ရေလျှံပြီးနောက် ရေ……

ရေလျှံပြီးနောက် ရေ……
 ၂၀၁၄ ခုနှစ် မေလ ၄ ရက်နေ့က ရန်ကုန်မြို့ ဒလမြို့နယ်အတွင်း ရေးရှားပါးမှုမြင်ကွင်းအားတွေ့ရစဉ်။ ဓာတ်ပုံ- ဟောင်ဆာ(ရာမည)

လမ်းကြိုလမ်းကြားလေးတွေက ကျွန်မအတွက်တော့ စိတ်ဝင်စားစရာကောင်းတယ်။ လမ်းကြိုလမ်းကြားတွေက ပုံစံမျိုးစုံနဲ့ ရှိနေတယ်။ လူမှုဘဝတွေကိုလည်း ထင်ဟပ်နေပါတယ်။ ချမ်းသာတဲ့ရပ်ကွက်တွေမှာရှိတဲ့ လမ်းကြားတွေက ကျောက်ခင်းလမ်းလေးတွေ၊ ကွန်ကရစ်လမ်းတွေနဲ့ လမ်းလယ်မှာ မြက်ခင်းလေးတွေလည်းပါတတ်ပါတယ်။ ငွေကြေးမပြည့်စုံတဲ့ ရပ်ကွက်က လမ်းကြားတွေကတော့  ရွံတွေကရာသီမရွေးရှိတတ်တယ်။ မိုးတွင်းဆိုရင်တော့ မြောင်းနဲ့လမ်းနဲ့ တတန်းတည်းဖြစ်တဲ့ဒီလမ်းလေးတွေမှာ မြောင်းရေနဲ့အတူ အမှိုက်တွေပေါလောမျောလျက်ပါပဲ။ မိုးရွာတဲ့အချိန်ဆို ဒီမြောင်းရေတွေ နဲ့ လမ်းကြားထဲမှာပဲ မိုးရေချိုးရင်းပြေးလွှားနေတဲ့ ကိုယ်တုံးလုံးကလေးလေးတွေကိုလည်း တွေ့ရတတ်ပါတယ်။ ပျော်လို့ရွင်လို့ပေါ့။

နေ့စဉ်ကျောင်းသွား အလုပ်သွားရာမှာလည်း ပုံမှန်လမ်းကမသွားပဲ ကျွန်မတို့ ဇဝနရပ်ကွက်ထဲက စည်ပင်ဝန်ထမ်းအိမ်ရာရဲ့ လမ်းကြားလေးကနေပဲ ကျွန်မသွားပါတယ်။ ဒီလမ်းကြားလေးကို ဖြတ်သွားတာ ဆယ်တန်းအောင်ပြီး ကျောင်းတွေလျှောက် တက်ရတဲ့အချိန်ကတည်း ဒီလမ်းကပဲသွားတာဆိုတော့ ၈နှစ်လောက်ရှိနေပါပြီ။ ဒီလမ်းလေးရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှု အဝဝကို ၈နှစ်ကြာ ကျွန်မလေ့လာမိခဲ့ပါတယ်။ အရင်ကတော့ဒီလမ်းလေးက မြေလမ်းလေး၊ လမ်းရဲ့တစ်ဖက်ဆီမှာ အိမ်တွေက ဝန်ထမ်းအိမ်တွေဖြစ်တဲ့ အလျှောက်တစ်ပုံစံတည်းဆောက်ခဲ့ပေမယ့် တိုးပွားလာတဲ့မိသားစုဝင်အရေအတွက်အတိုင်း အိမ်ပုံစံတွေက အရွယ်စုံဖြစ်လာပါတယ်။ ဒီလိုပဲ လမ်းလေးဟာလည်း တစ်နိုင်ငံလုံးကွန်ကရစ်ခင်းတဲ့ထဲမှာ ပါဝင်လာခဲ့တယ်။

ဒီဝန်ထမ်းမိသားစုတွေဟာ တခါတလေ အော်ကြီးဟစ်ကျယ် ပြောဆိုသံတွေကြားရတာ၊ လူကြီးတွေရဲ့ ကဒ်တွေကစားတဲ့ဝိုင်းတွေမှာ ရန်ဖြစ်တာ၊ ကြက်တိုက်နေကြတာ၊ ကလေးတွေကိုဆူဆဲရိုက်သံတွေကြားရပေမယ့် ကျွန်မအမြင်မှာတော့ သူတို့တတွေဟာ အခြေခံအားဖြင့် သိပ်အေးဆေးတဲ့ လူတွေပါပဲ။ သူတို့က သူတို့ရဲ့လမ်းလေးကို စိတ်အေးလက်အေးပဲခင်းခဲ့ကြတာပါ။ တစ်နေ့ကို ၇ပေကနေ ၁၂ပေလောက်ပုံမှန်ခင်းရင်း အကျယ်၃ပေလောက်သာရှိတဲ့ သူတို့လမ်းလေးကို ၁၀ရက်လောက်ကြာခင်းခဲ့ကြပါတယ်။ သူတို့ရဲ့ အေးဆေးမှု၊ စိတ်ရှည်မှုကို ကျွန်မ အလေးအနက်ထားပေမယ့် အချို့သော အေးဆေးမှုတွေကိုတော့ ကျွန်မ မကြိုက်ပါဘူး။
သူတို့ကဘာမဆိုစိတ်ပူနေတာမရှိဘူးလို့ ကျွန်မထင်ပါတယ်။ တချို့ကိစ္စတွေမှာဆို ကျွန်မက ကျွန်မမေမေနဲ့ တူလို့လားမသိ၊ အရမ်းကို ပူပင်တွေးတောတတ်တဲ့လူမျိုးဖြစ်နေပါတယ်။ ကျွန်မပူပင်နေတဲ့ ဒီလမ်းလေးထဲက ကိစ္စကတော့ရေပါပဲ။

ဒီလမ်းလေးရဲ့ အဝင်ထိပ်က အိမ်ဆိုတာက ဝန်ထမ်းအိမ်ရာကမြေပေါ်မှာပဲ ဆိုင်ခန်းဆောက်လုပ်ရောင်းချထားတဲ့ လူနေဆိုင်ခန်းဖြစ်ပါတယ်။ အိမ်သားတွေက အဝတ်လျှော်ရေချိုးစတာတွေကို ဒီလမ်းလေးပေါ်မှာပဲ ဘေးနားလေးကပ်ပြီး လုပ်ပါတယ်။ အိမ်ကိုရေလာတဲ့ ရေပိုက်ကလည်း လမ်းလေးပေါ်မှောက်လျက်သားအပြင်ထွက်နေသလိုဖြစ်နေတာပါ။ ပိုက်ကလမ်းနဲ့ကပ်လွန်းတော့ ရေခံစရာတစ်ခုခုချချင်တဲ့ အခါကျတော့ လမ်းကို ချိုင့်ဖြစ်အောင်တူးပြီး စတီးဇလုံတစ်ခုကိုချိုင့်ထဲထည့်ပြီး ပိုက်အောက်မှာထားလိုက်ပါတယ်။ အဆင်ပြေပါတယ်။ ရေက တိုက်ရိုက်လာတာကို ဒီလိုဇလုံလေးခံပြီး ဒီနားမှာပဲ ရေချိုးတာကအစ၊ ဟင်းချက်စရာဆေးတာအဆုံး အကုန်လုပ်လို့ရပါတယ်။

ဒီရေက စက်နဲ့ မောင်းတင်စရာမလိုပဲလာနေတဲ့ အခါကျတော့ ရေပိုက်ခေါင်းလေးဖွင့်ပြီး လျှပ်စစ်ချွေတာလို့ရတာကို ကျွန်မသိပ်သဘောကျပါတယ်။ နေ့တိုင်းဖြတ်သွားရင်းကြည့်တော့ တစ်ရက်မှာတော့ ဇလုံကရေလျှံနေတာကို သတိထားမိပါတယ်။ နောက်နေ့ကျတော့လည်း သတိထားကြည့်တော့ ရေလျှံကျနေတာကိုပဲ တွေ့ရပါတယ်။ ကျွန်မစိတ်ထဲမှာ ကသိကအောက်ဖြစ်လာ တယ်။ ဒါဟာ ရေတွေ ဖြုန်းတီးနေတာပဲလို့ တွေးမိလိုက်မိတယ်။

ရေတွေပြုန်းတီးနေတာကို ကျွန်မသိပ်နှမျောမိပါတယ်။ ဒီလိုမျိုး ရေတွေ ပိုက်ခေါင်းလေးဖွင့်ရုံနဲ့ လာနေအောင် ကုန်ကျစရိတ်တွေအဆင့်ဆင့်နဲ့ ထိန်းသိမ်းလုပ်ဆောင်နေကြတာကို မြို့အဝင်တွေမှာ ရေတွန်းစက်တွေထားပြီး လုပ်နေတာကိုကြည့်ရင် သိနိုင်ပါတယ်။ စက်တွေ၊ လျှပ်စစ်တွေ၊ ဝန်ထမ်းတွေ၊ ငွေတွေသုံးပြီးမှ ဒီလိုရေလာတာပါ။ ကျွန်မတို့မြို့နေ လူတန်းစားတွေအနေနဲ့ လွယ်လွယ်ရနေလို့ ထိန်းသိမ်းဖို့များမေ့နေကြသလားတွေးမိတယ်။ မြို့နေလူတွေတောင်မှ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကဆို နွေရာသီရေမလာလို့ ရေစည်လှည်းတွေတွန်းပြီး ရေဝယ်သုံးခဲ့ရတာတွေကို ကျွန်မသတိရပါသေးတယ်။ အခုတော့ ဒီရေစည်နဲ့ ဝယ်သုံးရတာတွေ သိပ်အတွေ့ရနည်းနေပါပြီ။ ဒါပေမယ့်လည်း နွေရာသီဆိုရေပြတ်တတ်တဲ့ အလေ့အထက မနက်တိုင်း သတင်းစာဖတ်တဲ့အခါ ၊ လူမှုကွန်ယက်တွေသုံးတဲ့အခါ ဘယ်မှာရေပြတ်လို့ဆိုတာတွေ၊ ရေခပ်နေရကြောင်းတွေ၊ သောက်ရေသွားလှူကြမလို့၊ အလှူထည့်နိုင်ကြောင်း၊ ရေရရှိဖို့ ဘယ်သူတွေဘာတွေ ဘယ်မှာသွားလုပ်နေကြောင်းတွေ မြင်နေရတာနဲ့ပဲ သိနိုင်ပါတယ်။

ဒီလိုအခြေနေမျိုးမှာ လူတချို့က ရေဖြုန်းတီးတဲ့နေကြတာကိုတွေ့တော့ု ဒီလိုလုပ်တာဟာ ရေပြတ်လတ်နေတဲ့ဒေသကလူတွေကို လစ်လျူရှုရာကျတယ်လို့ ကျွန်မတော့ခံစားရတယ်။ ရန်ကုန်မြို့မှာ နေ့စဉ်ရေဂါလန်သန်းနဲ့ချီပြီး ဖြုန်းတီးနေရတယ်ဆိုတဲ့ တွေ့ရှိချက်တွေလည်း ဖတ်ဖူးကြမှာပါ။ ဒီလိုဖြုန်းတီးရတာဟာ ကျွန်မဖြတ်သွားနေတဲ့ လမ်းကြားလေးက လူတွေလိုပဲ အေးဆေးနေနိုင်လွန်းကြသလို ဖြစ်နေမလားလို့စဉ်းစားမိပါတယ်။

ကျွန်မတို့နိုင်ငံဟာ ဆင်းရဲနေပါသေးတယ်။ ရေပိုက်ခေါင်းဖွင့်ရုံနဲ့ ရေမရသော၊ မီးခလုတ်နှိပ်ရုံနဲ့ မီးမလင်းသောနေရာတွေအများကြီးရှိနေပါတယ်။ ကျွန်မတို့က အခုလိုပြုန်းတီးမှုတွေကို မထိန်းသိမ်းရင် ကျေးလက်နေပြည်သူတွေရဲ့ လူနေမှုဘဝတွေ မြင့်တက်လာဖို့ လုပ်ဆောင်တဲ့နေရာမှာ ပိုပြီးတော့ ကြာသွားမလား လို့ပူပင်မိပါတယ်။ မြို့နေလူတွေက သောက်ရေအတွက်ခပ်မနေရပါဘူး။ ထမင်းကိုမီးမွေးပြီး ချက်ရတာအရမ်းကို နည်းပါတယ်။

အခုဆိုရင် အယ်လ်နီညိုရာသီဥတုနှစ်ကိုကျရောက်နေတဲ့အတွက် ပုံမှန်ထက်ကျော်လွန်တဲ့ပူပြင်းမှုတွေ၊ ရေရှားပါးမှု၊ ကူးစက်ရောဂါပြန့်ပွားမှုတွေ မြန်မာနိုင်ငံမှာကြုံတွေ့နေရတယ်လို့ မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ မျှဝေထားတာတွေလည်းတွေ့နေရတယ်။ မြန်မာနိုင်ငံအထက်ပိုင်းတိုင်းဒေသကြီးတွေဟာ ပုံမှန်ကို ရေပြတ်လတ်တဲ့ နေရာတွေဖြစ်ပြီး အခုဆိုရင် တိုင်းဒေသကြီး၁၁ခုမှာ သောက်သုံးရေပြတ်လပ်မှုတွေဖြစ်နေပါပြီ။

ဒေါက်တာထွန်းလွင်မျှဝေတဲ့ထဲမှာပါတာက မြန်မာနိုင်ငံအနေနဲ့ အဓိကရေရရှိနေတဲ့ ပင်မရေအရင်းအမြစ်တွေဖြစ်တဲ့ မြေအောက်ရေ၊ မိုးရေရရှိမှုစတဲ့ ရေချိုရရှိမှုတွေလျော့နည်းလာပြီလို့ ဆိုပါတယ်။ အပူချိန်မြင့်တက်လာတာအပြင် သစ်တောပြုန်းတီးမှုတွေလည်း တွင်တွင်ကျယ်ကျယ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ရေချိုတွေအရင်နှစ်ကထက် ပိုရှားပါးခန်းခြောက်နေတယ်လို့လည်း ဒေါက်တာကပြောထားပါသေးတယ်။

ကမ္ဘာ့တစ်ဝန်းမှာ ၁.၈ဘီလီယံသော လူတွေက သန့်ရှင်းတဲ့ရေ မရရှိနိုင်ပဲဖြစ်နေပါတယ်။ ၂၀၁၅ခုနှစ် ဇန်နဝါရီလက ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် မှာဆိုရင် ရေပြဿနာက လူမှုဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုအရ နံပါတ်တစ်စိန်ခေါ်မှုဖြစ်လာပါတယ်။ ရေနဲ့ပတ်သက်တဲ့ရောဂါကြောင့် မိနစိကိုးဆယ်တိုင်းမှာ ကလေးတစ်ယောက်သေဆုံးနေရတယ်။ လူတွေရဲ့ ပြုန်းတီးစေသော ရေသုံးစွဲမှုနည်းလမ်းတွေကို မပြောင်းလဲဘူးဆိုရင် လာမယ့်၁၅နှစ်အတွင်း သန့်ရှင်းသောရေရရှိမှုက အခုထက် ၄၀ရာခိုင်နှုန်းလျော့ကျသွားနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။

ကျွန်မတို့ ရေပြုန်းတီးမှုတွေပြုလုပ်ရင် ကျွန်မတို့ရဲ့ မျိုးဆက်တွေအတွက် ကျန်းမာရေးပြဿနာတွေကို အခြားသောပြဿနာ တွေနဲ့အတူ အမွေပေးခဲ့သလိုဖြစ်နေမှာပါပဲ။ အခုမှဖွံ့ဖြိုးဆဲ၊ အပြောင်းအလဲတွေကို စတင်နေရဆဲဖြစ်တဲ့ ကျွန်မတို့နိုင်ငံမှာ ရေပြဿနာကိုထိန်းသိမ်းကြဖို့ဆိုတာ တစ်ဦးချင်းလည်းလုပ်လို့ရနေပါတယ်။ ဒါပေမယ့် အခုလက်ရှိမှာတော့ မြန်မာနိုင်ငံအနှံအပြားမှာ ရေမလာတဲ့ ပြဿနာတွေဖြစ်နေပါပြီ၊ ကျွန်မတို့သာ သဘာဝအရင်းအမြစ်တွေ မတန်တဆ မဆင်မချင် ထုတ်ယူမသုံးစွဲကြဘူးဆိုရင်၊ ကျွန်မတို့အားလုံး သစ်ပင်တွေပြန်စိုက်ကြမယ်ဆိုရင်၊ ကျွန်မတို့အားလုံး ကျွန်မနေခဲ့ဖူးတဲ့ရပ်ကွက်ထဲက လမ်းဘေးမှာ ရေတွေ လျှံနေတာမျိုးတွေမဖြစ်ရအောင် ထိန်းသိမ်းတတ်ကြမယ်ဆိုရင်…..။

မတ်လ ၂၂ ရက်၊ ကမ္ဘာ့ရေနေ့ အထိမ်းအမှတ် ဆောင်းပါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly