ချန်ပီယံလိဂ်ဝင်ခွင့်ရချင်လျှင် လက်ကျန်ပွဲအားလုံးအနိုင်ရအောင်ကစားရမည်ဟု ကလော့ပ်သတိပေး

ချန်ပီယံလိဂ်ဝင်ခွင့်ရချင်လျှင် လက်ကျန်ပွဲအားလုံးအနိုင်ရအောင်ကစားရမည်ဟု ကလော့ပ်သတိပေး

မတ် ၂၁၊ လီဗာပူးလ်။             ။ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ဆက်လက်ရှင်သန်လိုပါက လက်ကျန်ကိုးပွဲလုံးအနိုင်ရအောင်ကစားရမည်ဟု ဆောက်သမ်တန်ကိုရှုံးသည့်ပွဲ ပြီးနောက် နည်းပြကလော့ပ်က လီဗာပူးလ်အသင်းသားများကို သတိပေးပြောဆိုလိုက်သည်။

ဆောက်သမ်တန်ကို ၂-၀ ဖြင့်ဦးဆောင်နေပြီးမှ ၃-၂ ဖြင့်ရှုံးခဲ့ရသော်လည်း ထိပ်သီးလေးသင်းစာရင်းဝင်ရန်ဖြစ်နိုင်သေးသည်ဟု ကလော့ပ်က အခိုင်အမာပြောသည်။

"ကျွန်တော်အရှုံးကိုမခံစားနိုင်သူတစ်ယောက်ဆိုတာ ခင်ဗျားတို့မြင်နိုင်ပါတယ်။ ဒါပေမဲ့ဘောလုံးမှာ ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုတဲ့ အတွေ့အကြုံ တွေ ကျွန်တော့်မှာရှိထားပါတယ်။

ဖြစ်နိုင်ချေရမှတ် ၂၇ မှတ်ကျန်နေသေးပြီး အပြည့်အဝရခဲ့မယ်ဆိုရင် ထိပ်သီးလေးသင်းဝင်ဖို့ အခွင့်ရေးရှိနေတုန်းပါပဲ။ အမှတ်ပြည့်မရရင်တော့ ခက်သွားမှာပါ။

ပထမပိုင်းကစားပုံအတိုင်းကစားနိုင်မယ်ဆိုရင် ကျွန်တော်တို့ အောင်မြင်နိုင်တယ်။ ဒုတိယပိုင်းကစားပုံနဲ့ဆိုရင်တော့ သိပ်ခက်သွားပြီ။ ပထမပိုင်းမှာ ကျွန်တော်တို့ အားနည်းချက်မရှိအောင်ကစားနိုင်ခဲ့ပြီး ဂိုးလည်းပိုရခဲ့ရမှာ။

ဒုတိယပိုင်းမှာတော့ ပြဿနာနည်းနည်းရှိခဲ့ပြီး အဲဒီထက်ပိုကောင်းအောင်ကစားနိုင်ခဲ့ရမှာ။ ကျွန်တော်ဒေါသမထွက်ပါဘူး။ ဒါပေမဲ့ ပထမပိုင်း ကစားပုံကနေ ကျွန်တော်တို့ဘာမှမရခဲ့တာကိုတော့ စိတ်ပျက်မိတယ်။ ကျွန်တော်တို့သိပ်ကောင်းတယ်ဆိုတာ ထပ်ပြနိုင်ခဲ့ပေမယ့် တစ်မှတ်မှ မရခဲ့ဘူး"ဟု ကလော့ပ်ကပြောသည်။

ဆက်လက်၍ကလော့ပ်က လီဗာပူးလ်အသင်းအနေဖြင့် လက်ရှိရာသီတွင်ဆောက်သမ်တန်ထက် ၁၀ ပွဲကျော်ပိုကစားထားရကြောင်း၊ ဆောက်သမ်တန်နှင့်ပွဲမှအမှားများကို သင်ခန်းစာယူသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly