အမျိုးသမီး ဒေသန္တရအုပ်ချုပ်ရေးမှူးတွေရဲ့ အသံကိုနားထောင်ကြည့်ခြင်း

23 March 2016
အမျိုးသမီး ဒေသန္တရအုပ်ချုပ်ရေးမှူးတွေရဲ့ အသံကိုနားထောင်ကြည့်ခြင်း

အခုဆိုရင် အခြေခံအုပ်ချုပ်ရေးယန္တယားရဲ့ နေရာတချို့မှာ အမျိုးသမီးအုပ်ချုပ်ရေးမှူးတွေ ရှိလာတာတွေ့ကြရပါတယ်။ ဒေသန္တရ အုပ်ချုပ်ရေးမှူးများလို့လည်း ခေါ်ပါတယ်။ ဒီလို အမျိုးသမီးတွေရဲ့ တာဝန်ထမ်းဆောင်မှု အတိုင်းအတာတွေ ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာတာမှန်ပေမယ့် ဒီလို ကျယ်ပြန့်လာဖို့၊ ဒီလို တာဝန်ယူမှုတွေရရှိဖို့ သူတို့လျှောက်လှမ်းလာရတဲ့ခရီးကလည်း ကြမ်းလည်းကြမ်း ဆန်းလည်းဆန်းတယ်လို့ ပြောနိုင်ပါတယ်။ ဒီအကြောင်းတွေထဲက အုပ်ချုပ်ရေးမှူးအလုပ်ကိုလုပ်ဖို့ စေတနာထက်သန်ခဲ့တယ်လို့  ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး ဒေါ်မြတ်စုခိုင်က အခု ဖွင့်ဟပြောဆိုလာပါတယ်။

အဓိကကတော့ အဘပေါ့နော်။ ၈၈ ကတည်းက သူ အရင် ရဝတ ဥက္ကဋ္ဌ အဲ့ခေတ်မှာကတည်းက အမက အဘနောက်ကို လိုက်ပြီးတော့ ကူတယ်ပေါ့နော်။ ဒါလည်း အမက ဝါသနာပါပြီး လာတာ။ အဘ ခေါ်ခိုင်းလို့လည်းမဟုတ်ဘူး။ ရပ်ကွက်ကလည်း လာပြီးလာလုပ်ပေးပါလို့လည်း မပြောဘူး။ အမဘာသာ ဝါသနာပါပြီး လိုက်လုပ်တယ်။ နောက်ပိုင်းကျတော့ ရွေးကောက်ပွဲတွေ အဆင့်ဆင့် ဖြစ်လာတယ်ပေါ့နော်။ ဖြစ်လာတဲ့အချိန်မှာလည်း အမတို့ မဲနဲ့ပဲ ရွေးချယ်တယ်။ ဒီလို ပြည်သူကလည်း မဲပေးရွေးချယ်လာပြီး ဒေါ်မြတ်စုခိုင် ဒါလေးတော့လုပ်ပေးဆိုပြီး တာဝန်ပေးလာတယ်ပေါ့။ သူတို့က ယုံကြည်ကိုးစားပြီးတော့ တာဝန်ပေးတဲ့အတွက် အမကလည်း ကဲဒါဆိုရင်တော့ သူတို့ပေးအပ်လာတဲ့ တာဝန်ကို အမ ကျေအောင်လုပ်မယ်။ ပြည်သူ့အကျိုးအတွက်ကို အမ စေတနာထားပြီးတော့ လုပ်မယ်ဆိုပြီးတော့ ကဲ ကျလာတဲ့တာဝန်ကို ကျေပွန်အောင်လုပ်မယ်ဆိုပြီးတော့ လုပ်ဆောင်ခဲ့တာ။

ဒေါ်မြတ်စုခိုင်ရဲ့မွေးစားဖခင် ဦးဒေါနကလည်း ဒေါ်မြတ်စုခိုင်အပေါ် ဒီလိုသဘောထားပေးပါတယ်။

သူ့ကိုလည်း ကျွန်တော်ပြောတယ်။ သမီး အလုပ်လုပ်ပြီဆိုလို့ရှိရင် သမီးက ဝါသနာပါတယ်။ ဝါသနာပါတဲ့အလျှောက် နောက်မှာ စေတနာလေးထည့်ပေးလိုက်လို့ရှိရင် သမီး အစစအရာရာ အဆင်ပြေမယ်ပေါ့လို့။ သူကိုယ်၌ကလည်း ဝါသနာပါတယ်။ စေတနာလည်း ပါလာတဲ့အတွက် အခုချိန်ထိ သူလုပ်နေတာ အမှားတော့ မရှိသေးဘူး။

ဒေါ်မြတ်စုခိုင်ဟာ အုပ်ချုပ်ရေးမှူးမဖြစ်လာခင်က အခုလို လူမှုရေးလုပ်ငန်းတွေ လုပ်ခဲ့ပါသေးတယ်လို့ ရှင်းပြပါတယ်

အုပ်ချုပ်ရေးမှူး မဖြစ်ခင်တုန်းကလည်း ကြက်ခြေနီသင်တန်းလေးတွေလည်း ရပ်ကွက်ကလိုတယ်ဆိုရင် အမသွားတယ်။ မီးသတ်သင်တန်းဟေ့ဆိုရင်လည်း သွားတယ်။ သမဝါယမ အသင်းမှာဆိုလည်း ဒါ အမကို လုပ်ပေးပါ။ လယ်အတွက်ဆိုတဲ့ ကျောင်းတစ်ခုမှာတော့ လယ်အတွက် သာသနာ့စံပြမှာလည်း ဂေါပကအဖြစ် အမကို ထည့်ထားတယ်။ ဆိုတော့ အမ အဖွဲ့အစည်း တော်တော်များများမှာတော့ တာဝန်ယူမှုတွေ အများကြီး ရှိပါတယ်။

အလယ်တောရ စံပြပရိယတ္တိ စာသင်တိုက်က ဆရာတော် ဦးဂန္ဒမာလာဘိဝံသကလည်း ဒေါ်မြတ်စုခိုင်အပေါ် ဒီလိုမြင်ပါတယ်။

ဒေါ်မြတ်စုခိုင်ဟာ စိတ်ဓာတ်ကြံ့ခိုင်တယ်။ အမှန်အကန်ကို လိုလားတယ်။ မသမာတာ မလုပ်ဘူး။ မှန်မှန်ကုန်ကန်လုပ်ဆောင်တယ်။ ပြီးတော့ သာသနာအတွက်လုပ်ဆောင်ရင် အားကြိုးမာန်တက် သူ့ရဲ့တာဝန်ကို ကျေပွန်အောင်လုပ်ဆောင်တယ်ဆိုတာ ဦးဇင်းတို့ မြင်တွေ့ရပါတယ်။

ဒေသန္တရအုပ်ချုပ်ရေးမှူးလုပ်ငန်းတွေမှာ အမျိုးသမီးတွေ တက်ကြွစွာပါဝင်လာနဲ့ပတ်သက်ပြီး ဗဟန်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဖေတိုက်အောင် ကလည်း အခုလို မြင်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တစ်ခါတစ်လေ ခက်တာလေ အမျိုးသမီးတစ်ယောက် အလုပ်လုပ်ပြီဆိုရင် အမျိုးသားတစ်ယောက်နဲ့တွဲရင် သူတို့စိတ်ထဲမှာ တစ်မျိုးပေါ့နော်။ ဒါတွေကလည်း ကျွန်တော်တော့ မဖြစ်သင့်ဘူးလို့ မြင်တယ်။ အမျိုးသမီးနဲ့ အမျိုးသား ခွဲခြားလိုတဲ့စိတ် အနည်းနဲ့အများ ရှိနေတယ်။ ရှိနေတော့ အမျိုးသားတွေလောက် အမျိုးသမီးတွေ မစွမ်းဆောင်နိုင်သေးဘူးလို့ မြင်နေကြတာပေါ့နော်။ ဒါကလည်း ကျွန်တော်အမြင်တော့ နိုင်ငံတကာအမြင်တွေ ဥပမာ တခြားတိုင်းပြည်တွေရဲ့ အမြင်တွေကို သူတို့ ထိတွေ့မှု နည်းတယ်ပေါ့။

ကျွန်တော်တို့ကတော့ အမျိုးသား အမျိုးသမီး မခွဲခြားစေချင်ဘူး။ အမျိုးသားတွေသည် အမျိုးသမီးတွေကို ထိုက်သင့်တဲ့ ပံ့ပိုးမှုပေးရင် ပိုပြီးတော့ အောင်မြင်လာမယ်ပေါ့။ သူတို့ရဲ့ အတွေးအခေါ်တွေက ပိုစေ့စပ် သေချာတယ်။ မြန်မာနိုင်ငံမှာတော့ ရှိတာပေါ့ ကြက်မတွန်လို့ မိုးမလင်းဘူးပေါ့။ ဒါပေမယ့် ဘယ်လိုပဲတွေးတွေး ပုခက်လွှဲသော လက်တွေသည် သူတို့ မွေးဖွားပေးသော သားသမီးတွေ နိုင်ငံအုပ်ချုပ်တဲ့သူတွေ ဖြစ်လာဖို့ဆိုရင် အဓိက တာဝန်အရှိဆုံးသူတွေက အမျိုးသမီးတွေပဲ ဖြစ်နေတာပေါ့။

ဧရာဝတီတိုင်း ဒေသကြိး၊ ဓါးမြချေင်းကျေးရွာအုပ်စု၊ မြောင်းမြမြို့နယ်၊ ဓါးမြချောင်းကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်ဝင်းဝင်းသန်းကလည်း အမျိုးသမီးတွေ ရှေ့တိုးအလုပ်လုပ်ကြဖို့ အခုလို နှိုးဆော်ပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ချင်နေတဲ့ အမျိုးသမီးတွေကိုပေါ့နော် အမအနေနဲ့ ပြောချင်တာကတော့ ကိုယ့်ကိုကိုယ် အရည်အချင်းရှိအောင် ကြိုးစားပါ။ ပြည်သူလူထုအပေါ်မှာ တကယ်စေတနာထားပါ။ နောက်ပြီးတော့လည်း နိုင်ငံရေးကို စိတ်ဝင်စားပါ။ လူမှုရေးလုပ်ချင်လို့ရှိရင် နိုင်ငံရေးရှိမှ လူမှုရေးလုပ်လို့ရမှာ ဖြစ်တဲ့အတွက်ပေါ့နော် ဒီ ကိုယ့်ကိုကိုယ်လည်း ရဲရဲဝံ့ဝံ့နဲ့ ယောကျ်ားတွေနဲ့ ရင်ဘောင်တန်းပြီး ငါတို့ ဒီတာဝန်တွေ ယူနိုင်တယ် အဲလိုမျိုးပဲ စိတ်ဓာတ်ကို တွေးပြီးတော့ပေါ့နော် ရဲရဲဝံ့ဝံ့နဲ့သာ လုပ်ပါ ဖြစ်ပါတယ်ပေါ့နော်။ အမကတော့ ကြိုဆိုပါတယ်။ လုပ်ပါလို့လည်း တိုက်တွန်းပါတယ်။

မကွေးတိုင်ဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ် ၆ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ဝင်းဝင်းမော်ကလည်း အမျိုးသမီးတွေ ရှေ့တိုးတာဝန်ထမ်းဆောင်ခြင်းဟာဖြင့် နိုင်ငံတော်ရဲ့ပုံရိပ်ပိုကောင်းလာမယ့်အကြောင်း ရှင်းပြပါတယ်။

တကယ်တမ်းတော့ နိုင်ငံတော်အပေါ်မှာပေါ့နော် ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် နိုင်ငံတော်နဲ့ ကိုယ့်ရပ်ရွာအပေါ်မှာပေါ့နော် စိတ်စေတနာသန့်သန့်နဲ့ လုပ်မယ်ဆိုလို့ရှိရင်တော့ နိုင်ငံတော်အတွက် ကောင်းပါတယ်။ ဒါတွေအားလုံးကပေါ့နော်။ နောက်ပြီးတော့ ကျ်ား/မ ခွဲခြားတဲ့စနစ်ဆိုတာကလည်း သိပ်မရှိတော့ဘူးလေ ဒီမှာကလည်း မရှိတော့ဘူးဆိုတာကျတော့ တကယ်တမ်း ကျ်ား/မ တန်းတူသာပါလာမယ်ဆိုလို့ရှိရင် နိုင်ငံတော်ရဲ့ ပုံရိပ်လည်း အင်မတန် လှပါသွားမှာပါ။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ညှင်းမှော်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်ချိုချိုစန်းကတော့ အုပ်ချုပ်ရေးမှူးတစ်ဦး ထားရှိသင့်တဲ့သဘောထားကို အခုလိုပြောပြပါတယ်။

အုပ်ချုပ်ရေးမှူးကောင်းတစ်ယောက်ဆိုတာ ကိုယ်ရပ်ရွာ၊ ကိုယ့်လူထု၊ ကိုယ့်အသိုင်းအဝိုင်းတည်းကလူတွေက ဘယ်လိုနေထိုင်လဲ ဘယ်လိုစားသောက်နေလဲ ဘယ်လိုတွေ လုပ်နေရလဲ ဘယ်လောက်အထိ အနစ်နာခံနေရလဲဆိုတာကို ကိုယ်တိုင်ဆင်းပြီးတော့ ကြည့်စေချင်တယ်။ ခုံပေါ်မှာထိုင်ပြီးတော့ ညည်းတို့ သွားကြည့်လာခဲ့ ငါ့ကို တင်ပြဆိုတာကြီးမျိုးကို ကျွန်မ မဖြစ်စေချင်ဘူး။ ကျွန်မ လိုချင်တာကတော့ တိတိကျကျပေါ့ ကိုယ့်မျက်စိနဲ့ မြင်တာထက် ဘာမှ အတိအကျ ပြောလို့မရဘူးလေ။ ကျွန်မ သေသေချာချာ ကွင်းဆင်းပြီးတော့ လေ့လာစေချင်တယ် သေသေချာချာ လိုက်ပြီး ကြည့်သင့်တယ်လို့ ကျွန်မ အဲလိုလူမျိုးက အုပ်ချုပ်ရေးမှူးကောင်းလို့ ကျွန်မ သတ်မှတ်ပါတယ်ရှင်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ မြို့မရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်သီတာဝင်းကတော့ သာမာန်အမျိုးသမီးတွေလိုမနေတော့ဘဲ အမျိုးသမီးတွေ ရှေ့တိုးအလုပ်လုပ်ကြဖို့ အခုလိုတိုက်တွန်းသွားခဲ့ပါတယ်။

မီးဖိုချောင်ထဲမှာ မီးဖိုချောင်အလုပ်လုပ်ရင်း ကြက်သွန်ခွာရမယ်။ ဟင်းချက်ဘာချက်နဲ့ အချိန်မကုန်ပဲနဲ့ ကိုယ့်ရဲ့ ရပ်ကွက်အကျိုး ပြည်သူတွေရဲ့ အကျိုး မြို့နယ်တွေရဲ့ အကျိုး၊ ပြီးတော့ နိုင်ငံတော်အထိပေါ့နော် အဆင့်ဆင့် ပါဝင်ပြီးတော့ အမျိုးသမီးတွေ ပါဝင်လာမယ်ဆိုရင်တော့ ဒါ အားလုံးအတွက် နိုင်ငံအတွက်လည်း အကျိုးရှိမယ်။ ကိုယ့်ရဲ့ မြို့နယ်၊ ရပ်ရွာအတွက်လည်း အကျိုးရှိမယ်လို့ အမကတော့ မျှော်လင့်ပါတယ်။ အမျိုးသမီးတွေလည်း ပါဝင်လာနိုင်ပါစေလို့ အမကတော့ ဆုတောင်းပေးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly