ပုဂ္ဂိုလ်ဦးဆောင်မှု နှင့် မူဦးဆောင်မှု

ပုဂ္ဂိုလ်ဦးဆောင်မှု နှင့် မူဦးဆောင်မှု

နောက်ထပ် ဖွဲ့စည်းပေါ်ပေါက်လာမည့် အစိုးရအဖွဲ့သစ်ကို အစိုးရအဖွဲ့သစ်၏ ခေါင်းဆောင်ဖြစ် သူ သမ္မတကြီးက ခေါင်းဆောင်မည်ဖြစ်သည်။ ဤသည်မှာ သမရိုးကျ အဖြေပင်ဖြစ်သည်။ ဘာမျှမ ဆန်း။ သို့သော် နောက်တက်လာမည့် အစိုးရသစ်တွင် သမ္မတဟူ၍ ရှိသော်ငြားလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သမ္မတအထက်က ဦးဆောင်သွားမည်ဖြစ်သည် ဟူသည့် သတင်းများကြောင့် သမရိုးကျ မဟုတ်ဟုယူဆကာ အမြင်အမျိုးမျိုး ပြောဆိုလာကြသည်ကို တွေ့ရပါသည်။

အထက်ပါသဘောထားမျိုး သက်ဝင်သည့် စကားများကို အမျိုးသားဒီမိုကရစီ အဖွဲ့ချုပ်ခေါင်း ဆောင် တချို့ကလည်း ကြိမ်ဖန်များစွာ ပြောဆိုခဲ့ကြ၏။ ထို့ကြောင့်လည်း မတူသည့် သဘောထား အမြင်များ ထွက်ပေါ်လာရခြင်း ဖြစ်သည်။ မှန်ပါသည်။ သမ္မတသည် အစိုးရအဖွဲ့ကို ဦးဆောင်ရမည့်သူ ဖြစ်သည်ဆိုသည်မှာ မဆန်းကြယ်သော်ငြား ထွက်ပေါ်လာသည့် သတင်းများအရ သမ္မတက အဓိက ဦးမဆောင်ပဲ အခြားသူတစ်ဦးဦးက နောက်မှ ကြိုးကိုင်ခေါင်းဆောင်မည်ဟု ဖြစ်လာသောအခါ ဝေဖန် သံများ၊ ပြစ်တင်မှုများနှင့် ရှုပ်ထွေးမှုများ ထွက်ပေါ်လာရတော့သည်။

အမှန်တကယ်တော့ သည်လိုအဓိပါ္ပယ် သက်ရောက်သည့် စကားများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်များသည် ရေရာရှင်းလင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုပြီးမှသာ ထုတ်ဖေါ်ပြောဆိုသင့် သည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့ပြည်သူများသည် ရာစုနှစ်တဝက်ကျော်သည်အထိ အာဏာရှင် တစ်ဦးဦးက ကြိုးကိုင်လှုပ်ရှားသည့် အစိုးရအဖွဲ့ပုံစံမျိုးနှင့်သာ အကျွမ်းဝင်ခဲ့ကြရသဖြင့် ယခုလို အပြောင်းအလဲကာလတွင် အစိုးရသစ်ကို အခြားသူတစ်ဦးဦးက ကြိုးကိုင်လှုပ်ရှားမည်ဟူသည့် စကားအပေါ် စိတ်ပူကြ သံသယဝင်ကြရမည်မှာ အသေအချာပင်ဖြစ်သည်။ ထို့ကြောင့် အဖွဲ့ချုပ် တာဝန်ရှိသူများက သည့်ထက် ပိုမိုရှင်းလင်း တိကျသည့်စကားများ ပြောဖို့လိုသည်ဟု ပြောရခြင်း ဖြစ်သည်။

မှန်ပါသည်။ တချို့နိုင်ငံသောနိုင်ငံများတွင် အစိုးရအဖွဲ့ကို နောက်ကွယ်မှ တစ်ဦးဦးက ကြိုးကိုင် ဆောင်ရွက်သည့်ပုံစံများ ရှိခဲ့ဖူး ရှိနေစဲဖြစ်သည်။ ဥပမာ မိမိတို့၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည် ကိုကြည့်လျင် အစိုးရအဖွဲ့နောက်ကွယ်တွင် တရုတ်ကွန်မြူနစ်ပါတီဥက္ကဌက ရှိနေသည်။ ပါတီဥက္ကဋ္ဌ သည် အစိုးရအဖွဲ့တင်မက တစ်နိုင်ငံလုံးကို ထိပ်ဆုံးမှ ဦးဆောင်မှုပေးနေသူ ဖြစ်သည်။

မြန်မာ့သမိုင်းတွင်လည်း ရှိခဲ့ဖူးသည်။ ဗိုလ်ချုပ်ကြီးနေဝင်းက အစိုးရအဖွဲ့မှ နှုတ်ထွက်ကာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီးအဖြစ် ရှိစဉ်က အစိုးရအဖွဲ့တစ်ဖွဲ့လုံးက ပါတီဥက္ကဋ္ဌကြီး၏ ဦးဆောင်မှုဖြင့်သာ လှုပ်ရှားဆောင်ရွက်ကြရသည်။ ထိုစဉ်က ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းသည် အစိုးရအဖွဲ့တွင်မက တိုင်းပြည်တစ်ခုလုံးကိုပင် ဦးဆောင်သူအဖြစ် ရပ်တည်ခဲ့သည်မှာ သမိုင်းလက် တွေ့ပင် ဖြစ်သည်။

ယခုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အရအဖွဲ့သစ်ကို သူကပင် ဦးဆောင်မည်ဟူသည့် အဓိပ္ပါယ်မှာလည်း သည်သဘောပင် ဖြစ်သည်။ အမှန်တကယ်တော့ လည်း မူလက သည်လိုသဘောထားရှိဟန်မတူဘဲ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရအဖွဲ့ကို တိုက်ရိုက် ဦးဆောင်ခွင့်ရှိသည့် သမ္မတတာဝန် ယူခွင့်မရှိသည့်အခါကြမှသာ သည်လိုသတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။ တကယ်တော့လည်း အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်တွေ့ဦးဆောင်မည်ဟု ဆိုလိုခြင်းမဟုတ်ပဲ အဖွဲ့ချုုပ်က ချမှတ်ထားသော မူဘောင်များအရ ဦးဆောင်ခြင်းသာ ဖြစ်သည်ဟူသည့် အဓိပ္ပါယ်ဆိုလျင် ပိုမိုရှင်းလင်းသွားဖွယ်ရှိသည်ဟု ယူဆရပါ သည်။

သို့သော် မိမိတို့ပြည်သူများမှာ အာဏာရှင်အဆက်အဆက် ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ရ ရှင်ငယ် ဝမ်းလည်း ဝင်ခဲ့ရပြီးဖြစ်သဖြင့် အစိုးရအဖွဲ့ရှိပြီးဖြစ်သည့်ကြားက နောက်ထပ် လူပုဂ္ဂိုလ်တစ်ဦးဦးက ထပ်မံခေါင်းဆောင်လိမ့်မည်ဟူသော သတင်းများ ထွက်ပေါ်လာသည့်အခါ စိုးရိမ်သောက ဖြစ်ကြရ သည်မှာ ဘာမျှတော့ မဆန်းချေ။ ခဲမှန်ဖူးသည်စာသူငယ်မို့ စိုးရိမ်မည်ဆိုလည်း စိုးရိမ်လောက်သည်။

အမှန်တကယ်တော့လည်း  သည်တိုင်းပြည်တွင် လက်ရှိအခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်က မူအရခေါင်းဆောင်သွားနိုင်ဖွယ်ရှိသည့် အနေအထားဖြစ်သည်ကို မပြောဘဲနဲ့ သိနေကြပြီးဖြစ်သဖြင့် အခြေအနေများ ရှုပ်ထွေးအောင် အများ စိုးရိမ်ပူပန်မှုမဖြစ်ရလေအောင် မလိုလားသူများက တလွဲပုံ ကြီး ချဲ့ခွင့်မရလေအောင် တာဝန်ရှိသူများက သည့်ထက် ရှင်းလင်းသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များဖြင့် သာ ပြောဆိုဖို့သင့်ပါသည်။

သူတို့က သည်လိုလုပ်ရင် ငါတို့က သည်လိုလုပ်လို့ရသည်ဟူသည့် သာမာန်လူများ နှုတ်လှန် ပြောဆိုသည့်နည်းမျိုးဖြင့် ပြောဆိုခြင်းအားဖြင့် မိမိအဖွဲ့အစည်းကိုလည်းကောင်း၊ မိမိအဖွဲ့အစည်း၏ အခြားသော ခေါင်းဆောင်များကိုလည်းကောင်း၊ ဂုဏ်တင်ရာမရောက် ဖြစ်စေနိုင်သည်ကိုလည်း သတိပြုသင့်ပါသည်။

မည်သို့ပင်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းပြည်က မဲပေးရွေးချယ်ထားသော အနိုင်ရပါတီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ချုပ်ခေါင်းဆောင် လူထု ခေါင်းဆောင်ဖြစ် သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ခေါင်းဆောင်မှုကို မဇ္ဈိမကလည်း မူအရ ထောက်ခံပြီးဖြစ် သည်။ ထို့အတူ မူအရ ခေါင်းဆောင်မှုပြုမည်ဆိုလျင်လည်း ပို၍ ထောက်ခံသွားမည်သာဖြစ်ကြောင်း ပြောဆိုအပ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly