ပြည်သူတွေအတွက် မထသလည်း ပြောင်းလဲစေချင်တယ်

ပြည်သူတွေအတွက် မထသလည်း ပြောင်းလဲစေချင်တယ်
ဓာတ်ပုံ-မဇ္စျိမ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်က ဒေါ်ခင်လှမြင့် ရေးလိုက်တဲ့ စာကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ သူရေးလိုက်တဲ့ စာထဲမှာ သူဟာ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးဖြစ်ပြီး သူ့ရုံးအနေနဲ့ ဝန်ထမ်းတွေကို ကြိုပို့စနစ်မရှိတာကြောင့် မဖြစ်မနေ နေ့စဉ် စီးနေရတဲ့ လိုင်းကားတွေအကြောင်း ပြောချင်လို့ ရေးလိုက်တဲ့ စာလို့ ဆိုပါတယ်။

သူနေတဲ့ ရန်ကင်းမြို့နယ်ကနေ ရုံးရှိတဲ့ ပန်းဆိုးတန်းကို သွားဖို့ စက်မှု ၁ မှတ်တိုင်ကနေ မထသယာဉ်လိုင်းများဖြစ်တဲ့ ၃၃၃၊ ၁၅၇ နဲ့ ၄၃ အထူးကားတွေကို စီးရပါတယ်လို့ ဆိုပါတယ်။ အရင်က ၃၃၃ ကား တချို့က မြို့ထဲမသွားပဲ အေဘီစီမှတ်တိုင်ကနေ ပြန်လှည့်တာကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှာ ရေးတာဖတ်ရပြီးနောက် သူစီးတဲ့ ၃၃ ကားတွေ ပြန်မလှည့်ကြတော့ဘဲ မြို့ထဲကို ဆက်ဆွဲနေတာတွေ   မြင်နေရတဲ့အတွက် ဒီလို ပြန်လှည့်တဲ့ကားတွေကို မကြခဏ စီးမိတဲ့ သူ့အဖို့ စာရေးပို့ အကြံရခဲ့ခြင်း ဖြစ်တယ်လို့ ရေးပါတယ်။ ၁၅၇ ကားစီးရင် တဆက်တည်း ဘယ်ကားမှ ပြန်မလှည့်ဘဲ   ပြေးဆွဲပေမယ့် ၄၃ အထူးကားတွေစီးရင် မကြခဏဆိုသလို ပြန်လှည့်နေတာကို ပြောချင်တာပါ။ ကားကို မှတ်တိုင်မှာ စစီးစဉ်က စပယ်ယာက အောက်လမ်းဆိုပြီး အော်ပါတယ်။ ကားမှတ်တိုင်တလျှောက်မှာလည်း မြို့ထဲကရောက်မယ့်မှတ်တိုင်တွေကို အော်ခေါ်တာ လူတိုင်း ကြားကြပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကားမှာစီးတဲ့ လူနည်းတယ်ဆိုပြီး မင်္ဂလာဈေးမှတ်တိုင်မှာ ကားပြောင်းပေးတာပဲဖြစ်ဖြစ်၊ ငွေ ၁၀၀ ကျပ်စီ ပြန်ပေးတာပဲဖြစ်ဖြစ် လုပ်ပြီး အတင်း ဆင်းခိုင်းတတ်ပါတယ်။

သူ ၁၀-၃-၁၆ ရက်နေ့မှာ  စက်မှု ၁ မှတ်တိုင်ကနေ ၈ နာရီမှာ ၄၃ ကားစီးပြီး ရုံးသွားပါတယ်။ မင်္ဂလာဈေးမှာလည်း ကားပြောင်းဖို့ လုပ်ပေမယ့် အဆင်မပြေလို့လားမသိဘူး ၉ နာရီလောက်မှာ စိန်ပေါလ်မှတ်တိုင်ရောက်တော့ ဂိတ်ဆုံးပြီဆိုပြီး အတင်းဆင်းခိုင်းပါတယ်။ ခရီးသည်တချို့က မကျေနပ်ကျေနပ်နဲ့ ပြောတော့ ၁ ယောက် ၁၀၀ ကျပ်စီပေးပြီး တွန်းချမတတ် ဆင်းခိုင်းတာပါ။ ၄၃ အထူးကားအမှတ် IC 1535 ဖြစ်ပြီး စပယ်ယာနဲ့ ဒရိုင်ဘာတွေရဲ့ ဆက်ဆံရေးက ခရီးသည်တွေကို မချေမငံ ပြောတာ မကျေနပ်ကြပေမယ့် သူတို့တွေနဲ့ ပြိုင်မဖြစ်ချင်လို့ ဘာမှ မပြောခဲ့ဘူးလို့ ဆိုပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့ ကားလမ်းပိတ်ဆို့မှုတွေ၊ ခရီးသည်ဦးရေများလို့ ကျပ်တည်းစွာ စီးနင်းရမှုတွေကြောင့် အချိန်ကုန်၊ လူပင်ပန်းကြရတာ အားလုံးအသိ ဖြစ်ပါတယ်။း သူစီးရမဲ့ ခရီးက ကားမှတ်တိုင် ၁ မှတ်တိုင်သာ လိုတော့ပေမယ့် ပူပြင်းလှတဲ့ နေရောင်အောက်မှာ နောက်တစ်ကားစောင့်ပြီး စီးဖို့ အဆင်မပြေသလို စိန်ပေါလ်မှတ်တိုင်နဲ့ ပန်းဆိုးတန်းမှတ်တိုင် လမ်းလျှောက်ဖို့ ဆိုတာလည်းမလွယ်လှပါဘူးလို့ ပြောပါတယ်။ ဒီလို စည်းကမ်းမဲ့နေတာ၊ စည်းကမ်းပျက်နေတာကို မထသအနေနဲ့ ထိရောက်စွာ အရေးယူစေချင်ပါတယ်။ ဒါပေမဲ့ သူမြင်တွေ့နေကြားနေရတဲ့ အတိုင်းဆိုရင် မထသအုပ်ချုပ်ရေးမှူးအောက်က ယာဉ်လိုင်းအချို့ဟာ စည်းကမ်းနဲ့ မညီကြတာကို ခရီးသွားပြည်သူတွေအနေနဲ့ မချင့်မရဲ ဖြစ်နေကြပါတယ်။ ခရီးစဉ်အစအဆုံး မဆွဲတာ၊ ခရီးသည်တွေကို မချေမငံ ဆက်ဆံတာအပြင် အချို့ယာဉ်မောင်းတွေ သတ်မှတ်နှုန်းထက် ပိုမောင်းတာကြောင့် ခရီးသွားပြည်သူတွေမှာ နေ့စဉ် အသက်အန္တရာယ်နဲ့ ကြုံတွေ့နေကြရတာကို အခြားဝန်ကြီးဌာနများနည်းတူ ပြောင်းလဲပြီး တိကျတဲ့ မူဝါဒနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ပေးစေချင်ပါကြောင်း ရေးလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly