လောင်စာခဲသုံး ဒုံးအင်ဂျင် စမ်းသပ်မှုအောင်မြင်ဟု မြောက်ကိုရီးယားပြော၊ တောင်ကိုရီးယားက စစ်တပ်ကို တပ်လှန့်

လောင်စာခဲသုံး ဒုံးအင်ဂျင် စမ်းသပ်မှုအောင်မြင်ဟု မြောက်ကိုရီးယားပြော၊ တောင်ကိုရီးယားက စစ်တပ်ကို တပ်လှန့်

ဆိုးလ်၊ မတ် ၂၄ ။             ။ ပဲ့ထိန်းဒုံးများ၏ စွမ်းရည်ကို မြင့်တင်ပေးနိုင်သည့် လောင်စာခဲသုံးအင်ဂျင်တစ်ခုကို မြောက်ကိုရီးယားက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက မတ် ၂၄ တွင်ထုတ်ပြန်လိုက်ရာ မြောက်ကိုရီးယား၏ အဆင်ခြင်မဲ့သော ရန်စမှုကို တုံ့ပြန်ရန် စစ်တပ်အား အသင့်အနေအထားရှိရန် တောင်ကိုရီးယားသမ္မတက အမိန့်ပေးခဲ့သည်။

မြောက်ကိုရီးယားက ယင်းသို့ထုတ်ပြန်ကြေညာခြင်းက ကုလသမဂ္ဂ၏ ပိတ်ဆို့မှုများကို အာခံသည့်အနေဖြင့် တိုက်ချင်းပစ်ဒုံးကျည်တစ်ခုကို လျင်မြန်စွာတည်ဆောက်ရန် ဆက်လက်ကြိုးစားနေသည်ကို ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။ ထို့အပြင် ယခုအချိန်တွင် မြောက်ကိုရီးယားသည် အချိန်မရွေး နျူကလီးယားစမ်းသပ်မှုအသစ်တစ်ခုလုပ်နိုင်သည်ဟု တောင်ကိုရီးယားအရာရှိများက အကဲဖြတ်နေချိန်လည်းဖြစ်သည်။ မြောက်ကိုရီးယားသည် မကြာသေးခင်သီတင်းပတ်များအတွင်း ရန်လိုသည့် ပြောကြားချက်များ အရှိန်မြင့်ခဲ့ပြီး ဝါရှင်တန်နှင့် ဆိုးလ်ကို နျူလက်နက်ဖြင့် လက်ဦးမှုရယူတိုက်ခိုက်မည်ဟု ပြောကြားသကဲ့သို့ လက်နက်နည်းပညာတွင်လည်း တိုးတက်မှုရှိနေပြီဟု ပြောကြားခဲ့သည်။

အင်ဂျင်တည်ဆောက်မှု၊ ကန်အားတို့နှင့် ပတ်သက်၍ အသေးစိတ်ဖော်ပြထားသော စာမျက်နှာ ၂ မျက်နှာပါ အစီရင်ခံစာကို မြောက်ကိုရီးယား၏ အာဏာရပါတီသတင်းစာ ရိုဒေါင်တွင် ဖော်ပြထားသည်။ စမ်းသပ်မှုအောင်မြင်ခြင်းက ရန်လိုသောအင်အားစုများကို ပြတ်ပြတ်သာသားတိုက်ခိုက်နိုင်သော ပဲ့ထိန်းဒုံး၏ စွမ်းရည်ကို မြင့်တင်နိုင်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အသိပေးခဲ့သည်ဟု ကေစီအဲန်အေသတင်းအေဂျင်စီက ဖော်ပြသည်။

မတ် ၂၃က မြောက်ကိုရီးယားသည် တောင်ကိုရီးယား၏ သမ္မတရုံးကို တိုက်ခိုက်မည်ဟု ထပ်မံခြိမ်းခြောက်ခဲ့ပြီး ၎င်းတို့၏ ကြီးမားသောပြောင်းဝအချင်းရှိ ဒုံးကျည်မျိုးစုံပစ်ခတ်နိုင်သော စနစ်များမှာ အိမ်ပြာတော်ကိုတိုက်ခိုက်ရန် တပ်လှန့်ထားကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းတို့၏ အထူးတပ်ဖွဲ့များဋ္ဌာနသည် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly