ယခုဘဏ္ဍာနှစ်၌ နယ်စပ်ကုန်သွယ်ရေး ယခင်နှစ်ထက် ဒေါ်လာ သန်းငါးရာကျော် ပိုမို

ယခုဘဏ္ဍာနှစ်၌ နယ်စပ်ကုန်သွယ်ရေး ယခင်နှစ်ထက် ဒေါ်လာ သန်းငါးရာကျော် ပိုမို
ထိုင်းနိုင်ငံနှင့် အဓိက ကုန်သွယ်မှုပြုနေသည့် ကုန်သွယ်ရေးဇုန်များထဲမှ တစ်ခုဖြစ်သည့် ကရင်ပြည်နယ် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်တစ်နေရာ။ (ဓာတ်ပုံ-မဇ္ဈိမ)

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၏ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးသည် ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ပိုမိုများပြားခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက မတ် ၂၁ ရက်တွင် ထုတ်ပြန်သည်။

ယခုဘဏ္ဍာနှစ် ၁၂ လတာကာလ မတ် ၁၁ ရက်အထိ၌ နယ်စပ်ကုန်သွယ်ရေးတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၆ ဘီလီယံ ရှိခဲ့ရာ ယခင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၏ အလားတူကာလတာအတွင်း ၆ ဒသမ ၁၄ ဘီလီယံသာ ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၏ နယ်စပ်ကုန်တင်ပို့မှုသည် ယင်းဆယ်နှစ်လနီးပါးအတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၅ ဘီလီယံရှိပြီး တင်သွင်းမှုတန်ဖိုးမှာ ၂ ဒသမ ၄ ဘီလီယံ ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများနှင့် ဖြစ်ကာ နယ်စပ်ကုန်သွယ်ရေးဇုန် ၁၅ ဇုန်ရှိသည်။ ယင်းနယ်စပ်ကုန်သွယ်ရေးဇုန်များအနက် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သော မူဆယ်ကုန်သွယ်ရေးဇုန်က ကုန်သွယ်မှု အများပြားဆုံးဖြစ်သည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးသည် ဒုတိယအများဆုံး ကုန်သွယ်နယ်စပ်စခန်းဖြစ်သည်။

မြန်မာအစိုးရက နယ်စပ်ကုန်သွယ်ရေးဇုန်သစ် ငါးခုကို ဖွင့်လှစ်ရန်လည်း ရည်မှန်းထားသည်။ တရုတ်နယ်စပ်ကုန်သွယ်စခန်းသစ်တစ်ခု၊ ထိုင်းနှင့် နယ်စပ်ကုန်သွယ်ဇုန်သုံးခုနှင့် အိန္ဒိယနှင့် ကူးလူးသည့် နယ်စပ်ကုန်သွယ်ရေးဇုန်တစ်ခုတို့ကို ဖွင့်လှစ်ရန် ရည်မှန်းထားခြင်းဖြစ်သည်။

သို့သော်လည်း သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများ ချို့တဲ့ခြင်းကြောင်း ယင်းနယ်စပ်ကုန်သွယ်ရေးစခန်းဇုန်သစ်များကို အလွယ်တကူ ဖွင့်လှစ်နိုင်သေးခြင်းမရှိကြောင်း ကုန်သွယ်ရေးဝန်ကြီးှဌာန တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly