အစိုးရသစ်အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ အရေးကြီးအကြံပြုချက်များကို ပြန်စဉ်းစားသင့်

အစိုးရသစ်အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ အရေးကြီးအကြံပြုချက်များကို ပြန်စဉ်းစားသင့်
(ဓာတ်ပုံ- ကိုဂျိုးဇက်)

ရန်ကုန်၊ မတ် ၂၃ရက် ။                ။ အန်အယ်လ်ဒီအစိုးရသစ်အနေဖြင့် ဦးသိန်းစိန် အစိုးရလက်ထက်တွင် လက်မခံခဲ့သော လူ့အခွင့်အရေးဆိုင်ရာအရေးကြီး အကြံပြုချက်များကို   ပြန်သုံးသပ်ဖို့စဉ်းစားသင့်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ ပြုလုပ်နေသော ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

၎င်းက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ နိုင်ငံအလိုက်လူ့အခွင့်ရေးခြေအနေများကို သုံးသပ်ဆွေးနွေးပွဲတွင် မြန်မာအစိုးရ၏ တုံံ့ပြန်ချက်များနှင့်ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။

မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန်၊ မျိုးစောင့်ဥပဒေများကို ပြင်ဆင်ရန်၊ စစ်တပ်ကကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများအား အရေးယူမှုမရှိဘဲ ကင်းလွတ်နေခြင်းကို ရပ်တန့်ပေးရန်၊ ကာကွယ်ပေးရန်အပါအဝင် အခြားသောအရေးကြီး အကြံပြုချက်များကို လုပ်ဆောင်ရန် ငြင်းဆိုခဲ့ကြောင်း ဦးအောင်မျိုးမင်းက ဆိုသည်။

ပြီးခဲ့သော မတ်လ၁၇ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်ခဲ့သောရှိသော (၃၁) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၏ Universal Periodic Review (UPR) ခေါ် အပြည်ပြည်ဆိုင်ရာ နိုင်ငံအလိုက် လူ့အခွင့်အရေးအခြေအနေများကို ပုံမှန်သုံးသပ်ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကိုလည်း သုံးသပ်ခဲ့သည်။

“စစ်မှန်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်တဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို ကာကွယ်မှုတွေပေးမယ်၊ အရပ်ဘက်လူထုအဖွဲ့အစည်းတွေကို လွတ်လပ်၊ လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင် ဖော်ဆောင်ပေးမယ်လို့ အစိုးရအနေနဲ့ ကတိကဝတ်ပြုခဲ့ပေမယ့် သမ္မတ ဦးသိန်းစိန်အနေနဲ့ ကျောင်းသားတွေနဲ့ သူတို့ကို ဝန်းရံခဲ့သူတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို သူ့သက်တမ်းကုန်တဲ့အချိန်အထိ လွတ်ပေးမယ့် အရိပ်အယောင်တောင် မတွေ့ရပါဘူး” ဟု ပြည်ကြီးခင်အဖွဲ့မှ မနွယ်ဇင်ဝင်းကပြောသည်။

သက်တမ်းကုန်ခါနီးအစိုးရအနေဖြင့် လူ့အခွင့်အရေးကာကွယ်သူများအား ခြိမ်းခြောက်ရာတွင် အသုံးပြုနေသော ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ(၁၈)၊ သတင်းမီဒီယာဥပဒေ၊ ၂၀၁၄ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ စသည့် ဥပဒေများအား ပြင်ဆင်ရေး အကြံပြုချက်များကို ထောက်ခံခဲ့ခြင်းမရှိဘဲ ပြောင်းလဲရန် အရိပ်အယောင်ပင် မပြခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အစိုးရသည် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်အား တိုက်ဖျက်ရေး အကြံပြုချက် ၅ ချက်ကို လက်ခံခဲ့သော်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသော တပ်မတော်နှင့် အစိုးရအာဏာပိုင်များအား အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေခြင်းကို အဆုံးသတ်ရေး အကြံပြုချက်များကိုမူ ငြင်းပယ်ခဲ့သည် ဟူသော အချက်လည်းပါဝင်သည်။

ဦးသိန်းစိန်အစိုးရအနေဖြင့် နိုင်ငံတကာမှ လူ့အခွင့်အရေးဆိုင်ရာအကြံပြုချက် (၂၈၁) ချက်ထဲမှအချက် (၁၆၆) ချက်ကို လေးစား လိုက်နာအကောင်အထည်ဖော်မည်ဖြစ်ကြောင်း အစိုးရ ထုတ်ပြန်ချက်တွင် ရေးသားထားသော်လည်း ၁၃၅ချက်ကိုသာ အပြည့်အဝလက်ခံခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly