ဂျာနယ်လစ်များ ဘေးကင်းရေး ကမ္ဘာ့မီဒီယာညီလာခံကျင်းပ

ဂျာနယ်လစ်များ ဘေးကင်းရေး ကမ္ဘာ့မီဒီယာညီလာခံကျင်းပ

ဂျာနယ်လစ်များ ဘေးကင်းလုံခြုံရေးအတွက် အပြည်ပြည်ဆိုင်ရာမီဒီယာဂျာနယ်လစ်များ အသင်းကြီး IPI က ကာတာနိုင်ငံ ဒိုဟာတွင် ကမ္ဘာ့ညီလာခံကို မတ် ၁၉ ရက်က စတင်ဖွင့်လှစ်ကျင်းပသည်။

သုံးရက်တာကျင်းပမည့် ယင်းညီလာခံအား အယ်လ်ဂျာဇီးယားက မိတ်ဖက်ပူးပေါင်းမှုနှင့်အတူ အိမ်ရှင်အဖြစ်ကျင်းပသည်။ ညီလာခံတွင် စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများလည်း ပါဝင်ကာ ကမ္ဘာ့နိုင်ငံများမှ ဂျာနယ်လစ်များအနေဖြင့် "ဘေးအန္တရာယ်ကြားက ဂျာနယ်လစ်များ"အစီအစဉ်ကို တင်ဆက်မည်လည်းဖြစ်သည်။ ယခုနှစ်ကျင်းပသည့် ညီလာခံသည် ဘေးအန္တရာယ်များသော ကမ္ဘာတွင် မီဒီယာသမားများ ဘေးကင်းလုံခြုံရေးနှင့် ပညာရှင်ဆန်ရေးတို့အပေါ် ဦးတည်သည်။

"ဂျာနယ်လစ်များက သတင်းလောကမှာ လူတွေရဲ့ မျက်လုံးပဲဖြစ်ပါတယ်။"ဟု အယ်လ်ဂျာဇီးယားမီဒီယာအတွက် အစီအစဉ်တင်ဆက်သူ Khadija Bengana က အဖွင့်အမှာစကားပြောသည်။

အဖွင့်စကား ပြောပြီးနောက် အယ်လ်ဂျာဇီးယားတွဲဖက်ညွန်ကြားရေးမှူး Mostefa Souag ကို ပထမမိန့်ခွန်းပြောကြားသူအဖြစ် Bengana က မိတ်ဆက်ပေးသည်။

"နေ့စဉ်နေ့တိုင်း ဂျာနယ်လစ်သတင်းသမားတွေက အန္တရာယ်နဲ့ လုံးပမ်းနေရတာဖြစ်ပါတယ်။ ဂျာနယ်လစ်သမားတွေ ကိုယ်တိုင်၊ သူတို့ရဲ့ မိသားစုဝင်တွေ၊ အသိအကျွမ်းဆွေမျိုးသားချင်းတွေက ခြိမ်းခြောက်ခံနေရပါတယ်။"ဟု Souag က အာရတ်စကားဖြင့် ပြောခဲ့သည်။ သတင်းသမားများ ကြုံတွေ့နေရသည့် အကြမ်းဖက်မှုများမှသည် ထိခိုက်ဒဏ်ရာရခြင်းအပြင် အသက်သေဆုံးခြင်းများအထိ ဘေးအန္တရာယ်များက ထူပြောများပြားလှကြောင်းလည်း ၎င်းက မှတ်ချက်ပြု ပြောခဲ့သည်။

"အမှန်တရားနဲ့ ဂုဏ်သိက္ခာအတွက် ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေက အသက် ပေးသွားကြရတယ်။ ကျဆုံးသတင်းသမားများအတွက် တရားမျှတဖို့ တိုက်ပွဲဝင်ရမှာက အရေးတကြီး လိုအပ်နေတယ်။ ဘေးအန္တရာယ်ကြားကပဲ အမှန်တရားကို ကျွန်တော်တို့ ဆက်လက်ဖော်ဆောင်သွားဖို့ လိုအပ်ပါတယ်။"ဟု ၎င်းက အလေးအနက်ပြောခဲ့သည်။

Souag ပြောကြားအပြီးတွင် Miami Herald မှ အယ်ဒီတာချုပ်နှင့် IPI မြောက်အမေရိကကော်မတီအကြီးအကဲဖြစ်ကာ IPI အမှုဆောင်ဘုတ်အဖွဲ့ဥက္ကဌလည်းဖြစ်သူ John Yearwood က ဆက်လက်ပြောကြားသည်။ ဆီးရီးယားက Mazen Darwish နှင့် အီဂျစ်တွင် အယ်လ်ဂျာဇီးယားသတင်းသမားတို့အား ဖမ်းဆီးခံထားရခြင်းအပါအဝင် ကမ္ဘာ့အနှံ့က အဖမ်းခံ ဂျာနယ်လစ် သတင်းသမားများ ချက်ချက်ပြန်လွှတ်ပေးရေးအတွက် ထောက်ခံပေးလျက်ရှိနေကြောင်း၊ သတင်းသမားဂျာနယ်လစ်များအား ပြစ်မှုဆိုင်ရာ အသေရေဖျက်မှုများဖြင့် ဖမ်းဆီးနေခြင်းများအား တိုက်ခိုက်သွားရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly