တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ခိုင်ဖြိုးပါတီဝင် ၂၁ ဦး တရုတ်နိုင်ငံသို့ လေ့လာရေးထွက်ခွာ

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ခိုင်ဖြိုးပါတီဝင် ၂၁ ဦး တရုတ်နိုင်ငံသို့ လေ့လာရေးထွက်ခွာ
photo - ပြည်ခိုင်ဖြိုးပါတီ

မတ်လ ၂၄ ရက် ။             ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-ပြည်ခိုင်ဖြိုး ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ဦးဆောင်သော တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပါတီကော်မတီဝင် ၂၁ ဦး သည် မတ်လ (၂၂) ရက်နေ့၌ တရုတ်နိုင်ငံသို့ ထွက်ခွာသွားကြပြီဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ၁၂ ရက်ကြာ လေ့လာရေးခရီးအဖြစ် နေပြည်တော်လေဆိပ်မှ B-5054 CHINA EASTERN လေကြောင်း လိုင်းဖြင့် ထွက်ခွာသွားသည်ဟု   ပြည်ခိုင်ဖြိုးပါတီက သတင်းထုတ်ပြန်သည်။

ဗဟိုအလုပ်အမှုဆောင် ဦးသန်းဌေးလည်းပါဝင်သည့် ယင်းလေ့လာရေးအဖွဲ့အား ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (ဥက္ကဋ္ဌပူးတွဲတာဝန်) ဦးဌေးဦးက မတ်လ ၁၆ ရက်နေ့တွင် နေပြည်တော်ရှိ ပါတီဌာနချုပ်၌ တွေ့ဆုံ၍ ဆွေးနွေးမှာကြားမှုများ ပြုလုပ်ခဲ့သေးသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုနှင့် တရုတ်နိုင်ငံနှင့် ပြည်သူများ လူမှုစီးပွားရေး တိုးတက်စေရန် ဆောင်ရွက်နေမှုများကို လေ့လာ မှတ်သားလာခဲ့ရန် ဦးဌေးဦးက မှာလိုက်သည်။

ထို့ပြင် ခရီးစဉ်အတွင်း ပါတီနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာ မကျဆင်းစေရန်၊ တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ခိုင်ဖြိုးအကြား ပါတီအချင်းချင်း ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေရန်   ဆောင်ရွက်ကြရမည်ဟုလည်း မှာကြားသည်။

"နှစ်နိုင်ငံ ခေါင်းဆောင်ကြီးများ တည်ဆောက်ထားသော နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုများကို အားဖြည့်နိုင်ရေးအတွက် ဆောင်ရွက်ကြရန်" လည်းမှာကြားကြောင်း ပြည်ခိုင်ဖြိုးဖေ့ဘုတ်စာမျက်နှာ၌ ဖော်ပြထားသည်။

မတ်လ (၂၂) ရက်နေ့၌ တရုတ်နိုင်ငံသို့ ထွက်ခွာကြသည့် ယင်းလေ့လာရေးအဖွဲ့အား ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးများဖြစ်ကြသော ဒေါက်တာမောင်မောင်ဌေး၊ ဒေါက်တာကျော်ကျော်ဌေး၊ စီမံရေးရာဌာနကြီးမှူး ဦးအောင်နိုင်ထွန်း၊ နိုင်ငံခြားရေးရာဌာနမှ ဒုတိယဌာနမှူး ဦးဆွေဝင်းတို့က နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly