သေမင်းတည်ခင်းတဲ့ ညလယ်စာကို ဒါရိုက်တာ သည်ခေတ်နေက သရုပ်ဆောင်သစ်များဖြင့် ပုံဖော် ရိုက်ကူးမည်

သေမင်းတည်ခင်းတဲ့ ညလယ်စာကို ဒါရိုက်တာ သည်ခေတ်နေက သရုပ်ဆောင်သစ်များဖြင့် ပုံဖော် ရိုက်ကူးမည်

ရန်ကုန် ၊ ဇွန် ၃၀ ။      ။ ဇာတ်လမ်း ပုံစံ ခပ်ဆန်းဆန်းများကို  ရိုက်ကူး နေသည့် ဒါရိုက်တာ သည်ခေတ်နေက ဇူလိုင်လတွင် သရုပ်ဆောင် အသစ် ၁၁ဦးဖြင့် သေမင်းတည်ခင်းတဲ့ ညလယ်စာ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးမည်ဟု မဇ္ဈိမကို  ပြောသည်။

အဆိုပါ ဇာတ်ကားအတွက် ဇာတ်လမ်း ၊ ဇာတ်ညွှန်း ၊ ဒါရိုက်တာ သည်ခေတ်နေ ဖြစ်ကာ ပါဝင်မည့် သရုပ်ဆောင်သစ်များကို ၎င်း၏ ဖေ့ဘုတ်မှ တဆင့် ခေါ်ယူ ခဲ့ခြင်း ဖြစ်သည်။

ဒါရိုက်တာ သည်ခေတ်နေက " ဒီဇာတ်ကား အတွက်ကို  နှစ်နှစ်လောက် ကတည်းက စိတ်ကူးထားတာ ကြာပြီ။ ရွေးထားတဲ့ သရုပ်ဆောင်သစ် တွေထဲမှာ တချို့က  သရုပ်ဆောင်ပိုင်းနဲ့ ထိတွေ့ဖူးတယ်။ တချို့ကတော့ အစိမ်းသက်သက်တွေ သူတို့ကို ကျွန်တော် ဇာတ်ကား ရိုက်ကူးရင်းနဲ့ သင်ကြား ပေးသွားမှာပါ။ သူတို့ကို ကျွန်တော် ယုံတယ်" ဟု ပြောသည်။

ထို ဇာတ်ကားကို ဒါရိုက်တာ သည်ခေတ်နေက ၎င်း ရိုက်ကူးနေကျ ပုံစံမျိုး နှင့် လုံး၀ ကွဲထွက် သည့် ပုံစံဖြင့် ရိုက်ကူး သွားမည် ဖြစ်ပြီး အချစ် ဇာတ်ကား ၊ အက်ရှင် ဇာတ်ကား ၊ ဒရမ်မာ ၊ သရဲကား စသည့် ပုံစံမျိုးတွေ မဟုတ်ပဲ မတူသည့် ရသများကို ပရိသတ်များခံစားရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အမျိုးသား သရုပ်ဆောင် ၇ဦး ၊ အမျိုးသမီး သရုပ်ဆောင် ၄ဦး စုစုပေါင်း ၁၁ဦးဖြင့် ဇူလိုင်လကုန်တွင် ရန်ကုန်မြို့၌ စတင် ရိုက်ကူးမည် ဖြစ်ပြီး တစ်လခွဲကြာ ရိုက်ကူး သွားမည် ဖြစ်သည်။ ဇာတ်ကား ရိုက်ကူးရန် အတွက်ကိုလည်း ပြင်ဆင်မှုများ လုပ်ဆောင်လျက် ရှိပြီး ဇာတ်ကား အကြောင်းကိုမူ  ဒါရိုက်တာက လျို့ဝှက် ထားသည်။

ဒါရိုက်တာ သည်ခေတ်နေသည် လက်ရှိတွင် အဆိုတော် လွှမ်းပိုင် ၊ ထိုင်းမင်းသမီး ကရဗီ (Korravee) တို့ဖြင့် 67 Plaza ဇာတ်ကားကို ရိုက်ကူး ထားပြီး ထို ဇာတ်ကားသည် သည်းထိတ်ရင်ဖို ဇာတ်ကား ဖြစ်သည်။

ယခု နောက်ဆုံးတွင်မူ သရုပ်ဆောင် နေတိုး ၊ ပိုင်ဖြိုးသု ၊ ရွှေသမီး တို့ဖြင့် 0013 Call Centre အမည်ရှိ ဗီဒီယို ဇာတ်ကားကို ရိုက်ကူးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly