နီပေါသို့ ရထားလမ်းဖောက်ရန် နှင့် လွတ်လပ်သော ကုန်သွယ်ရေးထူထောင်ရန် တရုတ် စီစဉ်မည်

နီပေါသို့ ရထားလမ်းဖောက်ရန် နှင့် လွတ်လပ်သော ကုန်သွယ်ရေးထူထောင်ရန် တရုတ် စီစဉ်မည်

ဘေဂျင်း၊ မတ်၊ ၂၁ ။           ။ တရုတ်နိုင်ငံသည် ၎င်း၏အိမ်နီးချင်းနိုင်ငံ နီပေါ နှင့် ရထားလမ်းဖောက်လုပ်ရန် ၊ လွတ်လပ်သောကုန်သွယ်ရေး ထူထောင်ရန် စဉ်းစားစီစဉ်သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ဘေဂျင်းတွင် နီပေါနှင့် တရုတ်နိုင်ငံမှ ထိပ်တန်းအကြီးအကဲများပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ပြုလုပ်ခဲ့ရာ နီပေါဝန်ကြီးချုပ် ကေ၊ပီ၊ အိုလီ က သူ့အနေဖြင့် တရုတ်နိုင်ငံသို့ အထူးမစ်ရှင်တစ်ရပ်ဖြင့် လာရောက်ခြင်းဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီကွတ်ချောင်ကို ပြောကြားခဲ့သည်။

နီပေါ၏ အဓိကမြို့ကြီး ၃ မြို့သို့ ချိတ်ဆက်သောရထားလမ်းတစ်လမ်း နှင့် တရုတ်နှင့် နီပေါနယ်စပ်ကို ဖြတ်သန်းသွားသော ရထားလမ်း ၂ လမ်းဖောက်လုပ်ရန် တွေ့ဆုံပွဲတွင် အိုလီက   ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တရုတ်အစိုးရအနေဖြင့်လည်း နီပေါတွင် ရထားလမ်းများဖောက်လုပ်ရန် စီးပွားရေးလုပ်ငန်းရှင်များကို တိုက်တွန်းသွားမည် ဖြစ်ပြီး လက်ရှိတိဗက်သို့ ဖောက်လုပ်ထားသော ရထားလမ်းကို နီပေါနယ်စပ်အထိတိုးချဲ့သွားရန်ကိုလည်း ရေရှည်စီမံကိန်းတစ်ရပ်အဖြစ် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းလည်း အဆိုပါပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် တရုတ် နှင့် နီပေါ နိုင်ငံတို့သည် အဆိုပါဆွေးနွေးပွဲတွင် လွတ်လပ်သောကုန်သွယ်ရေးထူထောင်နိုင်ရန်အတွက် ပြင်ဆင်ရန်၊ နီပေါတွင်လေဆိပ်အသစ်တစ်ခုတည်ဆောက်ရန်အတွက် တရုတ်နိုင်ငံဘက်မှ ချေးငွေတစ်ရပ်ခွင့်ပြုရန် တို့အပါအဝင် သဘောတူညီချက် ၁၀ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်သော နီပေါနိုင်ငံသည် အိန္ဒိယနိုင်ငံအပေါ်တွင်သာ အဓိကမှီခိုနေရမှုကိုလျှော့ချနိုင်ရန် ကြိုးစားလျှက်ရှိသောနိုင်ငံဖြစ်သည်။

ပြီးခဲ့သောနှစ်ပိုင်းများအတွင်းတွင် ပဋိပက္ခများကြောင့်မတည်မငြိမ်ဖြစ်နေခဲ့သော နီပေါနိုင်ငံတွင် ဘုရင်စနစ်အလွန် ပထမဆုံး အခြေခံဥပဒေတစ်ရပ်ကို ပြီးခဲ့သော စက်တင်ဘာလအတွင်းက   ပြဋ္ဌာန်းခဲ့ပြီးနောက် ဒေသတွင်း ငြိမ်းချမ်းမှု နှင့် တည်ငြိမ်မှုရှိလာမည်ဟု မျှော်လင့်နေသော နိုင်ငံလည်းဖြစ်သည်။

သို့သော်လက်ရှိအချိန်ထိ ဆန္ဒပြမှုများနှင့်ဆူပူမှုများကြောင့် လောင်စာဆီနှင့်ဆေးဝါးများ အိန္ဒိယနိုင်ငံဘက်မှ မတင်သွင်းနိုင်ဘဲ ပစ္စည်းပြတ်တောက်ခြင်းကဲ့သို့သော ပြဿနာများ ဖြစ်ပေါ်နေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly