အစိုးရအဖွဲ့သစ်စာရင်း ကြေညာချက်ကို ကြိုဆိုပါတယ်

အစိုးရအဖွဲ့သစ်စာရင်း ကြေညာချက်ကို ကြိုဆိုပါတယ်

မနေ့က ထုတ်ပြန်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ အစိုးရအဖွဲသစ် စာရင်းအပေါ် ပြည်တွင်း တွင်သာမက ပြည်ပနိုင်ငံတွေကပါ စိတ်ဝင်စားကြတာ တွေ့ရပါတယ်။ ဘာ့ကြောင့်လဲ။

လွန်ခဲ့တဲ့ နှစ်ငါးဆယ် နောက်ဆုတ်ကြည့်ပါ။ မိမိတို့ပြည်သူများနဲ့ နိုင်ငံတကာအနေနဲ့ မိမိတို့ နိုင်ငံမှာ အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာတဲ့အချိန်တိုင်း စိတ်ဝင်စားမှု နည်းခဲ့ကြပါတယ်။ ဘာကြောင့် လဲ။

ယခင်တုန်းကတော့ အစိုးရအဖွဲ့သစ် ဖွဲ့သည်ပဲဖြစ်ပစေ၊ အဲဒီအစိုးရအဖွဲ့မှာ သမ္မတက ဘယ်သူ၊ ဝန်ကြီးချုပ်က ဘယ်သူ အစရှိသည့် သတင်းများအပေါ် မိမိတို့ပြည်သူများ စောင့်စားနားထောင်ခြင်း၊ စိတ်ဝင်စားမှုပြခြင်း မရှိသလောက် ဖြစ်ခဲ့ကြပါတယ်။ ဘာပြုလို့လည်းဆိုတော့ အားလုံးသိကြသည့်အ တိုင်း အဲဒီ အစိုးရအဖွဲ့ဆိုတာ၊ အဲဒီ အစိုးရအဖွဲ့ ခေါင်းဆောင်များဆိုတာ လူထုက ရွေးချယ်တင်မြှောက် သူများကတဆင့် ရွေးချယ်တဲ့ အစိုးရအဖွဲ့နဲ့ အစိုးရအဖွဲ့တာဝန်ရှိသူများ မဟုတ်လေတော့ ဒီသတင်းအ ပေါ် လူထုက မျှော်လင့်ချက်မထားခဲ့ကြ စိတ်ဝင်စားမှု မပြခဲ့ကြတဲ့သဘောပါပဲ။

အခုတော့ အနာအဆာ အနည်းငယ်ရှိနေသည့်တိုင် လိုအပ်ချက် ရာနှုန်းပြည့် မပြည့်သည့်တိုင် အစိုးရအဖွဲ့သစ်နဲ့ အစိုးရအဖွဲ့ဝင်အများစုဟာ လူထုက သူတင်မြှောက်တဲ့ ကိုယ်စားလှယ်များကတဆင့် ရွေးချယ်ခွင့်ရခဲ့ကြတာမို့ မိမိတို့ပြည်သူများ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။ အခု လို ရွေးချယ်ခံရတဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေဟာ တကယ်ပဲ တိုင်းပြည်ကို အလေးအနက်ထားသူ များ၊ လူထုအပေါ် ကျိုးနွံသူများ ဖြစ်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စိတ်ဝင်စားလာကြရတာ ဖြစ်ပါတယ်။

တချိန်တုန်းက အစိုးရအဖွဲ့ဆိုတာ ၊ တချိန်တုန်းက အစိုးရအဖွဲ့ တာဝန်ရှိသူတွေဆိုတာ တိုင်းပြည်ကို တာဝန်ခံကြရသူတွေ မဟုတ်ပါဘူး။ တိုင်းပြည်က ကြည်ဖြူတာ မကြည်ဖြူတာကို လေးနက်ကြရသူ တွေလည်း မဟုတ်ပါဘူး။ လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် လူတစ်စုက စိတ်ကြိုက်ရွေးချယ် တာဝန် ပေးခဲ့ကြတာဖြစ်လို့ တရားအရပင်လျင် လူတစ်ဦး ဒါမှမဟုတ် လူတစ်စုကိုပဲ တာဝန်ခံကြရတာ ဖြစ်ပါ တယ်။ တိုင်းပြည်အပေါ် မလေးနက်ပဲ နေလို့ရပေမယ့် သူတို့ကို ရွေးချယ်တာဝန်ပေးလိုက်တဲ့ လူတစ် ဦး ဒါမှမဟုတ် လူတစ်စုအပေါ်မှာပဲ လေးနက်ဖို့ လိုခဲ့ပါတယ်။

တိုင်းပြည်အပေါ် လူထုအပေါ် တာဝန်ခံဖို့မလို လူထုအပေါ် လေးနက်ဖို့ မလိုတဲ့အတွက် နှစ် ငါးဆယ်ကျော် ကာလအတွင်း တိုင်းပြည်အုပ်ချုပ်ခွင့်ရသူ အဆက်ဆက်ဟာ လူထုအပေါ် မောက်မာ လို့လည်းရ၊ တိုင်းပြည်အပေါ် တာဝန်မကျေရင်လည်း ရကြပါတယ်။ တိုင်းပြည်ကောင်းစားရေး တိုင်းပြည်ဂုဏ်သိက္ခာ မကျဆင်းရေးဆိုတာထက် လူတစ်စုကောင်းစားရေး လူတစ်စု လုပ်ပိုင်ခွင့်အာ ဏာ အထိပါးမခံရရေးကိုပဲ ဦးတည်ခဲ့ကြတာချည်းပါပဲ။ အဖြေကတော့ လူတစ်စုလက်ထဲ တိုင်းပြည်အာဏာတွေ စုသထက်စုသွားစေပြီး တိုင်းပြည်စီးပွားဟူသမျှလည်းပဲ လူတစ်စုလက်ထဲ စုပြုံရောက်ရှိသွားခဲ့တဲ့ အဖြေပါပဲ။ အနှစ်ချုပ်ရရင် လူူထုကမွဲပြီး လူတစ်စုက ချမ်းသာလာကြရတဲ့ အဖြေပါပဲ။

အခုတော့ မိမိတို့တိုင်းပြည် တခေတ်ဆန်းချိန် ရောက်တော့မည်ဟု မျှော်လင့်ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူလူထုကြီးတစ်ရပ်လုံး လွတ်လပ်စွာ ဆန္ဒမဲပေးခွင့်ရခဲ့ကြလို့ ကိုယ်နှစ်သက်တဲ့ ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲ ၇၅ ရာခိုင်နှုန်း ပို့နိုင်ခဲ့ပါပြီ။ တိုင်းပြည်ရဲ့ လက်ရှိကျင့်သုံးခွင့်ရနေ တဲ့ ခါးလိမ်ထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ၁၀၀ ရာခိုင်နှုန်းပြည့် ပြည်သူ့ဆန္ဒ ကိုယ်စားမ ပြုတဲ့ လွှတ်တော်ဖြစ်သည့်တိုင် ယခင်တုန်းကနဲ့စာရင် တိုင်းပြည်တည်ဆောက်ရေး လူထုကောင်းစား ရေး အစပျိုး လုပ်ခွင့်ရလာခဲ့ကြပါပြီ။

ဒါကြောင့်မို့ မနေ့က ပြည်သူ့လွှတ်တော်က ထုတ်ပြန်ကြေညာတဲ့ အစိုးရအဖွဲသစ်စာရင်းကို မိမိတို့ မဇ္ဈိမအနေဖြင့် မူအားဖြင့် ကြိုဆိုထောက်ခံပါကြောင်း ပြောဆိုအပ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly