မြန်မာ့ရွေးကောက်ပွဲအတွက် အမေရိကန်ဒေါ်လာ ကိုးသိန်းနီးပါး ဂျပန်ကူညီ

မြန်မာ့ရွေးကောက်ပွဲအတွက် အမေရိကန်ဒေါ်လာ ကိုးသိန်းနီးပါး ဂျပန်ကူညီ
မြန်မာရွေးကောက်ပွဲများအတွက် ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၈၉၅,၀၀၀ (ယမ်း ၁၁၁,၀၀၀,၀၀၀) ကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) မှ တစ်ဆင့် ဂျပန်နိုင်ငံမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပံ့ပို့ပေးသည့် သဘောတူ စာချုပ်ကို ဇွန်လ ၃၀ ရက်က လက်မှတ်ရေးထိုးလိုက်သည်။ (ဓာတ်ပုံ- မင်းမင်း၊ မဇ္ဈိမ)

နေပြည်တော်၊ ဇွန် ၃၀  ။         ။ မြန်မာရွေးကောက်ပွဲများအတွက် ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၈၉၅,၀၀(ယမ်း ၁၁၁,၀၀၀,၀၀၀) ပံ့ပိုးပေးမည့် သဘောတူစာချုပ်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၏ ဌာနေညွှန်ကြားရေးမှူးတို့က လက်မှတ်ရေးထိုးလိုက်သည်။
 
အဆိုပါ အကူအညီသည် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကူညီပံ့ပိုးမှုများအတွက် ဂျပန်နိုင်ငံ၏ အကူအညီပေးမှု တစ်ခုဖြစ်သည်။
 
“ဒီငွေတွေက ကော်မရှင်ကိုပေးတာ မဟုတ်ပါဘူး။ ဂျပန်ကပေးတဲ့ ငွေတွေကို UNDPကနေပြီးတော့ မဲရုံတွေမှာ ဆိုလာမီးတွေ တပ်ပေးမှာပါ” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အတွင်းရေးမှူးဖြစ်သူ ဦးတင်ထွန်းက မဇ္ဈိမကို ပြောသည်။
 
ရက်ပေါင်း တစ်ရာကျော်သာလိုတော့သည့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲများကို ညမိုးချုပ်အထိ ရေတွက်နိုင်ရန် နိုင်ငံ တဝှမ်းရှိ လျှပ်စစ်မီးအချိန်ပြည့် မရရှိနိုင်သော မဲရုံများသို့ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်အလုံးပေါင်း ၂၅,၀၀၀ကို ပေးဝေ မည်ဖြစ်သည်။
 
“မဲရုံများတွင် နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များထားပေးခြင်းဖြင့် မဲများကို တိတိကျကျ ရေတွက်နိုင်မှာဖြစ်ပါ တယ်” ဟု ဦးတင်ထွန်းက ဆိုသည်။
 
ရွေးကောက်ပွဲတွင် မဲရုံများအဖြစ် အသုံးပြုမည့် အများပိုင်အဆောက်အဦပေါင်း ၄၅,၀၀၀၏ ထက်ဝက်ခန့်မှာ လျှပ်စစ်မီးအချိန်ပြည့် ရနိုင်မည် မဟုတ်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်းထားသည်။
 
“ရွေးကောက်ပွဲများအပေါ် အများယုံကြည်လက်ခံနိုင်မှုနှင့် မှန်ကန်မှုများရရှိရန် ဆောင်ရွက်သည့်အခါတွင် အသေးစိတ်အချက် အလက်တိုင်း အရေးကြီးပါသည်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ တာဘဲရှိဟီဂုရှိက မှတ်ချက်ပြု ပြောကြား သည်။
 
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ရုံးတွင် ဇွန် ၃၀က ပြုလုပ်သည့် အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် ကော်မရှင်အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။
 
“ရွေးကောက်ပွဲကျင်းပရေး လုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရန်အတွက် မဲများကို စနစ်တကျစုဆောင်းရန်၊ တိတိကျကျ ရေတွက် ရန်နှင့် ဂရုတစိုက် ကိုယ်တွယ်ရန် လိုအပ်ပါသည်။ ထို့အတွက်ကြောင့် မီးအိမ်တစ်လုံးကဲ့သို့ သာမန်ရိုးရှင်းသော ပစ္စည်းလေး တစ်ခုသည် ရွေးကောက်ပွဲကြီး တစ်ခုကို စနစ်တကျ ကျင်းပသောနေရာတွင် များစွာ အထောက်အကူဖြစ်နိုင်ပါသည်” ဟု လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် UNDP၏ ဌာနေညွှန်ကြားရေးမှူး မစ္စတာ တွိုင်လီကာဗနော့ဗ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly