“ အနာဂတ်မှာ ရုပ်သံမီဒီယာကို လူတစ်စုက လက်ဝါးကြီး အုပ်မသွားရလေအောင်(၂)”

“ အနာဂတ်မှာ ရုပ်သံမီဒီယာကို လူတစ်စုက လက်ဝါးကြီး အုပ်မသွားရလေအောင်(၂)”

ကိုမျိုးသန့်ရေ

မနေ့က ကျွန်တော် ရေးပို့ပေးတဲ့ မီဒီယာဥပဒေ ညီလာခံအကြောင်း ဆက်ပြီး ပြောပြပါရစေ။ ဒီ ကိစ္စက အတော်လည်း အရေးကြီးတယ်လို့ ကျွန်တော်ထင်လို့ပါ။ အကြောင်းကတော့ ရုပ်သံ၊ ရေဒီယို အသံလွှင့်လုပ်ငန်းတွေ ဆိုတာဟာ ကျွန်တော်တို့ ပုံနှိပ်လုပ်ငန်းတွေထက် အရင်းအနှီး၊ အကျိုးအမြတ် အဆပေါင်းများစွာ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီး ဖြစ်ပါတယ်။ ဒီစီးပွားရေး လုပ်ငန်းကြီးတွေကို ကိုယ့်ဖာသာကိုယ် လုပ်ကိုင်လို့ရတာမျိုး မဟုတ်ပဲ နိုင်ငံရဲ့ အဖိုးတန်ရတနာ၊ ဒါမှမဟုတ် ပြည်သူတွေ ပိုင်တဲ့ သယံဇာတ၊ အကန့်အသတ်ရှိတဲ့ Spectrum လို့ခေါ်တဲ့ လေလှိုင်းကို အသုံးပြုကြရတာလည်း ဖြစ်နေပြန်ပါတယ်။ ဒါတင်လားဆိုတော့ မကသေးပါဘူး။ ရုပ်သံမီဒီယာဆိုတာ ပြည်သူလူထုအပေါ် သြဇာတိက္ကိမ ကြီးမားလေတော့ နိုင်ငံရေးဆိုလည်း ဟုတ်နေပြန်ပါတယ်။ မြန်မာနိုင်ငံလို ငြိမ်းချမ်းရေး တည်ဆောက်ရမယ့် တိုင်းပြည်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်ရမယ့် တိုင်းပြည် အတွက်ဆို ဒီရုပ်သံထုတ်လွှင့်ခွင့် ကိစ္စတွေဟာ ပိုပြီးတော့တောင် အရေးကြီးနေမလားပဲ။

မနေ့က ကျွန်တော် ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့ ညီလာခံ တက်သူတွေ အစုအဖွဲ့ (၄) စုခွဲပြီး ဆွေးနွေးကြပါတယ်။ အဲဒီ အစုအဖွဲ့ တစ်ဖွဲ့စီ တိုင်းမှာ နိုင်ငံခြားတိုင်းပြည်က သက်ဆိုင်ရာ ပညာရှင် တွေ ကျွမ်းကျင်သူတွေ ပါဝင်ကြပါတယ်။ ဥရောပနိုင်ငံတွေမှာ PSB လို့ခေါ်တဲ့ အများပြည်သူ ဝန်ဆောင်မှု အသံလွှင့်လုပ်ငန်းကို ဘယ်လိုမူတွေနဲ့ ဘယ်လို လုပ်ကိုင်နေကြသလဲ ရှင်းပြတဲ့လူတွေ ရှိသလို၊ အိန္ဒိယ၊ သြစတြေးလျ နိုင်ငံတွေမှာရော ဘယ်လိုမူတွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေကြသလဲ ဆိုတာ ရှင်းပြတဲ့သူတွေလည်း ပါပါတယ်။ ကျွန်တော်တို့ အစုအဖွဲ့မှာတော့ ထိုင်းမိုဒယ်ကို ရှင်းပြတဲ့ National Broadcasting and Telecommunications Commission (NBTC) ရဲ့ ကော်မရှင်နာ ဆုပန်ကလျာ ပါပါတယ်။

ဒုတိယနေ့မှာတော့ အစုအဖွဲ့အလိုက် ဆွေးနွေး ရရှိချက်တွေကို စုစည်းပါတယ်။ အကြံပြုချက် တစ်ချို့ကို ကျွန်တော် ပြောပြပါ့မယ်။ ၁ မှာ “အသံလွှင့်လုပ်ငန်း လိုင်စင်ရရှိသူများ အနေဖြင့် အသံ ထုတ်လွှင့်မည့် ဝန်ဆောင်မှု (Broadcasting Services) ကိုပါ ရရှိအောင် အာမခံပေးရမည်။ ထဝန် ဆောင်မှုပေးမည့် ဌာန (Service Provider) မှာလည်း တစ်ခုမက ရှိသင့်သည်။ အသံလွှင့်လုပ်ငန်း စီမံခန့်ခွဲ အုပ်ချုပ်ရေးအဖွဲ့ Governing body အနေနဲ့ ဤကိစ္စအလို့ငှာ လုပ်ပိုင်ခွင့် အပြည့်အဝ ရှိသင့် သည်” လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ ရုပ်သံထုတ်လွှင့်ခြင်း ဥပဒေ ရှိနေနှင့်ပြီး နည်းဥပဒေကိုပါ အတည်ပြုပြီးရင် လိုင်စင်တွေ လျောက်ကြတော့မှာပါ။ သတ်မှတ်ချက်နဲ့ ကိုက်ညီရင် အဲဒီ လိုင်စင် ရထားသူတွေဟာ ရုပ်သံ ထုတ်လွှင့်ရတော့မှာပါ။ ဒီအခါ ဘယ်အခြေခံ အဆောက်အဦတွေ အသုံးပြု ပြီး ထုတ်လွှင့်မှာပါလဲ။ ရုပ်သံထုတ်လွှင့်ဖို့ဆိုရင် ရုပ်သံဆိုင်ရာ အစီအစဉ်တွေကို ရိုက်ကူးထုတ်လုပ်တာ တွေတင်မက ထုတ်လွှင့်မယ့် စက်ပစ္စည်းကရိယာတွေ၊ တာဝါတိုင်တွေ၊ လိုအပ်ပါတယ်။ ဒါတွေဟာ အလွန့်အလွန် ကုန်ကျစားရိတ်များ ဈေးနှုန်းကလည်း ကြီးမြင့်တာမို့ အဲဒီ အခြေခံ အဆောက်အဦကို ကိုင်ထားနိုင်တဲ့သူက ထင်သလို ချယ်လှယ်ရင် လိုင်စင်ရထားသူတွေ ကောင်းကောင်း ဒုက္ခ ရောက်သွားနိုင်ပါတယ်။ ခုဆိုရင် အဲလို အခြေခံ အဆောက်အဦ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ တပ်မတော်မှာ အများစု၊ ရွှေသံလွင်ကုမ္ပဏီမှာ တစ်ချို့ ရှိပါတယ်။ အခုအကြံပြုချက်ကတော့ အသံ လွှင့်လုပ်ငန်း  စီမံခန့်ခွဲအုပ်ချုပ်ရေးအဖွဲ့ Governing body ဟာ ဒီပြဿနာ ကောင်းကောင်း ကိုင်တွယ် ဖို့လိုပြီး မျှတမှုလည်း ရှိသင့်တယ်လို့ ဆိုထားတာပါ။

ကိုမျိုးသန့်ရေ။

နံပတ် ၂ ကတော့ “ရုပ်သံလိုင်းများကို စီးပွားဖြစ် Commercial လိုင်းနဲ့ စီးပွားဖြစ် မဟုတ်သော လိုင်းများကို အချိုးအစား သတ်မှတ်မှု ထားရှိသင့်သည်။ ဥပမာ ၅၀ ရာခိုင်နှုန်းစီ သတ်မှတ်ထားတာ မျိုး” ကျွန်တော်တို့ ဆွေးနွေးရသလောက်ကတော့ ထိုင်း နမူနာမှာဆိုရင် ရုပ်သံ ထုတ်လွှင့်ခွင့်အတွက် လိုင်းပေါင်း ၄၈ လိုင်း လျာထား သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီ ၄၈ လိုင်းမှာ ၂၄ လိုင်းဟာ စီးပွားဖြစ် ချယ်နယ်တွေအတွက် လျာထားပြီး ကျန် ၂၄ လိုင်းကိုတော့ စီးပွားဖြစ် မဟုတ်တဲ့ PSB အများပြည်သူ ဝန်ဆောင်မှုနဲ့ အခြားချယ်နယ်တွေအတွက် လျာထားတာ တွေ့ရလို့ပါ။ ဒီလို ခွဲခြား သတ်မှတ်ထားတာ မရှိရင် ရုပ်သံလုပ်ငန်းဟာ စီးပွားရေး အကျိုးအမြတ် တစ်ခုတည်းအတွက် လုပ်ခွင့် ပေးတဲ့ အနေအထားကို ရောက်သွားမှာဖြစ်ပြီး ပြည်သူတွေအတွက် အကျိုးမများနိုင်ပါဘူး။

နောက်တစ်ချက်ကတော့ လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ လျောက်ထားရယူနိုင်တဲ့ လိုင်စင် (အသံလွှင့်လိုင်း) အရည်အတွက်ကို ကန့်သတ်ထားသင့်တယ် ဆိုတာပါ။ ဥပမာ ကျွန်တော်တို့ဆီမှာ လက်ရှိ တာဝါတိုင် လေလှိုင်းကို အသုံးပြုပြီး အနာလော့ဂ် စနစ်နဲ့ရော၊ ဒီဂျစ်တယ် စနစ်နဲ့ပါ ထုတ်လွှင့် နေတဲ့ လိုင်းအတော်များများ ရှိပါတယ်။ (ဂြိုလ်တုစနစ်နဲ့ ထုတ်လွှင့်တာနဲ့ မဆိုင်ပါ။) မြန်မာ့ရုပ်သံနဲ့ ဆက်နွှယ်လိုင်းတွေ၊ မြဝတီ ရုပ်သံနဲ့ ဆက်နွှယ်လိုင်းတွေ၊ MRTV-4 နဲ့ ဆက်နွှယ်လိုင်းတွေ စသဖြင့် အတော်များများ ရယူထားကြပါတယ်။ ထိုင်းနိုင်ငံမှာတော့ အဲလို လုပ်လို့ မရပါဘူး။ ကုမ္ပဏီ တစ်ခုကို အများဆုံး လိုင်းသုံးလိုင်းပဲ ရယူခွင့်ပေးပါတယ်။ နောင် ကျွန်တော်တို့ဆီမှာ ရုပ်သံထုတ်လွှင့်ခွင့် လိုင်စင်တွေ ပေးတဲ့အခါ အဲလို ကုမ္ပဏီတစ်ခုထဲက လိုင်းအများအပြား အသုံးပြုခွင့် မပေးပဲ လိုင်းအ ရည်အတွက် အညီအမျှ သတ်မှတ်ပေးဖို့ လိုမယ့်အကြောင်း အကြံပြုကြတာပါ။

နောက်ထပ် အကြံပြုချက် တစ်ခုကတော့ “အသံလွှင့်လုပ်ငန်းများကို စီမံခန့်ခွဲ အုပ်ချုပ်မယ့် အဖွဲ့ Governing body သည် တစ်ဖွဲ့သာရှိသင့်ပြီး ထိုအဖွဲ့မှာ ဆက်သွယ်ရေးဆိုင်ရာ Telecommunication နှင့် အသံလွှင့် Broadcasting ကဏ္ဍ နှစ်ခုစလုံးအတွက် တာဝန်ယူသင့်သည်” ဆိုပြီး ဖြစ်ပါတယ်။ ဒီအကြံပြုချက်ကတော့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ရဲ့ အကြံပြုချက်နဲ့လည်း တူညီပါတယ်။ အကြောင်းကတော့ ကမ္ဘာမှာ နည်းပညာသဘောအရ Telecommunication နဲ့ အသံ လွှင့် Broadcasting ဆိုတာ ဆက်စပ်လုပ်ငန်းတွေ ဖြစ်နေလို့ပါ။ အခြား အကြံပြုချက်တွေလည်း ရှိနေသေးပေမယ့် ဒီအချက်တွေကတော့ ပိုအရေးကြီးတဲ့ အကြံပြုချက်တွေအဖြစ် မြင်ကြောင်းပါ။

ကျန်းမာပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly