တံခါးဆူးဆို့ ခွေးအို့အို့နှင့်…..

တံခါးဆူးဆို့ ခွေးအို့အို့နှင့်…..

တခါတုန်းက စာအုပ်တစ်အုပ်ထဲတွင် ကိုယ်တွေ့ အတွေ့အကြုံတစ်ခုအကြောင်း ဖတ်ဖူး သည်။ အင်္ဂလိပ်နယ်ချဲ့အစိုးရခေတ်က ဖြစ်သည်။ ကုန်သည်ကြီးတစ်ဦး နွားလှည်းများဖြင့် ကုန်လိုက် ရောင်းသည်။ ရောက်သည့်နေရာတွင် စခန်းချ ညအိပ်သည်။ ထိုစဉ်က ရွာတိုင်းတွင် ခေတ္တတည်းခိုရန် ဇရပ်များ ရှိသည်။ နောက်တနေ့တွင် ခရီးဆက်ထွက်ခဲ့သည်။ ဆယ်ရက်ခန့် ကြာသွားသည့်အခါ ယင်းညအိပ်တည်းခိုခဲ့သည့်ဇရပ်တွင် ငွေထုတ်တစ်ထုပ် မေ့ကျန်ရစ်ခဲ့သည်ကို သတိရသည်။ ပြန်သွားယူမည်စဉ်းစားတော့ လှည်းသမားက အပြန်ကြမှ ယူလည်းရပါတယ်ဟု သူဌေးကို ဖြောင့်ဖျ သည်။ တစ်လနီးပါးကြာသောအခါ လာလမ်းအတိုင်းပြန်လာရာ ငွေထုပ်မေ့ကျန်ခဲ့ရာဇရပ်ကို ပြန်ရောက်သည်။ ငွေထုပ်ကို ဇရပ်ပေါ်တွင် မပျောက်မရှ ပြန်တွေ့ရေလေသည်ဟု   ရေးထားသည်ကို ဖတ်ရဖူးပါသည်။

မိမိတို့နိုင်ငံ တောင်ပေါ် လူမျိုးစုများနေထိုင်ရာ ဒေသတချို့တွင် အကြောင်းအမျိုးမျိုးကြောင့် တောင်ပေါ် တောင်ယာများနှင့်မနီးမဝေးတွင် တစိမ်းတရံစာများ သတိမထားမိအောင် လျှို့ဝှက်ဆန် ဂိုဒေါင် အသေးကလေးများ ရှိတတ်သည်။ မည်သူမဆို ခေတ္တရပ်နားစဉ် ချက်ပြုတ်စားသောက်လို့ ရသည်။ ပြီးလျင် နဂိုအတိုင်း ပြန်လည်ဖုံးအုပ် ဝှက်ထားလိုက်ကြသည်။ မည်သူကမျှ ဆန်တွေကို ယူမသွား။ ဆန်ဂိုဒေါင်ကို ဖျက်ဆီးမသွားကြ။

မျက်မှောက်ခေတ်တွင် မကြာခဏဆိုသလို ကားပေါ်တွင်မေ့ကျန်ခဲ့သော ငွေအိတ်နှင့် လက်ဝတ်လက်စားအိပ်များကို ကားမောင်းသူက ပိုင်ရှင်ထံလိုက်လံစုံစမ်းပြီး ကိုယ်တိုင်ကိုယ်ကျ ပြန်ပေးသည့်သတင်းများကို သတင်းစာများကို ဖတ်ရတတ်သည်။ ထိုအခါ ကြားရဖတ်ရသူများ ချီးကျူး ကြရသည်။ သို့သော် စဉ်းစားစရာ ရှိသည်မှာ သူများမေ့ကျန်ခဲ့သည့်ပစ္စည်းကို မယူပဲ ပိုင်ရှင်ထံပြန်ပေး သည့်ကိစ္စမှာ မည်သည့်အတွက်ကြောင့် သတင်းအဖြစ် မိမိတို့ ဖတ်နေကြရသနည်း။

မနေ့က နေ့စဉ်ထုတ်သတင်းစာတစ်စောင်တွင် အင်းဝမြို့ဟောင်းအနီး ကျေးရွာတချို့ ဓါးပြရန်ကြောင့် ကျီးလန့်စာစား နေကြထိုင်ကြရသည့်သတင်းကို ဖတ်ရသည်။ အစတော့ ဓါးပြများက မြစ်ထဲက လှေများ၊ သဘောၤများကိုသာ လုယက်သည်။ ယခုတော့ ကုန်းပေါ်တက်လာကာ တုတ်ဓါး များ အဖွဲ့လိုက်ကိုင်ကာ လုယက်လာကြသည်။ ဒေသခံ ရဲတပ်ဖွဲ့ကလည်း လုံခြုံအောင် မကာကွယ်နိုင်။ ထို့ကြောင့် ရွာသားများ ခေါင်းပြားအောင်မအိပ်နိုင်ကြကြောင်း ဖတ်ရသည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရတပ်များ စစ်မက်ဖြစ်ပွားနေသည့် ဒေသများတွင် အခြေအနေက ပိုဆိုးသည်။ မည်သည့်အဖွဲ့ဟု အသေအချာမသိနိုင်သည့် လက်နက်ကိုင်များက ရွာထဲ ကို နေ့ခင်းကြောင်တောင်ပင်လျင် ဝင်ရောက်ကာ အနိမ့်ဆုံး အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ကြက်၊ ဝက်၊ ဘဲ၊ နွားများကို ဖမ်းဆီးယူငင်ကြသည်။ အမြင်ဆုံး ငွေကြေးနှင့် ကိုယ်ပိုင်ပစ္စည်းများကို လုယက် သည်။ ရွာသားများမှာ မည်သူ့ကို အားကိုးရမှန်းမသိ။ မည်သူ့ကို တိုင်ကြားရမှန်း မသိ။

မြို့ပြဘုရားပုထိုးများတွင် ပိုက်ဆံအိပ်ကို ဘေးတွင် အသာချကာ ဘုရားအာရုံပြုလို့မရနိုင်။ မျက်စိတမှိတ် ခေါင်းတငိုက်အတွင်း ချထားသော ပိုက်ဆံအိပ် ပျောက်သွားမှာ သေချာသည်။ ဘတ်စ် ကားပေါ်တွင် လူကြပ်လျင် တစ်ဦးတစ်ယောက်တော့ ခါးပိုက်အနှိုက်ခံရမှာသေချာသည်။ ကားစီးခရီး သည်များအားလုံး ကိုယ့်ပစ္စည်းကို အသေအချာ မတိမလစ် ကြစ်ကြစ်ပါအောင် ဆုပ်ကိုင်ထိန်းသိမ်း ထားကြရသည်။ သည်ကြားထဲက ခါးပိုက်နှိုက် ခံကြရသည်။

အနှစ်ချုပ်ရလျင် မိမိတို့တိုင်းပြည် မိမိတို့လူမျိုးများ တချိန်က စည်းကမ်းရှိခဲ့ဖူးသည်။ ကိုယ်ကျင့် တရား ကောင်းခဲ့ဖူးသည်။ စိတ်ထားမြင့်မားခဲ့ဖူးသည်။ သို့သော် ယခုအခါ မိမိတို့လူမျိုးများ ကိုယ်ကျင့် တရား ပျက်ယွင်းနေပြီလားဆိုသည်ကို မဝံ့မရဲ မေးခွန်းထုတ်ရမလောက် အခြေအနေများက ဆိုးဝါး လာခဲ့သည်။

လူတို့ စိတ်နေစိတ်ထား ချွတ်ယွင်းနိမ့်ပါး ဖေါက်ပြန်ကြသည့်စိတ်များသည် မိုးပေါ်က ကျလာ သည့်သဘောတော့ မဟုတ်ချေ။ ထိုအခါ အဘယ့်ကြောင့် သည်လို ကိုယ်ကျင့်တရားများ ပြိုကွဲကျ ဆင်းလာခဲ့ကြရသနည်း။ မည်ကဲ့သို့ဆောင်ရွက်လျင် လူတွေ ကိုယ့်ကျင့်တရား ပြန်လည်မြင့်မားလာ နိုင်သနည်း။ လူတွေ ကိုယ်ကျင့်တရား ပျက်ပြားရခြင်း တရားခံမှာ မည်သည့်အရာနည်း။ မလွဲမသွေ စဉ်းစားအဖြေရှာကြရမည်မှာကတော့ အသေအချာပင်ဖြစ်သည်။

ကျေးလက်ဒေသများတွင် တချိန်က မိမိတို့၏ တဲအိမ်များ တံခါးပင်လျင်မရှိ။ တံခါးဝတွင် ဆူးခက်တချို့ဖြစ့်ပိတ်ဆို့ကာ ခွေးကို ခေါ်လျက် တောထဲသို့ ထွက်နိုင်သည့်အခြေအနေမျိုး ရှိခဲ့ဖူး ကြောင်း စာပေများထဲတွင် ဖတ်ရဖူးသည်။ မည်သူမျှ ဝင်ရောက်ခိုးဝှက်ဖျက်ဆီးခြင်း မရှိ။ တံခါးဆူးဆို့ ခွေးအို့အို့ခေတ်အမှန်တကယ် ရှိခဲ့ဖူးသည်။

မိမိတို့အားလုံး တခါးဆူးဆို့ ခွေးအို့အို့ခေတ် ပြန်လည်ထူထောင်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းသင့် ကြောင်း မဇ္ဈိမက တိုက်တွန်းလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly