ရတနာပုံအသင်းနှင့်ပွဲအတွက် အထူး ပြင်ဆင်မှု ပြုလုပ်မည် မဟုတ် ဟု ရန်ကုန်နည်းပြဆို

ရတနာပုံအသင်းနှင့်ပွဲအတွက် အထူး ပြင်ဆင်မှု ပြုလုပ်မည် မဟုတ် ဟု ရန်ကုန်နည်းပြဆို
ဧရာဝတီအသင်းနှင့် ပွဲတွင် ကစားသမားများအား ညွှန်ကြားနေသည့် ရန်ကုန်နည်းပြ ဂျက်ဆစ်အား တွေ့ရစဉ်။ (ဓာတ်ပုံ- ရွှေဘုတ်)

ဇွန် ၃၀၊ ရန်ကုန်။ ။ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ အပြီး ၁၀ ပွဲဆက် အနိုင်ရကာ အမှတ်ပေးဇယားကိုဦးဆောင်နေသော ရန်ကုန်အသင်းသည် လာမည့် ပွဲစဉ် ၁၁ ၌ လက်ရှိချန်ပီယံ ရတနာပုံအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး ယင်းပွဲအတွက် အထူး ပြင်ဆင်မှု ပြုလုပ်သွားမည် မဟုတ် ဟု ရန်ကုန်နည်းပြ မီယိုဒရက် ရက်ဆစ် က ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ၁၀ ပွဲကစား ၁၀ ပွဲနိုင် ရမှတ် ၃၀ မှတ်ဖြင့် ဒုတိယနေရာမှ ဧရာဝတီအသင်းကို ရှစ်မှတ်ဖြတ်ကာ လိဂ်ပထမအကျော့ပြီးဆုံးရန် တစ်ပွဲအလို၌် ရာသီဝက် ချန်ပီယံ ဖြစ်ရန် စွမ်းဆောင်ထားနိုင်ခဲ့သည်။

“ ဘယ်ပွဲပဲ ဖြစ်ပါစေ နိုင်ရင် ၃ မှတ်ပဲ ရပါတယ်။ ဒါကြောင့် ပြိုင်ဘက် အားလုံးကို တစ်တန်းတည်းထားပြီး ပြင်ဆင်ပါတယ်။ ရတနာပုံနဲ့ပွဲကိုမှ ပိုပြီးတော့ အထူးတလည် ပြင်ဆင်တာမျိုး မရှိပါဘူး။ ကျွန်တော်တို့ အသင်းအတွက် အဓိကပြိုင်ဘက် ဆိုတာမရှိပါဘူး။ ဘယ်အသင်းကိုပဲ နိုင်နိုင် အမှတ်ပိုမရပါဘူး။ လာမယ့် ပွဲစဉ် အတွက် စပြီး ပြင်ဆင်နေပါပြီ ” ဟု ရန်ကုန်နည်းပြ ဂျက်ဆစ်က ဧရာဝတီအသင်းနှင့် ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရန်ကုန်အသင်းနှင့် ရတနာပုံအသင်းတို့သည် မြန်မာနေရှင်နယ်လိဂ် စတင်ချိန်ကတည်းက ပြိုင်ဆိုင်မှုများ ပြင်းထန်ခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုများ၌ ရန်ကုန်အသင်းက အိမ်ကွင်းတွင် တစ်ကြိမ် အဝေးကွင်းတွင် နှစ်ကြိမ် အနိုင်ရရှိထားကာ ရတနာပုံအသင်းက အိမ်ကွင်းတွင် တစ်ကြိမ် အဝေးကွင်းတွင် နိုင်ပွဲမရရှိပဲ ခြောက်ကြိမ်တိုင် သရေကျထားသည်။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ တွင် ရန်ကုန်အသင်းနှင့် ရတနာပုံအသင်း တို့သည် ရတနာပုံအိမ်ကွင်း ဗထူးကွင်း၌  ဇူလိုင် ၅ ရက် ညနေ ၄ နာရီတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly