Apple ကုမ္ပဏီ၏အကူအညီမလိုပဲ iPhone ကို Unlock လုပ်နိုင်မည့်နည်းလမ်း FBI တွေ့သွားပြီ ဟုသတင်းထွက်

Apple ကုမ္ပဏီ၏အကူအညီမလိုပဲ iPhone ကို Unlock လုပ်နိုင်မည့်နည်းလမ်း FBI တွေ့သွားပြီ ဟုသတင်းထွက်

ဝါရှင်တန်၊ မတ်၊ ၂၂ ။             ။ အမေရိကန်ပြည်ထောင်စုထောက်လှမ်းရေးဗဟို(FBI) သည် Apple ကုမ္ပဏီ၏ အကူအညီမလိုဘဲနှင့် iPhone ကို Unlock လုပ်နိုင်မည့်နည်းလမ်းရှာတွေ့သွားပြီဟု သတင်းများထွက်ပေါ်လျှက်ရှိသည်။

iPhone ကို Unlock ပြုလုပ်ပေးရန် FBI ကတောင်းဆိုထားမှုနှင့်ပတ်သတ်ပြီး Apple နှင့် FBI ကြားအမှုဖြစ်ပွားလျှက်ရှိရာ မူလက Apple ကုမ္ပဏီဘက်မှ ယနေ့လျှောက်လဲချက်ပေးရန်စီစဉ်ထားသော်လည်း အမေရိကန်တရားရေးဌာန၏ တောင်းဆိုမှုအရ ယနေ့ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်ရကြောင်း Apple ကုမ္ပဏီဘက်မှ အတည်ပြုထုတ်ပြန်ထားသည်။

ဆန်ဘာနာဒီနိုသေနတ်သမား ရစ်ဇ်ဝမ်ဖာရွတ်ခ် အမှုကို စုံစမ်းစစ်ဆေးရာတွင် ၎င်း၏ iPhone အတွင်းမှအချက်အလက် များကို FBI ကဝင်ရောက်ကြည့်ရှု့ရန်လိုအပ်နေပြီး ထိုသို့ဝင်ရောက်ကြည့်ရှု့နိုင်ရန် Apple ကုမ္ပဏီဘက်မှ iPhone ကို Unlock ပြုလုပ်ရာတွင်အကူအညီပေးရန် လိုအပ်လျှက်ရှိသည်။

FBI ကိုကူညီဆောင်ရွက်ပေးရန် Apple ကို တရားရေးဌာနက အမိန့်ထုတ်ထားပြီးဖြစ်သော်လည်း Apple ကမူ ၎င်း၏ကုန်ပစ္စည်းကိုသုံးစွဲသူများ၏ အချက်အလက်လုံခြုံရေးအတွက် ဥပဒေကြောင်းအရဆက်လက်တိုက်ပွဲဝင်လျှက် ရှိသည်။

သို့သော် Apple နှင့် FBI အကြားထိုအငြင်းပွားမှုစတင်အရှိန်မြင့်လာသည့်အချိန်မှစပြီး ကျွမ်းကျင်သူများက FBI အနေဖြင့် iPhone ကို ၎င်းတို့ဘာသာ Unlock ပြုလုပ်ရန်နည်းလမ်းရှာမတွေ့ဘဲနေမည်မဟုတ်ဟု ခန့်မှန်းခဲ့ကြပြီး ယခုအခါတွင် FBI က နည်းလမ်းတွေ့သွားပြီဟု သတင်းများထွက်ပေါ်လာပြီ ဖြစ်သည်။

လေ့လာသူများကမူ ထိုသတင်းများမှန်ကန်ပါက FBI နှင့် Apple အကြား အမှုမှာ အလိုအလျောက်ပြီးဆုံးသွားမည် ဖြစ်ပြီး အကယ်၍ ထိုကဲ့သို့မဟုတ်ပါက အမှုဆက်လက်ရင်ဆိုင်နေသည်ကို ဆက်လက်တွေ့မြင်ရမည်သာဖြစ်သည်ဟု သုံးသပ်လျှက်ရှိသည်။

Apple ကုမ္ပဏီအနေဖြင့်မူ ၎င်းတို့ထုတ်ကုန်များ၏လုံခြုံရေးစနစ်စိတ်ချရမှုမှာ ကုမ္ပဏီအပေါ်ကြီးမားသည့် အကျိုး သက်ရောက်မှု ရှိမည်ဖြစ်သဖြင့် အကယ်၍ FBI က၎င်းတို့ဘာသာ Unlock ပြုလုပ်နိုင်သွားမည်ဆိုပါက ထိုလုံခြုံရေး အားနည်းချက်ကို အမြန်ဆုံးပြင်ဆင်ဖာထေးသွားဖွယ်ရှိနေသည်။

ရစ်ဇ်ဝမ်ဖာရွတ်ခ်သည် သူ၏ဇနီးဖြစ်သူနှင့်အတူ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဘာနာဒီနိုမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုကျူးလွန်ခဲ့သူဖြစ်ပြီး ၎င်းတို့ဇနီးမောင်နှံ၏တိုက်ခိုက်မှုကြောင့် ၁၄ ဦးအထိ သေဆုံးခဲ့ကာ၊ ၂၂ ဦး ဒဏ်ရာရရှိခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် ရစ်ဇ်ဝမ်ဖာရွတ်ခ်နှင့် ဇနီးကို ရဲတပ်ဖွဲ့ကအသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကာ ယခုအခါတွင် ၎င်းတို့နှင့်ဆက်စပ်နေသော အကြမ်းဖက်သမားများနှင့်အဖွဲ့အစည်းများကိုဆက်စပ်ဖော်ထုတ်နိုင်ရန် FBI ကစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly