တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေသော ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း

တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေသော ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း
ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းက လမ်းမကြီး (ဓာတ်ပုံ- သိင်္ဂီထွန်း၊မဇ္ဈိမ)

တံငါသည်တစ်ဦး၏ ဇာတ်လမ်းတစ်ပုဒ်

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ထောင် တစ်လကျခံခဲ့ရသည့် ရေလုပ်သား ဦးစိုးနိုင်အဖို့ အတိတ်ဖြစ်ရပ်က သူတို့ဘဝအတွက် လှိုင်းတံပိုးထန်ခဲ့တာပါလို့ အဝေးတစ်နေရာကို ငေးကြည့်ရင်းပြောပြသည်။

“ကျွန်တော်တို့ စားဝတ်နေရေးနဲ့ပတ်သတ်ပြီး တော်တော်လေးကို ခံစားရပါတယ်ခင်ဗျ။ လုပ်ငန်းစဉ် ပျက်ပြားသွားလို့၊ ရေနက်ဆိပ်ကမ်းကြီးဖြစ်လာတာ အလုပ်လက်မဲ့လည်းဖြစ်သွားတယ်”

ရေလုပ်သားဦးစိုးနိုင်အပါအဝင် ချာခမ်းတံငါရွာရှိ လှေပိုင်ရှင် ၃ ဦးက ပြည်သူ့ဝန်ထမ်းအမိန့်မနာခံမှုဖြင့် တရားစွဲဆိုခံရပြီး ထောင်တစ်လဆီ အသီးသီး ပြစ်ဒဏ်ပေးခံခဲ့ရခြင်းဖြစ်သည်။

ဒေသအာဏာပိုင်တွေရဲ့ အကြောင်းပြချက်က ထားဝယ် အထူးစီးပွားရေးဇုန် (ထားဝယ်ရေနက်ဆိပ်ကမ်း) နှင့် မလွတ်ကင်းသည့် နေရာတွင်ကျရောက်နေသောကြောင့် ကမ်းခြေမှ ပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဦးစိုးနိုင်က ပြောပြသည်။

“ ကျွန်မဒီကိစ္စကို ပြောရင်းပြောရင်း ပြန်ဝမ်းနည်းတယ်၊ အများကြီးခံစားရတယ်…”

ထိုစကားကို ပြောပြလာသူက ရေလုပ်သားဦးစိုးနိုင်၏ ဇနီးဖြစ်သည်။ “ ကျွန်မတို့မှာ…….” ရှေ့ဆက်ပြောဖို့ လုပ်နေရင်းမှ ဦးစိုးနိုင်၏ ဇနီးဖြစ်သူ၏ စကားသံက တိမ်ဝင်လာသည်။ မေးခွန်းများမေးမြန်းနေခြင်းကို ရပ်နားဖို့ ပြင်လိုက်ပြီးကာမှ ထိုအမျိုးသမီးကဆက်ပြီး “ကျွန်မယောကျာ်း ထောင်တစ်လကျတဲ့အခါမှာ ကျွန်မတို့ လှေတစ်လနားလိုက်ရတယ်၊ စားဝတ်နေရေးအတွက် ဒုက္ခဖြစ်သွားရတာပေါ့” ဟု ဝမ်းနည်းသံဖြင့် အဆုံးသတ်ပြောဆိုလာသည်။ တစ်ချိန်တည်းမှာပင် သူမခင်ပွန်း၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်ကို တွေ့ရသည်။

ဦးစိုးနိုင်တို့ မိသားစုတွင် သားသမီး ၃ ဦးရှိပြီး အားလုံးက ကျောင်းသားများဖြစ်ကြသည်။ လက်ရှိအချိန်တွင် ဦးစိုးနိုင်တို့မိသားစုအပါအဝင် အိမ်ထောင်စု ၃၀ က သူတို့နေထိုင်လျက်ခဲ့သည့် ချာကမ်းတံငါရွာမှ အပြီးတိုင်ဖယ်ရှားပေးလိုက်ရပြီဖြစ်သည်။ ထိုသို့ဖယ်ရှားပေးရခြင်းအတွက် လျော်ကြေးတစ်စုံတစ်ရာ အာဏာပိုင်များထံမှ လက်ခံရရှိုခြင်းမရှိခဲ့ဖူးဟု ဦးစိုးနိုင်က ပြောပြသည်။

ထိုချာကမ်းတံငါရွာသည် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၏ သုည ကီလိုမီတာအနီးတွင် တည်ရှိပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ခန့်ကပင် တည်ရှိခဲ့သည့် ရွာဖြစ်သည်ဟု   ဒေသခံတစ်ချို့က   ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန်၏ ဧရိယာအကျယ်အဝန်းက ထားဝယ်ဒေသ၏ စိုက်ပျိုးမြေဧရိယာတော်တော်များများကို အုပ်စိုးထားသည်။ စုစုပေါင်း မြေဧက လေးသောင်းရှစ်ထောင်ကျော်ကို လွှမ်းခြုံထားသည်။ စီမံကိန်းအတွင်းရှိ အိမ်ထောင်စု အများစု၏ အသက်မွေးဝမ်းကြောင်းက စိုက်ပျိုးရေးနှင့် သဘာဝသံယံဇာတလုပ်ငန်းများ (ငါးပုစွန်နှင့် ရေထွက်ပစ္စည်းရှာ ဖွေရေး) ကို အမှီပြုနေကြသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် ဥယျာဉ်ခြံမြေနှင့် မြေယာဆုံးရှုံးမှုများ ဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရှိရသည်။ မဇ္ဈိမအနေနှင့် ၂၀၁၅ ခုနှစ်၊ သြဂုတ်လအတွင်း ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ အိမ်ထောင်စုတစ်ချို့၊ ဒေသအာဏာ ပိုင်များ အရပ်ဖက်အဖွဲ့အစည်းများနှင့် ထားဝယ်ဒေသခံတစ်ချို့နှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့ထံမှ ဥယျာဉ်ခြံမြေလျော်ကြေး ကိစ္စမပြီးပြတ်သေးခြင်း ၊ပွင့်လင်းမြင်သာမှုမရှိခြင်းများ၊ စီမံကိန်းအတွင်းရှိ မြန်မာအလုပ်သမားများကို လုပ်ခလစာပေးရာ တွင် ထိုင်းအလုပ်သမားများနည်းတူတန်းတူမပေးဘဲ လျှော့ချပေးခြင်းများ၊ ရေနက်ဆိပ်ကမ်း ကမ်းခြေအနီးရှိ တံငါရွာ တစ်ချို့ ရွှေ့ပြောင်းပေးရခြင်းများကို တွေ့မြင်ခဲ့ရသည်။

နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်

ကိုကြည်မိုး…သူက ထားဝယ်မြို့၊ထိန်ကြီးကျေးရွာမှာ နေထိုင်သူဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်လောက်က သူပိုင်ဆိုင်တဲ့ သီဟိုဠ်ခြံ ၉ ဧကက ရေနက်ဆိပ်ကမ်းဧရိယာထဲမှာ ပါဝင်ခဲ့တာကြောင့် အီတာလျံ-ထိုင်းကုမ္ပဏီ၏ ညှိုနှိုင်းပေးမှုဖြင့် ခြံတစ်ဧကကို ငွေကျပ် သိန်း ၂၀ နှုန်းဖြင့် ဖယ်ရှားခံခဲ့ရခြင်းအတွက် စုစုပေါင်း ငွေကျပ် သိန်း ၁၈၀ ရရှိခဲ့သည်။ အခုတော့ ကိုကြည်မိုးဆီမှာ ထိုငွေကြေးများမရှိတော့ပေ။ အိမ်အသစ်ဆောက်တာနှင့် သားသမီးပညာရေးအတွက် အသုံးပြုလိုက်ခြင်းကြောင့် အကုန်လုံးကုန်သွားပြီဟု ကိုကြည်မိုးက ပြောပြသည်။ လက်ရှိအချိန်တွင် ကိုကြည်မိုးက ကူလီကျဘန်း အလုပ်ကို လုပ်ကိုင်နေရပြီး အဆင်မပြေဖြစ်နေသည်ဟု ပြောပြလာသည်။

“ အခုတော့ သူများအလုပ်တွေပဲ လိုက်လုပ်နေရတော့တယ်၊ ကိုယ်သဘောတူလို့ လုပ်ခဲ့တာပဲ၊ ဘာတတ်နိုင်မှာလည်းဗျာ၊ ရေရှည်ကောင်းမယ်ထင်လို့လုပ်ခဲ့တာ၊ မျှော်လင့်ချက်တော့ သိပ်မရှိဘူး”  ဟု ရယ်မောရင်း ပြောပြလာသည်။

တစ်ချို့ဥယျာဉ်ခြံမြေပေးလိုက်ရသော ခြံပိုင်ရှင်များထဲတွင် ကုမ္ပဏီက ပေးသော လျော်ကြေးငွေကို လက်ခံသူများရှိသလို ထိုသို့လျော်ကြေးငွေပေးရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ယနေ့အချိန်အထိ လက်ခံခြင်းမရှိသည့်သူများလည်း ရှိသည်။

ပုဂေါဇွန်းကျေးရွာတွင် နေထိုင်ပြီး အစိုးရက ကုမ္ပဏီအတွက် ညှိုနှိုင်းပေးသော လျော်ကြေးငွေကို လက်ခံခြင်းမရှိသည့် ဒေသခံ ဦးထွန်းအောင်က “ ကျွန်တော်တို့က ဒီစီမံကိန်းကို ဖြစ်စေချင်ပါတယ်၊ ဒါပေမယ့် ထိုက်တန်တဲ့ လျော်ကြေးကိုလိုချင်တယ်၊ အဲဒါကြောင့် ဒီနေ့အထိ တင်းခံထားတယ်”

ဖျက်သိမ်းခံခဲ့ရသော ဥယျာဉ်ခြံမြေများအတွက် လျော်ကြေးငွေပြန်လည်ပေးအပ်ရာတွင် ဒေသအာဏာပိုင်များအနေနှင့် စနစ်တကျတွက်ချက်ပြီး ပေးအပ်ထားသည်ဟု ပြောသည်။

“ ကျွန်တော်တို့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကြီး စကတည်းက လျော်ကြေးပေးမယ့် လယ်တွေ၊ယာတွေအတွက် Tree-counting စနစ်နဲ့ စနစ်တကျလုပ်ကိုင်ခဲ့ပါတယ်” ဟု ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေး မှူးဖြစ်သူ ဦးခင်မောင်ချိုက မဇ္ဈိမ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေကြားခဲ့သည်။

ထားဝယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် ထားဝယ်ဖွံဖြိုးရေးအဖွဲ့က ကောက်ယူထားသော စစ်တမ်းများတွင် မြေယာပိုင်ဆိုင်သည့် အိမ်ထောင်စု ၁၁၁၆ စုအနက် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် အိမ်ထောင်စု ၉၆၄ အိမ်သည် လက်ရှိပိုင်ဆိုင်သည့် လယ်ယာမြေများဆုံးရှုံးမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် လျော်ကြေးငွေပေးရာတွင် ပေးအပ်သည့် ပုံစံများ မတူညီဘဲကွဲပြားနေသည်ဟု ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့၏ မှတ်တမ်းများတွင် တွေ့ရသည်။ ၎င်းအဖွဲ့မှ တာဝန်ရှိသူ ကိုသန့်ဇင်က “လျော်ကြေးပေးတာ ဘယ်လိုစံနှုန်းမျိုးနဲ့ ပေးသလဲဆိုတာ တိတိကျကျမရှိခဲ့ဘူး၊ ကျွန်တော်တို့် တွေ့ရှိခဲ့တာက A4 လိုစာရွက်အပိုင်းအတိုလေးအပေါ်မှာ နာမည်နဲ့ ငွေပမာဏကို ရေးပြီး ပေးလိုက်တာမျိုး၊ တစ်ချို့ဆိုရင် ကွန်ပြူတာနဲ့ရိုက်ထားတဲ့ အလှူခံဖြတ်ပိုင်းလို စာရွက်နဲ့ ပေးတာမျိုး…တစ်ချို့ကျတော့လည်း စာချုပ်နဲ့ရတာလည်း ရှိတယ်။ သုံးလေးမျိုးလောက် တွေ့ရတယ်၊ ဒါဟာ မူဝါဒနဲ့သွားနေတာမဟုတ်ဘဲနဲ့  လူပုဂ္ဂိုလ်အပေါ်မှာ အဆင်ပြေရင် အဆင်ပြေသလို ညှိနှိုင်းပြီးတော့ အပေးအယူလုပ်ကြတဲ့ပုံစံလိုဖြစ်နေတာပေါ့” ဟု ပြောသည်။

ထိုကဲ့သို့ လျော်ကြေးငွေပေးအပ်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦးဟန်စိန်ကို မေးမြန်းကြည့်သည့်အခါ..

“လူထုဖွံ့ဖြိုးရေးကော်မတီ (Community Development Subcommittee) ရှိတယ်၊ သူကနေ ဦးဆောင်လုပ်သွားပြီးတော့ ITD consortium ကို တင်ပြရမယ်၊ ဒီကနေ နိုင်ငံတကာကျွမ်းကျင်သူတွေကို ငှားပြီးတော့ ဒေသခံတွေနဲ့ နိုင်ငံတကာစံချိန်စံနှုန်းအတိုင်း ညှိနှိုင်းသွားမယ်၊ ဒါဆိုရင်တော့ ပြဿနာက နည်းနိုင်သမျှနည်းသွားမယ်လို့ ယူဆရပါတယ်”

ထားဝယ်အမျိုးသမီးသမဂ္ဂ၏ မှတ်တမ်းများတွင်လည်း ဒေသခံအာဏာပိုင်က ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားနေသူ အမျိုးသမီးတစ်ချို့ကိုလည်း   နှုတ်ဖြင့် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုမှုများကိုလည်း တွေ့မြင်ရသည်ဟု ဖော်ပြထားသည်။

ဖွံ့ဖြိုးမှုဆိုတာ….

“ဒါက ဖွံ့ဖြိုးရေးလို့ ပြောရင် ကျွန်မတို့နားလည်တဲ့ ကျွန်မတို့ခံယူတဲ့ ဖွံ့ဖြိုးရေးက ဒီဒေသခံပြည်သူလူထုရဲ့ ဘဝတွေကို ပေးဆပ်ပြီးတော့မှ၊ ဘဝတွေကို ပျက်ဆီးပြီးတော့မှ သူတို့မြေတွေ ရွှေ့ပြောင်းပြီး တစ်ခြားနေရာကို အတင်းအဓမ္မရွှေ့ပြောင်းပြီးတော့မှ အလုပ်လက်မဲ့တွေဖြစ်တာ ဒါဖွံ့ဖြိုးရေးမဟုတ်ပါဘူး” ဟုထားဝယ်အမျိုးသမီးသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါ်စုစုဆွေက အထက်ပါအတိုင်း မေးခွန်းထုတ်လိုက်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်တည်ဆောက်ရေးလုပ်ငန်းများအကောင်အထည်ဖော်ဖို့ မြေယာရှင်းလင်းရေးလုပ်ငန်းများ စတင်ခဲ့သည့် ၂၀၀၈ ခုနှစ်ကတည်းက စီမံကိန်းဧရိယာထဲတွင် ပါဝင်နေသည့် ကျေးရွာဒေသခံများ၏ အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို တစ်စတစ်စထိပါးလာခဲ့သည်ဟု အရက်ဖက်လူမှုအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများက ပြောဆိုကြသည်။

နယ်နိမိတ်အတွင်းပါဝင်သည့် ကျေးရွာအားလုံးမှာ စီမံကိန်းကြောင့် တိုက်ရိုက်ထိခိုက်ခံစားရသည်ဟု ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအပေါ်လေ့လာမှုများပြုလုပ်လျက်ရှိသည့် ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့၏ သတင်းအချက်အလက်များအရသိရသည်။

ထိုသတင်းအချက်အလက်များအရ အနာဂတ်တွင်ဖြစ်ပေါ်လာမည့် စက်မှုဇုန်၊ဆိပ်ကမ်း၊အဝေးပြေးလမ်းမ၊ရေကာတာ၊ပြန်လည်နေရာချထားရေးဧရိယာတို့အပါအဝင် စီမံကိန်းနှင့် ဆက်နွယ်သောလုပ်ငန်းများကြောင့် ကျေးရွာ ၂၀ မှ ၃၆ ရွာအတွင်းရှိ အိမ်ထောင်စုပေါင်း ၄၃၈၄ မှ ၇၈၀၇ သို့မဟုတ် လူဦးရေ ၂၂၀၀၀ မှ ၄၃၀၀၀ အကြား ထိခိုက်မှုရှိမည်ဟု ဖော်ပြထားသည်။ ထို့အပြင် စီမံကိန်းဆက်လက်လုပ်ကိုင်လျှင် ရေနံဓာတုကြောင့် ဖြစ်ထွန်းလာသော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုးကျိုးများနှင့် အခြားသက်ရောက်မှုများက ထားဝယ်ဒေသအတွင်းရှိ ကျေးလက်၊ကမ်းရိုးတန်းနှင့် မြို့ပေါ်ဧရိယာများကိုပါ ရိုက်ခတ်နိုင်သည်ဟု ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့က ပြုစုထားသော မှတ်တမ်းများအရသိရသည်။

တနင်္သာရီမြစ်မကြီးနှင့် ဌာနေတိုင်းရင်းသားကွန်ရက်၏ ညွှန်ကြားရေးမှူးဖြစ်သူ ဦးစောဖရင်ကီက

“ထားဝယ်အထူးစီးပွားရေးဇုန်က Process မမှန်ဘူးလို့ ပြောချင်တယ်၊ ရပ်စေချင်တာလားလို့ ပြောချင်တာထက် လုပ်ကိုင်ပုံမမှန်ဘူးလို့ ပြောချင်ပါတယ်၊ ဘယ်စီမံကိန်းပဲလုပ်လုပ် ဒေသခံ လူထုကို မှန်ကန်တဲ့ သတင်းအချက်အလက်တွေပေးစေချင်တယ်၊ကောင်းတဲ့သတင်းအချက်အလက်ရော၊ ဆိုးတဲ့..သက်ရောက်မှုရှိစေမယ့် သတင်းအချက်အလက်၊ Positive negative အားလုံးကို အတူတူပေးဖို့လိုတယ်၊ပြီးရင်ဒေသခံပြည်သူတွေ ပြောဆိုဆွေးနွေးဖို့ အချိန်လည်း ပေးရဦးမယ်၊ ပြီးရင် ဒေသခံပြည်သူနဲ့အတူ ပူးပေါင်းပြီးတော့ သက်ရောက်မှုကို လျှော့ချနိုင်ဖို့ ၊ကုစားနိုင်ဖို့ နည်လမ်းရှာကြမလဲ၊ ဒီလို လုပ်နိုင်ရင် ရေရှည်တည်တံ့တဲ့ စီးပွားရေးဇုန်တစ်ခု ဖြစ်လာမယ်၊ ဆိုတော့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ခြင်းမရှိသရွှေ့တော့ ရေရှည်တည်တံ့တဲ့ စီမံကိန်းဖြစ်မှာ မဟုတ်ဘူး” ဟု သုံးသပ်ထားသည်။

“ဆွေးနွေးညှိနှိုင်းမှုတွေ ရှိခဲ့တယ်ဆိုပေမယ့် ဒါက အကန့်အသတ်နဲ့ ဖြစ်တယ်လို့ မြင်ပါတယ်၊ တစ်ဖက်စောင်းနင်း ဆွေးနွေးမှုတွေပါ။ ရွာသားတွေအနေနဲ့ အဓိပ္ပာယ်ရှိရှိ ပြန်မေးလို့မရဘူး၊ မေးခွန်းတစ်ခုကနေ နှစ်ခုမေးလာလို့ရှိရင် မျက်နှာကြီးတွေ နီလာပြီးတော့ ဖြေချင်ရာတွေ လျှောက်ဖြေသွားတယ်ဗျာ”ဟု ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့မှ ကိုသန့်ဇင်က ပြောပြသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၏ နှောင့်နှေးကြန့်ကြာစေသော အချက်များ

ထားဝယ်အထူးစီးပွားရေးဇုန်က အရှေ့တောင်အာရှ၏ အကြီးဆုံး ရေနံဓာတုစက်မှုဇုန်ကြီးများအနက် တစ်ခုဖြစ်လာဖို့ရှိ နေသည်။ ထိုစီမံကိန်းသည် ထားဝယ်မြို့၏ မြောက်ဘက် ၂၀ ကီလိုမီတာအကွာတွင် တည်ရှိပြီး စိုက်ပျိုးရေးအဓိက လုပ်ကိုင်သည့် ဧရိယာ၂၀၄.၅၁ စတုရန်းကီလိုမီတာအကျယ်အဝန်းရှိသည်။ ထားဝယ်သည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှ အနောက်ဘက် ကီလိုမီတာ ၃၅၀ ခန့် အကွာတွင် တည်ရှိသည်။

ထိုအထူးစီးပွားရေးဇုန်က လက်ရှိလည်ပတ်နေပြီဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သီလဝါအထူးစီးပွားရေးဇုန်ထက် ၁၀ ဆခန့် ပိုကြီးသည်ဟု အစိုးရအာဏာပိုင်များက တွက်ဆထားသည်။ ထိုသို့ ပမာဏကြီးမားကျယ်ပြန့်မှုများကြောင့်လည်း စီမံကိန်းလုပ်ငန်းစဉ်များ နှေးကွေးနေရသည်ဟု ယင်းအာဏာပိုင်များက ပြောဆိုဖူးသည်။

တစ်ဘက်တွင်လည်း ဧရိယာအတွင်းပါဝင်နေသည့် လယ်ယာ၊ဥယျာဉ်မြေလျော်ကြေးကိစ္စများ၊ အလုပ်သမားရေးရာ၊ ပတ်ဝန်းကျင်ရေးရာနှင့် ဒေသခံများနှင့် စောင့်ကြည့်အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ လူ့အခွင့်အရေးချိုးဖောက်ခြင်း ခံနေရသည်ဟု စွပ်စွဲချက်များကိုလည်း ထားဝယ်အထူးစီးပွားရေးဇုန်က ရင်ဆိုင်နေရသည်။

တနင်္သာရီမြစ်မကြီးနှင့် ဌာနေတိုင်းရင်းသားကွန်ရက်၏ ညွှန်ကြားရေးမှူးဖြစ်သူ ဦးစောဖရင်ကီက ထားဝယ်အထူးစီးပွားရေး ဇုန် စီမံကိန်းက သတ်မှတ်ချိန်ထက်ကို ၅ နှစ်နောက်ကျနေပြီဟု   ပြောပြလာသည်။ ထိုင်းနိုင်ငံတွင်း နိုင်ငံရေး မတည်ငြိမ်မှု များကြောင့် မြန်မာအစိုးရနှင့်အတူ လက်တွဲလုပ်ကိုင်နေသော အီတာလျံ-ထိုင်းကုမ္ပဏီအဖို့ ရှေ့ဆက်တိုးဖို့ နှောင်းနှေးစေ သည်ဟု သူကထောက်ပြထားသလို သမ္မတဦးသိန်းစိန်အစိုးရလက်ထက်နှင့် ယခင်စစ်အစိုးရကြား စီမံကိန်းအပေါ် တာဝန်ယူမှုအပေါ် သဘောထားများကွဲလွဲနိုင်ကြောင်းကိုလည်း သုံးသပ်ထားသည်။ ထို့အပြင် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် မြန်မာအစိုးရတို့ကြား ထိုစီမံကိန်းအပေါ် ရင်းနှီးမြှုပ်နှံခြင်းအတွက် အကျိုးအမြတ်ခွဲဝေမှုမှာလည်း အဝေမတည့်တာတွေရှိနေနိုင် သောကြောင့် ဖြစ်မည်ဟု ဦးစောဖရင်ကီက ပြောဆိုထားသည်။

တစ်ဘက်တွင်လည်း  ထားဝယ်အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ဖို့အတွက် နိုင်ငံတကာချေးငွေရရှိဖို့ကလည်း လိုအပ်နေသည်ဟု ဦးစောဖရင်ကီက ဖြည့်စွပ်ပြောဆိုထားသည်။“ အခုထိလည်း ချေးငွေမရသေးဘူး၊ ဒါရဖို့ ပထမဦးဆုံး ပတ်ဝန်းကျင်လေ့လာဆန်းစစ်ခြင်းဆိုင်ရာ အစီရင်ခံစာ (EIA Report) လိုတယ်၊ အဲဒိအစီရင်ခံစာက အခုထိ ဘယ်မှမတက်နိုင်သေးဘူး၊ ဒီအစီရင်ခံစာတက်ဖို့အတွက် အီတာလျံ-ထိုင်းကုမ္ပဏီက ထိုင်းနိုင်ငံ၊ချူလာလောင်ကွန်းတက္ကသိုလ်ကို ချဉ်းကပ်တယ်၊ ဒါပေမယ့် ဒေသခံတွေနဲ့ အလုပ်လုပ်တဲ့အပေါ်မှာ အလုပ်လုပ်တာတွေက အဆင်မပြေတာကြောင့် ဒီအစီရင်ခံစာက မထွက်လာနိုင်သေးဘူး”

ထားဝယ်စီမံကိန်း ကျဉ်းထဲကြပ်ထဲရောက်နေပြီလား

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ထိုင်းနိုင်ငံအခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီဖြစ်သည့် အီတာလျံ-ထိုင်း (ITD)ကုမ္ပဏီကို နှစ် ၆၀ လုပ်ပိုင်ခွင့်ဖြင့် ၂၀၁၀ ပြည့်နှစ်က ခွင့်ပြုခဲ့သည်။ ကနဦးတွင် လုပ်ငန်းအားလုံးကို ITD က ၇၅ ရာခိုင်နှုန်း၊ မက်စ်မြန်မာက ၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် ထားဝယ်ဖွံ့ဖြိုးရေးကုမ္ပဏီ (DDC)ဆိုသည့် အမည်ဖြင့် လုပ်ကိုင်ခဲ့သည်။ ထို့နောက် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လတွင် မက်စ်မြန်မာက ယင်း၏ ရင်းနှီးမြှုပ်နှံမှုများကို နောက်ဆုတ်လိုက်ပြီး စီမံကိန်းမှ နှုတ်ထွက်လိုက်သည်။  ထို့ကြောင့် ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည့်သူများမရှိတော့ဘဲ စီမံကိန်းကို ရပ်နားထားခဲ့ရသည်။

၂၀၁၃ ခုနှစ်၊နိုဝင်ဘာလတွင် စီမံကိန်းလုပ်ပိုင်ခွင့်များကို ပုံစံအသစ်ဖြင့် ဖွဲ့စည်းထားသည့် ပင်မကုမ္ပဏီ (Special Purpose Vehicle –SPV) သို့ လွှဲပြောင်းပေးအပ်လိုက်သည်။ ပင်မကုမ္ပဏီသည် မြန်မာနှင့် ထိုင်းအစိုးရနှစ်ရပ်စလုံးက တစ်ဝက်ဆီ ပိုင်ဆိုင်ထားသည်ဟု သိရသည်။

“ပထမစာချုပ်ကို ရပ်စဲပြီး ကနဦးစီမံကိန်းအတွက် စာချုပ်ချုပ်ဆိုနိုင်ဖို့ လုပ်ကိုင်ရတာချည်းပဲ ၂နှစ် လောက်ကြာတယ်၊ စာချုပ်ကို ဆွေးနွေးတာက ၁ နှစ်လောက်ကြာတယ်” ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌဖြစ်သလို ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်စိန်က စီမံကိန်း၏ အချိန်ကြာမြင့်မှုကို ပြောပြသည်။

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့တွင် ထားဝယ်အထူးစီးပွားရေးဇုန် အခြေခံအဆောက်အဦးတည်ဆောက်ခြင်းအတွက် ကနဦးလုပ်ငန်းစဉ်များလုပ်ကိုင်ရန် မြန်မာအစိုးရနှင့် အီတာလျံ-ထိုင်းကုမ္ပဏီတို့ကြားတွင် သဘောတူနားလည်မှုဆိုင်ရာ MOU စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးပြီး စာချုပ်အရ စီမံကိန်းဧရိယာ ၇ စတုရန်းကီလိုမီတာထဲမှာ အချိန် ၃ နှစ်အတွင်းစီမံကိန်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ၆၅ ရာခိုင်နှုန်းအထိ ပြီးဆီးအောင် ဆောင်ရွက်ရမည်ဖြစ်သည်ဟု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးဟန်စိန်က ပြောသည်။

“အခုတော့ ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ ကနဦးစီမံကိန်းလုပ်ငန်းတွေကို စတင်နေပါပြီ၊ ဒါချည်းပဲ အချိန် ၈ နှစ်လောက်ကြာဦးမှာပါ၊ ဒါကို လုပ်နေချိန်မှာပဲ ပင်မစီမံကိန်း (Full Phase)ကို ဆက်ပြီးလုပ်သွားမှာပါ”

NLD အစိုးရအတွက် အရင်အစိုးရပေးခဲ့သော သင်ခန်းစာ

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ဆက်စပ်ဖြစ်ပေါ်လာသည့် ဖော်ပြပါ ပွင့်လင်းမြင်သာမှုမရှိခြင်းများ၊ လူ့အခွင့် အရေးချိုးဖောက်မှုများကြောင့် လေ့လာသူများ၊ဒေသခံနှင့် အရပ်ဖက်အဖွဲ့အစည်းများက ယင်းအကြောင်းအရာများက ထားဝယ်ဒေသအတွက်တင်မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံး၏ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နေသည်ဟု ပြောဆို နေကြသည်။ မည်သို့ဆိုစေ ထားဝယ်စီမံကိန်းက နောက်ကောက်ကျသည့် ခြေလှမ်းရှိနေလင့်ကစား မဖြစ်မနေ ရှေ့ဆက် သွားနေဦးမည်။

ထို့ကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်ကို အာရှတိုက်တွင် အကြီးဆုံး စက်မှုဇုန်များအနက် တစ်ခုအဖြစ် အကောင်အထည်ဖော်သွားဖို့ ရှိနေသည်။ ထို့အပြင် ၎င်းစီမံကိန်းက မဟာမဲခေါင်ဒေသအတွင်း သယ်ယူပို့ဆောင်ရေးအတွက် ပင်မအချက်အချာအဖြစ် ပြယုဂ်တစ်ခုအဖြစ်လည်း ဖြစ်သွားမည်ဟု ပထဝီစီးပွားရေးကျွမ်းကျသူများက ရှုမြင်ထားကြသည်။ အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့မှ ကုန်တင်သင်္ဘောများ အရှေ့တောင်အာရှကုန်းမကြီးနှင့် တရုတ်တို့ကို ဆက် သွယ်ကာ ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံး သဘောၤလမ်းကြောင်း တစ်ခုဖြစ်သော မလက္ကာရေလက်ကြားကို မဖြတ်တော့ဘဲ သယ်ယူပို့ဆောင်ရေး ကုန်ကျစားရိတ်လျှော့ချရန် စီစဉ်ထားသည့် စီမံကိန်းကြီးတစ်ခုလည်းဖြစ်သည်။

လက်ရှိအချိန်တွင် အချိန်ကြာမြင့်စွာရှိနေခဲ့သော ဒေသခံလူထုနှင့် အစိုးရ၊ကုမ္ပဏီတို့အကြားရှိ ပြဿနာများက ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းကို နှောင့်နှေးစေသလို အရင်းအနှီးလိုအပ်ချက်များလည်း ရှိနေသည်။

အခုတော့ ထိုစီးမံကိန်းတွင် ဂျပန်လည်း ပါဝင်လာဖို့ရှိနေသဖြင့် မြန်မာ၊ထိုင်းနှင့် ဂျပန်အစိုးရတို့ ပါဝင်ပတ်သတ်လာပေတော့မည်။

“ဘာပဲပြောပြော ဂျပန်ပဲလာသည်ဖြစ်စေ၊ ဒီအစိုးရ ၂ ခုပဲ ကိုင်တွယ်သည်ဖြစ်စေ..အရင်တုန်းက လုပ်ခဲ့တဲ့အမှားတွေမျိုး၊ ဒီလူထုကို ဂရုမစိုက်ခဲ့တာတွေမျိုး၊ လူထုအသံကို နားမထောင်ခဲ့တဲ့ဟာတွေမျိုး…မြေယာပြဿနာအရှုပ်အရှင်းမျိုး၊ လျော်ကြေးကိစ္စတွေကို လျှော့တွက်ခဲ့တာတွေမျိုးကို နောက်ပိုင်းဆက်အလုပ်လုပ်မယ်ဆိုရင် ပြင်ဆင်သွားဖို့လိုမယ်လို့ တောင်းဆိုလိုတယ်”ဟု ထားဝယ်ဖွံ့ဖြိုးရေးအသင်းမှ ကိုသန့်ဇင်က ပြောသည်။ ဂျပန်သည်လည်း တာဝန်ယူမှုမရှိဘဲ လူထုပြဿနာ များကို မျက်ကွယ်ပြုထားလျှင် တရားခံဖြစ်လာနိုင်သည်ဟု စီမံကိန်းကို စောင့်ကြည့်လေ့လာနေသော အရပ်ဖက်အဖွဲ့ အစည်းများက ပြောဆိုကြသည်ကိုလည်း ကြားသိရသည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ အစိုးရအပြောင်းအလဲကလည်း ဖြစ်ပေါ်လာတော့မည်။ ဆိုရလျှင် ထိုစီမံကိန်း၏ တာဝန်နှင့် ဝတ္တရားများက NLD အစိုးရ၏ ခေါင်းပေါ်သို့ ရောက်လာပေတော့မည်။

တနင်္သာရီမြစ်မကြီးနှင့် ဌာနေတိုင်းရင်းသားကွန်ရက်၏ ညွှန်ကြားရေးမှူးဖြစ်သူ ဦးစောဖရင်ကီက …

“သေချာတယ်၊ အခုထားဝယ်ရေနက်ဆိပ်ကမ်းက အကျဉ်းအကြပ်ထဲကို ရောက်နေသလားဆိုတော့ အစကတည်းက ရောက်နေပြီ၊ အခုလည်းရောက်နေတုန်းပဲ၊ သို့သော် သူ့အတွက်က အသက်ရှုပေါက်ချောင်မယ့်အချက်ရှိတာက အခုလက်ရှိတာဝန်ယူမယ့် NLD အစိုးရ ..သူတို့ရဲ့ ဒီအပေါ်မှာ ဘယ်လိုအမြင်ရှိသလဲဆိုတဲ့အပေါ်မှာလည်း မူတည်တယ်” ဟု သုံးသပ်ထားသည်။

ထားဝယ်အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူးဖြစ်သူ မစုစုဆွေက နောက်တက်လာမည့် အစိုးရအဆက်အဆက် အနေနှင့် စီမံကိန်းများကို လုပ်ကိုင်သည့်နေရာတွင် ပြည်သူ လူထုကို အကာအကွယ်ပေးထားသည့် ဥပဒေ၊ သဘာ၀ ပတ်ဝန်းကျင်နှင့် ပတ်သတ်ပြီး ပြည်သူလူထုကို အကာအကွယ် ပေးသည့်ဥပဒေများ ထွက်ရှိပြီးတော့မှသာ လုပ်ကိုင်သင့် သည်ဟု အကြံပြုထားသည်။

“အုပ်ချုပ်ရေးအပိုင်းမှာ လူမှန်နေရာမှန်ဖြစ်ဖို့ လိုအပ်တယ်၊ ပြီးတော့ အစိုးရအနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုတွေကို အများပြည်သူကို ချပြရမယ်၊ အချိန်ဘယ်လောက်နဲ့ တန်ဘိုးဘယ်လောက်ရှိတယ်၊ ဘယ်ရင်းနှီးမြှုပ်နှံမှုက တိုင်းပြည်အတွက် အခွန်ရမှာလဲ ၊ တစ်ခြားနိုင်ငံအကျိုးနဲ့ နှိုင်းယှဉ်ရင် အကျိုးအမြတ်က ဘယ်လိုရှိသလဲ” လက်ရှိအချိန်တွင် NLD အစိုးရအတွက် ထိုစီမံကိန်းအပေါ် မည်သို့သော သဘောထားများ ရှိနေမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေသည်။ NLD ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လက်ကိုင်ထားလေ့ရှိသည့် တရားဥပဒေစိုးမိုးရေး (Rule of Law) ကို ဘက်ပေါင်းစုံက အသက်သွင်းနိုင်လျှင်တော့ လူထု၊အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာက လက်ခံသော ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကြီး ဖြစ်လာပါလိမ့်မည်။ မဟုတ်ဘူးဆိုလျှင်တော့………

Data Ref; The book about Voices from Community written by Dawei Development Association-DDA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly