ကျူးကျော်များ လျှော့နည်း ပပျောက်ရေး

ကျူးကျော်များ လျှော့နည်း ပပျောက်ရေး
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းရှိ ကျူ းကျော်များအား ၂၀၁၄ ဒီဇင်ဘာလအတွင်းကတွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို)

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၄၇ မြို့နယ်မှာ မြေနေရာအပိုင်မဟုတ်ပဲ တဲထိုးနေထိုင် သူ ဦးရေဟာ လေးသိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ လှိုင်သာယာ မြို့နယ်တစ်ခုထဲ တစ်သိန်းကျော် နေထိုင်လျက်ရှိတယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အခြား မန္တလေးလို မြို့ကြီးတွေမှာလည်း အိမ်ရာမဲ့ ကျူးကျော်နေထိုင်သူများ ရှိပါသေးတယ်။

ဒီလို မြေနေရာအပိုင်မရှိလို့ မြေကွက်လပ်တချို့မှာ တဲထိုးနေထိုင်သူတွေဆိုဟာ မိုးပေါ်က ကျလာကြသူတွေမဟုတ်ပါဘူး။ ကျေးလက်တွေမှာ လယ်ယာလုပ်ငန်းတွေ လျှော့နည်းကျဆင်းလာနေ တာနဲ့အမျှ ကျေးလက်နေလူထုဟာ မြို့ပြတွေဆီ အလုပ်အကိုင် ရှာဖွေလုပ်ကိုင်ဖို့ ရောက်လာကြရာက အခုလို လူမနေသေးတဲ့ မြေကွက်လပ်တွေမှာ ဖြစ်သလို တဲထိုးနေထိုင်ကြတာပါ။ ပြီးတော့ မြို့ပေါ်နေ လူတချို့ကလည်း အကြောင်းအမျိုးမျိုးနဲ့ အိုးပိုင်အိမ်ပိုင် မြေပိုင်မရှိတော့တဲ့အခါ အခုလိုပဲ ကျူးကျော် ဘဝကို အလိုလိုရောက် ရှိလာကြရသူများ ဖြစ်ပါတယ်။

တကယ်တော့ ကျူးကျော်များပေါ်ပေါက်လာရခြင်း၊ ကျူးကျော် အရေအတွက် တိုးသထက် တိုးလာနေခြင်းဟာ နိုင်ငံရဲ့စီးပွားရေး ချွတ်ခြုံကျမှုကြောင့် သည်လို ဖြစ်လာကြရတာပါ။ အဓိကတ ရားခံက စီးပွားရေးကြပ်တည်းမှုကြောင့်ပါ။ တခြား အကြောင်းအမျိုးမျိုး ရှိပင် ရှိသော်ငြားလည်း စီးပွားရေးပျက်ပြားခြင်းကြောင့်ဆိုတဲ့ အကြောင်းတရားက အဓိကပဲဖြစ်ပါတယ်။

ဒီလို ကျူးကျော်များဘ၀ ရောက်ရှိလာကြတဲ့အခါ ပထမဆုံးကြုံတွေ့ရတဲ့ ပြဿနာက ပတ်ဝန်း ကျင် ညစ်ညမ်းမှု ဖြစ်စေခြင်းပါပဲ။ နောက်ပြီးမှ ဒုစရိုက်လုပ်ငန်းများနဲ့ ပညာရေး ကျမ်းမာရေး အခြေအ နေများ ခက်ခဲခြင်း ဖြစ်ပါတယ်။ ဒီကြားထဲ ကျူးကျော်များအနေကြာလာတဲ့အခါ ဘာသာပေါင်းစုံ အဆောက်အဦးများလည်း ရောက်ရှိပေါ်ပေါက်လာကြတဲ့အခါ ကျူးကျော်ရပ်ကွက်ကြီးတွေ ဖြစ်လာ ခဲ့ရပါတယ်။

ဒီလိုအခြေအနေကို ထိန်းဖို့အတွက် ဒါမှမဟုတ် ဒီလိုကျူးကျော်တွေ မရှိရလေအောင် အစိုးရ က ကျူးကျော်များဖျက်သိမ်းရေးကြိုးပမ်းတဲ့အခါ နောက်ဆုံးနည်းကတော့ တဲအိမ်တွေကို ဘူဒိုဇာနဲ့ထိုး တာမျိုး၊ တချို့နေရာတွေ ခြိမ်းခြောက်ဖိအားပေးတာမျိုးတွေ လုပ်ပါတယ်။ အကြမ်းဖက်ပြီး ဖယ်ရှားတဲ့ သဘောပါပဲ။

ကျူးကျော်တွေ နေထိုင်တဲ့ မြေနေရာတွေဟာ စီးပွားရေးလုပ်ငန်းရှင်များရဲ့မြေနေရာများ၊ တချို့တချို့သော အဖွဲ့အစည်း အသီးသီးရဲ့မြေနေရာများနဲ့ စီမံကိန်းဝင် မြေနေရာများ ဖြစ်တာမို့ အခု လို ဖယ်ရှားရတာဖြစ်တယ်လို့ တာဝန်ရှိသူများက အကြောင်းပြပါတယ်။ ဒါပေမယ့်လည်း ကျူးကျော်လို့ စွပ်စွဲပြောဆိုခံကြရသူတွေဟာ သက်ဆိုင်ရာ နယ်မြေအာဏာပိုင်များနဲ့ တစ်စုံတစ်ရာ ဆက်သွယ်ထား ရှိမှုနဲ့ နေထိုင်ကြတာများတဲ့အတွက် မကြေနပ်မှုတွေ ဖြစ်ပေါ်လာကြရပါတယ်။ စတင်ဝင်ရောက်နေ ထိုင်စဉ်က တားမြစ်ခြင်းမရှိပဲ နှစ်ပေါင်းများစွာ အနေကြာလာတဲ့အခါကြမှ ဒီလိုအကြမ်းဖက် ဖယ်ရှား တာဟာ ဖြေရှင်းနည်းမမှန်တဲ့အပြင် တရားမျှတမှု မရှိဘူးလို့လည်း ထောက်ပြကန့်ကွက်သူတွေ ရှိလာပါတယ်။

ကျူးကျော်လို့ စွပ်စွဲပြောဆိုခံရသူများ များသထက်များလာတဲ့အခါ ကျူးကျော်များ အနေကြာ လာတဲ့အခါ ဒီကျူးကျော်များရဲ့မိသားစုများအတွက် ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး ဖြည့်ဆီး   ဆောင်ရွက်ပေးဖို့လည်း သဘာဝကျစွာ လိုအပ်လာခဲ့ပါတယ်။ ကျူးကျော်တွေကိုယ်တိုင်ကလည်း သူတို့နည်း သူတို့ဟန်နဲ့ ဖြေရှင်းလာကြရပါတယ်။ ဒီအခါမှာတော့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း တွေ၊ ဘာသာရေးအဆောက်အဦးတွေလည်း ပေါ်ပေါက်လာကြရပါတယ်။ ဒါတွေကိုလည်း တာဝန် ရှိသူများက ဘူဒိုဇာနဲ့ထိုးပြီး အင်အားသုံးဖြေရှင်းပစ်လိုက်ကြတာပါပဲ။ ဒီတော့ကာ လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကိစ္စများကိုပါ ထိပါးခံရသလိုဖြစ်ရပါတယ်။

တကယ်တော့ ကျူးကျော်တွေလို့ စွပ်စွဲခံရသူတွေရဲ့နေအိမ်တွေကို အင်အားသုံးဖယ်ရှားခြင်းဟာ  တရားမျှတပြီး မှန်ကန်တဲ့ ဖြေရှင်းနည်း လုံးဝမဟုတ်ပါဘူး။ ကျူးကျော်တွေပေါ်ပေါက်လာရတာ၊ ကျုးကျော်တွေ များသထက်များလာတာ၊ ကျူးကျော်တွေ ကြာသထက်ကြာလာတာဟာ ကျူးကျော် တွေဘက်ကချည်း တာဝန်ရှိတာမဟုတ်ဘဲ အဘက်ဘက်က တာဝန်ရှိတာချည်းပါပဲ။ ပေါက်ပင်ဘာ ကြောင့် ကိုင်းရသလဲဆိုတဲ့ မေးခွန်းမျိုးနဲ့မေးရင် အမယ်ဘုတ်ရဲ့သူ့ချည်ခင်ဆိုသလို အားလုံးရှုပ်ထွေးပြီး အားလုံးမှာ တာဝန်ရှိတဲ့အတွက် ညှိနှိုင်း အဖြေရှာသင့်တဲ့နည်းနဲ့သာ ကျူးကျော်ပြဿနာကို ဖြေရှင်း သင့်ပါတယ်။

ကမ္ဘာ့နိုင်ငံတချို့မှာတော့ ကျူးကျော်တွေရှိလာတဲ့အခါ တိုင်းပြည်စီးပွားရေး တိုးတက်လာတာ နဲ့အမျှ၊ တန်ဘိုးနည်းအိမ်ရာတွေ ဆောက်လုပ်ပေးတာနဲ့အမျှ ကျူးကျော်တွေ တဖြည်းဖြည်း လျှော့နည်းသွားစေတာကလည်း အတုယူစရာဖြစ်ပါတယ်။

ဒါကြောင့်မို့ မိမိတို့ ပြည်သူများပင်ဖြစ်ကြတဲ့ ကျူးကျော်လို့ စွပ်စွဲခံရသူများအရေးကို အင်အား သုံးမဖြေရှင်းသင့်ပဲ မိဘက သားသမီးကို ဝိုင်းဝန်းအဖြေရှာပေးတဲ့နည်းမျိုးလို မေတ္တာရှေ့ထားလျက် မှန်ကန်အေးချမ်းစွာ အဖြေရှာ ဖြေရှင်းသင့်ကြောင်း မဇ္ဈိမက တိုက်တွန်းအပ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly