မလေးရှားတွင် အိုင်အက်စ်နှင့် ချိတ်ဆက်မှုရှိသူ ၁၃ ဦး ဖမ်းဆီးမိ

မလေးရှားတွင် အိုင်အက်စ်နှင့် ချိတ်ဆက်မှုရှိသူ ၁၃ ဦး ဖမ်းဆီးမိ

ကွာလာလမ်ပူ၊ မတ် ၂၄ ။          ။ မလေးရှားနိုင်ငံအတွင်း အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်သည့် အဖွဲ့ငယ်များတွင် ပါဝင်သူများအဖြစ် သံသယရှိသူ ၁၃ ဦးအား အာဏာပိုင်များ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲထောက်လှမ်းရေးချုပ်က မတ် ၂၄ ရက်၌ ပြောသည်။

မွတ်စလင်ကြီးစိုးရာ မလေးရှားနိုင်ငံအတွင်း အစွန်းရောက်စစ်သွေးကြွများ စိမ့်ဝင်ပျံ့နှံ့ခြင်းအား ဖြိုခွင်းရေး ဆောင်ရွက်ဆဲ စစ်ဆင်ရေးများတွင် နောက်ဆုံးဖမ်းဆီးမှုအဖြစ် မတ် ၂၃ ရက်က ဆင်နွှဲသည့် အကြမ်းဖက်မှု ချေမှုန်းရေးအတွင်း ၎င်း ၁၃ ဦးကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

စီးနင်းဖမ်းဆီးမှုအတွင်း အိုင်အက်စ်မှတ်တမ်းမှတ်ရာများကိုလည်း မလေးရှားရဲများက သိမ်းဆည်းရမိကြောင်း ရဲထောက်လှမ်းရေးချုပ် ခါလစ်အဘူဘာကာက တွစ်တာတွင် ရေးသားခဲ့သည်။

ရဲဌာနက နိုင်ငံအတွင်း ပြည်နယ်ဒေသအားလုံးတွင် အကြမ်းဖက်စစ်ဆင်ရေးဆင်နွှဲလျက်ရှိသည်ဟု ခါလစ်က အင်တာဗျူးတစ်ရပ်တွင် ဖြေကြားပြီးနောက်ပိုင်း ယခုဖမ်းဆီးမှုအား ကြေညာချက် ထုတ်လိုက်ခြင်းဖြစ်သည်။

ဘရပ်ဆဲလေဆိပ်တိုက်ခိုက်ခံရမှုကြောင့် မလေးရှားအာဏာပိုင်များအနေဖြင့် အစွန်းရောက်များကို စီးနင်းမှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ သတင်းသဲ့သဲ့ ရရုံဖြင့်လည်း အာဏာပိုင်များက အလေးထားအရေးယူဆောင်ရွက်နေကြောင်း၊ တိုက်ခိုက်မှု လက်တွေ့ဖြစ်လာချိန်ကို စောင့်ကြည့်မနေနိုင်၍ ရသမျှသတင်းအချက်အလက်တိုင်းကို အရေးတယူဆောင်ရွက်လျက်ရှိကြောင်း ခါလစ်က ပြောသည်။

ဇန်နဝါရီ ၁၄ ရက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင် အိုင်အက်စ်နှင့် ချိတ်ဆက်သူ စစ်သွေးကြွများက လက်နက်ကိုင်တိုက်ခိုက်မှုများ ကျုးလွန်လာပြီးနောက်ပိုင်း မလေးရှားနိုင်ငံသည် အရေးပေါ် သတိပေးချက် တပ်လှန့်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly