မကွေးတိုင်းဒေသကြီးတွင် ကျေးရွာပေါင်း ၁၄၂ ရွာခန့် ရေရှားနိုင်

မကွေးတိုင်းဒေသကြီးတွင် ကျေးရွာပေါင်း ၁၄၂ ရွာခန့် ရေရှားနိုင်

မကွေး၊ မတ်၂၂ ။            ။ မကွေးတိုင်းဒေသကြီးအတွင်း ကွင်းဆင်းလေ့လာချက်များအရ ကျေးရွာပေါင်း ၁၄၂ ရွာခန့် ရေရှားပါးမှုနှင့်ကြုံတွေ့နိုင် ကြောင်း မကွေးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန့်ကြားရေးမှူး ဦးဇော်လင်းနိုင်က မဇ္ဈိမသို့ ပြောသည်။

ရေရှားပါးမှုကာကွယ်နိုင်ရေးအတွက် ၂၀၁၆ခုနှစ်ဇန်နဝါရီမှ စတင်၍ စီမံကိန်းရေးဆွဲခဲ့ပြီး၊ရေရှားပါးသည့်ကျေးရွာများနှင့် အနီးစပ်ဆုံး မြစ်၊ချောင်း၊ အင်းအိုင်၊ စက်ရေတွင်း၊ရေတွင်း၊ ရေကန်များမှ   ရေများကို သက်ဆိုင်ရာမြို့နယ်မှ မီးသတ်ရေယာဉ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနမှကားများနှင့် ၆ ဂါလံရေပုံးများ တင်ဆောင်၍ လိုက်လံပို့ဆောင်ခြင်းများ၊ ပုဂ္ဂလိကမော်တော်ယာဉ်များဖြင့် ဂါလံ ၁၆၀၀ ဆန့်ရေးကားများဖြင့်လည်း သောက်သုံး ရေဖြန့်ဝေမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်းက ရှင်းပြသည်။

သက်ဆိုင်ရာမှသတိပေးထုတ်ပြန်ထားမှုများအပေါ် လေးစားလိုက်နာရန်နှင့် ရေကိုအထူးခြွေတာသင့်ကြောင်း မကွေးတိုင်းအတွင်း၊ လယ်ယာမြေနှင့် တောင်သူလယ်သမားအရေး   ဆောင်ရွက်ပေးလျှက်ရှိသော   မြန်မာလူမှုဦးဆောင်လှုပ်ရှား သူများအဖွဲ့(MSIG)မှ ဦးယုနိုင်က ယနေ့ကျရောက်သော မတ် ၂၂ ရက်နေ့၊ ကမ္ဘာ့ရေနေ့တွင် မဇ္ဈိမသို့ ပြောပြသည်။

ကျေးရွာများရှိသောက်သုံးရေကန်များမှရေများကို စိုက်ပျိုးရေအတွက် မသုံးစွဲသင့်သည့်အပြင် ယခုနှစ်တွင် သက်တမ်းရင့်(စပါး၊ ပဲတီစိမ်း၊နှမ်း)မျိုးများနေရာတွင် ရေအနည်းငယ်နှင့် သက်တမ်းတို၍အထွက်နှုန်းကောင်းသော မျိုးစေ့များစိုက်ပျိုးရန် လိုအပ်ကြောင်း ဦးယုနိုင် ကဆိုသည်။

ယခုအခါ မကွေး၊တောင်တွင်း၊ စလင်း၊ သရက်၊ ချောက်၊ ရေနံချောင်းနှင့် တိုင်းအတွင်း အခြားမြို့နယ်များတွင် သောက်သုံးရေပြတ်လပ်မှုများ ကြုံတွေ့နေရပြီး၊ဌာနဆိုင်ရာများနှင့်   ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကဲ့သို့သော အရပ်ဖက်အဖွဲ့အစည်းများနှင့် စေတနာ ရှင်များက ထောက်ပံ့လှူဒါန်းမှုများ ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly