ဒေါ်အောင်ဆန်းစုကြည်က ပါတီခေါင်းဆောင်အဖြစ် ဆက်ရှိကာ အစိုးရအား ပဲ့ကိုင်သွားမည်ဟု ပြောရေးဆိုခွင့်ရှိသူပြော

ဒေါ်အောင်ဆန်းစုကြည်က ပါတီခေါင်းဆောင်အဖြစ် ဆက်ရှိကာ အစိုးရအား ပဲ့ကိုင်သွားမည်ဟု ပြောရေးဆိုခွင့်ရှိသူပြော
အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်နှင့် မီဒီယာတွေ့ဆုံပွဲသတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ အုပ်လမ်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် နိုဝင်ဘာလ ၅ရက် ညနေပိုင်းက ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - သက်ကို)

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါတီဥက္ကဌအဖြစ် ဆက်ရှိကာ NLD အစိုးရအား ပဲ့ကိုင်သွားမည်ဖြစ်ပြီး အစိုးရနေရာရာထူး ယူဖြစ်ဖွယ်မရှိကြောင်း ပါတီက မတ် ၂၀ ရက်၌ ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း လွှတ်တော်၌ ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်ရသော အနီးကပ်မိတ်ဆွေဖြစ်သူ ဦးထင်ကျော်အား သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်ကာ နိုင်ငံတွင် ၁၉၆၀ ခုနှစ်နောက်ပိုင်း စစ်တပ်နောက်ခံမရှိသည့် ပထမဆုံး အရပ်သားအား နိုင်ငံခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် နိုဝင်ဘာရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရခြင်းဖြစ်သော်လည်း ဖွဲ့စည်းပုံဥပဒေအတားအဆီးကြောင့် ကလေးနှစ်ဦး နိုင်ငံခြားသားဖြစ်နေသည့်   ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတဖြစ်ခွင့် တားဆီးထားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံဥပဒေအား ပြင်ဆင်ရမည် ပြောထားကာ သမ္မတအထက်တွင် နေပြီး နိုင်ငံအား ဦးဆောင်မှုပေးမည်ဟုလည်း ပြောထားသည်။

ပါတီအနေဖြင့် အစီအစဉ်အား မည်သို့ဖော်ဆောင်သွားမည် မပြောထားရာ ဧပြီ ၁ ရက် အစိုးရတာဝန်ယူသည့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က မည်သည့်ရာထူးမှ နေမည်ဆိုသည့် ထင်ကြေးများလည်း အမျိုးမျိုးပေးလျက်ရှိနေသည်။

“ရာထူးနေရာဆိုတာ အရေးမကြီးပါဘူး။ အမေရိကန်မှဆိုရင်လည်း သြဇာကြီးတဲ့ နာမည်ကြီး လွှတ်တော်အမတ်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အစိုးရအဖွဲ့မှာ ရာထူးရယူထားခြင်း မရှိပါဘူး။”ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဇော်မြင့်မောင်က ရိုက်တာသို့ မတ် ၂၀ ရက်က ပြောသည်။

“ဒီမှာလည်း ဒီလိုပဲလေ။ ဒေါ်အောင်ဆန်းစုကြည်က (အာဏာရ)ပါတီကို ဦးဆောင်သွားမှာဖြစ်တယ်။ ပါတီက ဖွဲ့ရတဲ့ အစိုးရအဖွဲ့ကို ဦးဆောင်သွားမှာဖြစ်တယ်။”ဟု ဦဇော်မြင့်မောင်က ပြောခဲ့သည်။

ပါတီ၏ အစီအစဉ်များနှင့် ပတ်သက်ပြီး ဦးဇော်မြင့်မောင်က အကျယ်တဝင့်ပြောကြားခြင်း မရှိပေ။

နိုဝင်ဘာလအတွင်းကလည်း NLD ပါတီထိပ်သီးခေါင်းဆောင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ လူယုံလည်းဖြစ်သူ ဦးဝင်းထိန်က “ဒေါ်အောင်ဆန်းစုကြည်အနေအထားက အိန္ဒိယက ဆိုနီယာဂန္ဓီလိုမျိုး ဖြစ်လာနိုင်တယ်။”ဟု ရိုက်တာသို့ ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကမူ အောက်တိုဘာလအတွင်းက ပြောဆိုခဲ့ရာတွင် သူ့၏ အစီအစဉ်က ဆိုနီယာဂန္ဓီပုံစံမျိုး မဟုတ်ကြောင်း ပြောသော်လည်း သူ့အစီအစဉ်နှင့် ပတ်သက်ပြီး အသေးစိတ်ပြောဆိုသွားခြင်း မရှိပေ။

အိန္ဒိယဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဓီ၏ မိန်းမဖြစ်သူ အီတလီနိုင်ငံတွင် မွေးဖွားသူ ဆိုနီယာဂန္ဓီသည် ကွန်ဂရက်ပါတီ၏ ခေါင်ဆောင်းအဖြစ် တာဝန်ယူပြီး ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းချ်အစိုးရအား ဦးဆောင်မှုပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံက လွှတ်တော်တွင် အာဏာစိုးမိုးဆဲ စစ်တပ်က ၂၅ ရာခိုင်နှုန်း နေရာယူထားကာ ဖွဲ့စည်းပုံအရ သမ္မတသုံးဦး ရွေးကောက်ရာတွင် တစ်ဦးကို ရွေးချယ်နိုင်ခွင့်ရှိထားသည်။ စစ်တပ်က ရွေးချယ်သည့် သမ္မတလောင်းမှာ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်က လွှတ်တော်တွင် ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံရသည်။

မြန်မာနိုင်ငံအတွက် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တပ်ကကြီးစိုးထားမှုအား ရုန်းထွက်နိုင်ရေးသည် လက်နက်ကိုင်စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြားက ဆက်ဆံရေးက အခရာကျနေသည်။

ရွေးကောက်ခံသမ္မတ ဦးထင်ကျော်က အစိုးရဝန်ကြီးဌာနများ လျှော့ချခြင်းနှင့် ပတ်သက်ကာ လွှတ်တော်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူက မတ် ၂၁ ရက်၌ ပြောသည်။ ပြီးခဲ့သည့် သီတင်းပတ်က NLD ပါတီသည် အစိုးရဝန်ကြီးဌာန အရေအတွက်အား ၂၁ ခုအထိ လျှော့ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly