ခွင့်လွှတ်မလား၊ ခွင့်မလွှတ်ဘူးလား

ခွင့်လွှတ်မလား၊ ခွင့်မလွှတ်ဘူးလား

မတ် ၂၄ တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်က လူထုသမ္မတဦးထင်ကျော် တင်ပြ သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများစာရင်းကို ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်သည်။ ပြဿနာမှာ ဝန်ကြီးများစာရင်းထဲပါသူ ဝန်ကြီးလောင်းတချို့သည် ဘွဲ့လက်မှတ်ကိစ္စနှင့်ပတ်သက်၍ အငြင်းထွက် သူများ ဖြစ်နေကြသည်။ ပြည်သူအများစုသည် ထိုသူများကို ခွင့်လွှတ်ထိုက်သည်လား၊ သို့တည်းမ ဟုတ် ခွင့်မလွှတ်ထိုက်ဘူးလား။

အင်န်အယ်လ်ဒီသည် ၈၈၈၈ လူထုလှုပ်ရှားမှု ဒီမိုကရေစီ အရေးတော်ပုံကြီးမှ ပေါက်ဖွားလာ သော လူထုပါတီဖြစ်သည်။ အင်န်အယ်လ်ဒီဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို   ပြည်သူအများစုက တခဲနက် ထောက်ခံအားပေးကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၃၀ နီးပါး ဒီမိုကရေစီလှုပ်ရှားမှုှုကို မရွံ့တမ်း ဦးဆောင် ပါဝင်ခဲ့သူဖြစ်သဖြင့် မြန်မာပြည်တွင်းသာမက ကမ္ဘာသို့တိုင် ကျော်ကြားထင်ရှားသူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထု၏ ချစ်ခင်ကိုးစား ယုံကြည်မှုသည် နှစ်ပေါင်း ၃၀ ကာလ အတွင်း မပျက်တမ်း မလျော့တမ်း ရှိခဲ့သဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ သည် တောင်ပြိုကမ်းပြိုနိုင်ပြန်သည်။ ပြည်သူအများစုသည် စစ်အာဏာရှင်နှင့် နောက်လိုက်များက နှစ်ပေါင်း ၅၀ ကျော်ကြာ ထင်သလိုလုပ်ပြီး တိုင်းပြည်ကို အဓမ္မအုပ်ချုပ်ခဲ့သဖြင့် ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်သွားခဲ့သော မြန်မာကို ကမ္ဘာ့အဆင့်အတန်းရှိ နိုင်ငံပြန်ဖြစ်လာရန် ဒေါ်အောင်ဆန်းစုကြည်၏ လက်သို့ ဝကွက်အပ်လိုက်ခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခဲ့သော လွှတ်တော်ဥက္ကဋ္ဌများကို တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးနှင့် တိုင်းရင်းသား အခွင့်အရေးများအတွက်ပင် နှစ်ထောင်းအားရ ဖြစ်ခဲ့ကြသည်။ သို့တိုင် အင်န်အယ်လ်ဒီ အစိုးရခေါင်းဆောင် ဖြစ်လာမည့် လူထုသမ္မတ ဦးထင်ကျော်က အမည်စာရင်းတင် သွင်းခဲ့သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများစာရင်း၌ ပညာအရည်အချင်းနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာ ဝန်ကြီးလောင်းတချို့ ပါဝင်လာသည်တွင် ပြည်သူတချို့အတွက် ပြောစရာဆိုစရာ ဝေဖန်ထောက် ပြစရာ ဖြစ်လာခဲ့သည်။

ပြည်သူအများစုက ဒေါ်အောင်ဆန်းစုကြည်ကို ကိုးစားယုံကြည်ပြီးဖြစ်ရာ ဒေါ်အောင်ဆန်းစု ကြည် စီမံသမျှကို အကောင်းမြင်ကြမည်သာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဝန်ကြီး အဖြစ်နှင့် အစိုးရအဖွဲ့ထဲ ဝင်လာသည်ကိုလည်း ကြိုဆိုခဲ့ကြသည်သာဖြစ်သည်။ သို့သော် ဝန်ကြီး တချို့၏ ပညာအရည်အချင်းဆိုင်ရာ အငြင်းထွက်ချက်ကို ကိုင်တွယ်သည်မှာ အားရစရာမကောင်းလှ သေးပါ။ အဆိုပါဝန်ကြီးများသည် နိုင်ငံတကာနှင့် ဆက်သွယ်၊ စည်းဝေး၊ ဆောင်ရွက်ရာတွင် မြန်မာ့ဂုဏ်သိက္ခာကို မထိပါးစေလိုသည်မှာ တတ်သိနားလည်သူ ပြည်သူများ၏ ကောင်းသော စိတ်ဆန္ဒမှန်များဖြစ်သည်။
အစိုးရဝန်ကြီးများသည် ပညာရပ်ဆိုင်ရာများတွင် တဖက်ကမ်းခတ်ကျွမ်းကျင်သူများဖြစ်ရန် မလိုပါ၊ ရိုးသားသူများ ဖြစ်ရန်ကား လိုအပ်ပါသည်။ ကိုယ်ကျိုးအတွက် သို့မဟုတ် တစုတဖွဲ့အတွက်   ဆောင်ရွက်မည့်သူများ မဖြစ်စေရပါ၊ ပြည်သူကို မျက်နှာမူမည့်သူများ ဖြစ်စေရန် လိုပါသည်။ ယခု နောက်ဆုံးသတင်းများအရ ဝန်ကြီးလောင်းတဦးက သူရယူထားသော ဘွဲ့လက်မှတ်မှာ အဆင့်အ တန်းမမီသော ဘွဲ့လက်မှတ်ဖြစ်ကြောင်း ဝန်ခံထားပြီးလည်း ဖြစ်သည်။

သို့ဆိုလျှင် ဒီမိုကရေစီရေး လူ့အခွင့်အရေးအတွက် မည်မျှအနစ်နာခံထားသည်ဖြစ်စေ၊ ရိုးရိုးသားသား မှားယွင်းပါသည်ဟု မည်မျှပြောဆိုသည်ဖြစ်စေ မဲဆန္ဒရှင်ပြည်သူများက ခွင့်လွှတ်ပါ မည်လား၊ ခွင့်မလွှတ်ဘူးလားဆိုသည်မှာ အချိန်ကိုက်ပေါ်ထွက်လာသည့် မေးခွန်းဖြစ်သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူတရပ်လုံးသည် မိမိတို့၏ လက်သန်းလေးများကို မှင်စွန်းခံပြီး ပိုမိုကောင်းမွန်သော မဏ္ဍိုင်များ ပေါ်ထွက်လာစေရန် ကြိုးစားပမ်းစား ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

မတ် ၂၄ ပြည်ထောင်စုလွှတ်တော်ကမူ ဆိုခဲ့ပါ အငြင်းထွက်သည့် ဝန်ကြီးလောင်းတချို့ အပါအဝင် ဝန်ကြီးလောင်းအားလုံးကို ကန့်ကွက်မှုမရှိဘဲ တခဲနက် အတည်ပြုခဲ့ပြီးဖြစ်သည်။ သို့သော် ပြည်သူလူထုကိုးစားယုံကြည်သည့် လူထုပါတီအင်န်အယ်လ်ဒီသည် အဆိုပါဝန်ကြီးလောင်းများကို ပြန်လည်စိစစ်ရန် တာဝန်ရှိသည်။ ယခင်က မှားခဲ့လိမ်ခဲ့ ဝါးခဲ့စားခဲ့သည်မှာ စစ်အာဏာရှင်များနှင့် အပေါင်းပါများ လုပ်ခဲ့ခြင်းဖြစ်သည်။ အင်န်အယ်လ်ဒီက တင်သည့် အစိုးရအဖွဲ့ဝင်များကိုမူ သီလသိ က္ခာရှိသော ဘုန်းတော်ကြီးများကဲ့သို့ သန့်စင်စေချင်သည်။ ထိုသို့ဖြစ်ရန်လည်း မလွဲမသွေလိုအပ်သည် ဟု မဇ္ဈိမက ယုံကြည်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly