရင်ခံစာထုတ်ပြန်

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ဖမ်းဆီးထောင်ချနေမှု သံသရာအဆုံးသတ်ရေး အစီရင်ခံစာထုတ်ပြန်
ဓာတ်ပုံ-ဇော်ခမ်းဟိန်း
 

 ရန်ကုန်၊ မတ် ၂၅ ။            ။ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ဖမ်းဆီးထောင်ချနေမှု သံသရာအဆုံးသတ်ရေး အတွက် ထုတ်ဖော်မှုအသစ်များနှင့် ဖိနှိပ်မှုအဟောင်းများခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်စောင် မတ် ၂၄ရက်နေ့က ရန်ကုန်မြို့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအစီရင်ခံစာတွင် နိုင်ငံရေးအရ ဖမ်းဆီးအကျဉ်းချခံမှုများသမိုင်း၊ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဖမ်းဆီး အကျဉ်းချမှုများ တိုးလာခြင်း၊ ဖိနှိပ်သော ဥပဒေမူဘောင်များ၊ နိုင်ငံရေး အရ ဖမ်းဆီးအကျဉ်းချ နေမှု သံသရာ အဆုံးသတ်ရေး အကြံပြုချက်များပါဝင်သည်။

''လုပ်ရှားမှုပြုလုပ်သူတွေ၊ အခြားလှုံ့ဆော်သူတွေကို ပုဒ်မထုတ်ပြီး နှစ်ရှည်ထောင်ချတယ်။ နောက်ပြီး ပုဒ်မ ၅၀၅(ခ) အာမခံမရဘူး၊ အာဏာပိုင်တွေမနှစ်သက်ရင်ဒီပုဒ်မနဲ့စွဲတယ်။ နောက်တခါ ရုံးချိန်း ဘယ်တော့လဲဆိုတာမသိနိုင်ဘူး။ လှုပ်ရှားသူတွေ လမ်းပေါ်မရောက်အောင် ထုတ်ထားတဲ့ ပုဒ်မဘဲ။ သတင်းမီဒီယာသမားတွေလဲ ဖမ်းဆီးခံနေရတယ်။ လွန်ခဲ့တဲ့တစ်နှစ်ကျော်က လှုပ်ရှားမှုပြုခဲ့တဲ့ (၈၈) ကျောင်းသားတစ်ဦးကို ပြီးခဲ့တဲ့လကမှ တရားစွဲတယ်။ ဒီလိုတွေမဖြစ်အောင် နောက်လာမယ့် အစိုးရကို အကြံပြုနိုင်အောင်လို့ ဒီအစီရင်ခံစာထုတ်ရခြင်းဖြစ်ပါတယ်'' ဟု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့မှ တောင်အာရှနှင့် အရှေ့တောင်အာရှဆိုင်ရာ ညွန်ကြားရေးမှူး Ms.Champa Patel က ပြောကြားသည်။

မြန်မာနိုင်ငံ၏ မှန်ကန်သည့်ပြုပြင်ပြောင်းလဲရေးအချိန်ကို အခွင့်ကောင်းယူပြီး အစီရင်ခံစာ ထုတ်ပြန်ရခြင်းကြောင့် နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ လွတ်မြောက်ရန်၊ လွတ်မြောက်ပြီးပြန်လည် အဖမ်းမခံရစေရန်၊ လက်ရှိဥပဒေအရ အတင်းအဓ္ဓမ ဖမ်း၍မရစေရန် အစိုးရသစ်ကိုတိုက်တွန်းချင်သောဆန္ဒရှိသည်ဟု သူမက မဇ္ဈိမသို့ပြောသည်။

၂၀၁၅ ခုနှစ် ဇွန်လမှစ၍ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများ၊ တက်ကြွလှုပ်ရှားများ၊ ရှေ့နေများ၊ သတင်းသမားများ၊ လူထုအခြေပြုအဖွဲ့များ၊ အကျဉ်းကျခံနေရသူများ၏ဆွေမျိုးများ၊ (NGOs) ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ကုလသမဂ္ဂ၊ နိုင်ငံခြားသံတမန်များနှင့်တွေ့ဆုံပြီးမေးမြန်းပြီး ယခုအစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆိုသည်။

ယင်းအဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှူး Ms.Laura Haigh က အစိုးရသစ်အနေဖြင့် လောလောဆယ် ဥပဒေဟောင်းဖြင့် အခက်အခဲရှိနေအုံးမည်ဖြစ်ပြီး တပ်မတော်က အာဏာ လျော့ချဖို့ လိုအပ်ကာ ရှေ့နေ၊ တရားသူကြီးများ လွတ်လပ်စွာ ဆုံးဖြတ်ချက်မှန်ကန်စွာ ချနိုင်ရန်အတွက် ပြောင်းလဲဖို့ ခဲယဉ်းနေသေးကြောင်း ပြောကြားသည်။

ရှေ့နေချုပ်ရုံးနှင့်လုပ်ကိုင်ရသည်မှာ အခက်အခဲရှိနေပြီး အနာဂါတ်တွင် ရှေ့နေချုပ်ရုံးအပြင် အခြားအဖွဲ့များနှင့် ပူးပေါင်းကာ အစိုးသစ်ကိုဆော်သြသွားမည်ဖြစ်ကာ အပြည်ပြည်ဆိုင်ရာက သတိထားမိလျှင် အစိုးရကပိုမြင်နိုင်လိမ့်မည်ဟု ၎င်းကရှင်းပြသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ဥက္ကဋ္ဌ ဦးဘိုကြည်က နိုင်ငံရေး အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် အကုန်လွတ်ပေးမည်ဟု မျှော်လင့်ခဲ့သော်လည်း မလွတ်ပေးခဲ့ဘဲ ဦးသိန်းစိန်ထံတွင် အခြားအစီအစဉ်ရှိနိုင်ကြောင်းပြောသည်။

''နိုင်ငံရေး အကျဉ်းသားလွတ်ဖို့ ကော်မတီဖွဲ့စရာမလိုပါဘူး။ ဦးသိန်းစိန်အစိုးရကို အကုန်စာရင်း ပေးပြီးသားဘဲ။ လွတ်ပေးချင်ရင်လွတ်လို့ရပါတယ်။'' ဟု၎င်းကဆိုသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့က သမ္မတဦးသိန်းစိန်သည် လန်ဒန်မြို့ Chatham House ၌ ''ကျွန်တော်ကတိပေးပါတယ်။ ဒီနှစ်ကုန်ရင် မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ တစ်ယောက်မှ မရှိစေရတော့ပါဘူး'' ဟုပြောခဲ့ဖူးသည်။

သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ် မတ်လမှ စတင်၍ လွတ်ငြိမ်းချမ်းသာခွင့်၊ သက်သာခွင့် အကြိမ် (၂၀) ကြေညာခဲ့ပြီး နိုင်ငံရေးအကျဉ်းသားပေါင်း ၁၁၀၀ ကျော်လွတ်ပေးခဲ့သော်လည်း လက်ရှိ တစ်ရာဦးကျော်ကျန်ရှိနေသေးသည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

လူ့အခွင့်အရေးချိုးဖောက်ခံရသည့် အမှုများအားရှေ့နေလိုက်ပေးနေသူ ဦးရောဘတ်စန်းအောင်က လည်း ''အပြစ်ရှိလို့လွတ်ငြိမ်းခွင့်ပေးတာ။ ကျောင်းသားတွေမှာအပြစ်မရှိဘူး။ ကျွန်တော်တို့ပြောတာ လွတ်ငြိမ်းခွင့်ထက် ပိုမြင့်မားတဲ့ အမှုပိတ်သိမ်းဖို့ အုပ်ချုပ်ရေးက တရားစီရင်ရေးမှာ ဝင်မစွက်ပါဘူးလို့ ပြောတာဟာ ခေတ်သစ်ဟာသဘဲ။ အမျိုးသားလွတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုယ်တိုင် ကျောင်းသားတွေကို ဖမ်းတာဟာ မှားတယ်လို့ပြောပြီးပြီ။ လူ့အခွင့်အရေးတွေ အဆင့်ဆင့် ချိုးဖောက် နေတဲ့အမှုတွေကို ပိတ်သိမ်းပေးဖို့လိုပါတယ်လို့ တောင်းဆိုချင်ပါတယ်။'' ဟုပြောကြားသည်။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့သည် ကမ္ဘာ့လူသားတိုင်း လူ့အခွင့်အရေး ရရှိခံစားနိုင်ရန် ကြိုးပမ်းလှုံ့ဆော်နေသည့် အဖွဲ့ဖြစ်ပြီး နိုင်ငံပေါင်း (၈၀) ကျော်တွင်ရုံးရှိကာ လူပေါင်း (၇) သန်းကျော် ပါဝင်သော အဖွဲ့ဖြစ်၍ နိုင်ငံများထည့်ဝင်သည့် အဖွဲ့ဝင်ကြေးနှင့် လှူဒါန်းငွေများဖြင့် ရပ်တည်နေသော အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly