“ ခေတ်သစ် တရုတ်၊ မဟာတံတိုင်း ”

“ ခေတ်သစ် တရုတ်၊ မဟာတံတိုင်း ”

ကိုမျိုးသန့်ရေ

ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့ စာနယ်ဇင်းသမားတွေ ပထမဦးဆုံးအကြိမ်အဖြစ် တရုတ် လွှတ်တော်တွင်း သွားလေ့လာခဲ့တယ်ဆိုတဲ့အကြောင်း ပြောပြခဲ့တယ်နော။ အားလုံးလဲ သိကြပြီးဖြစ် မှာပါ။ အခုနောက်ပိုင်း တရုတ်နိုင်ငံ အစိုးရဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ပိုပိုပြီး တိုးချဲ့လာတာ ကိုပါ။ အရင် ကျွန်တော်တို့ တိုင်းပြည် စစ်အာဏာရှင်စနစ် လက်အောက် ကျရောက်ခဲ့စဉ် အချိန်ကာ လတုန်းကဆို သူတို့က အစိုးရ အစိုးရခြင်းဆိုပြီး အာဏာရှင်တွေနဲ့ ဆက်ဆံခဲ့တာ မဟုတ်လားဗျာ။ ဆိုတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်တွေကို မုန်း၊ စစ်အာဏာရှင်တွေနဲ့ ဆက်ဆံ၊ ပေါင်းသင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်၊ နိုင်ငံတကာ စင်မြင့်မှာ အကာအကွယ်ပေးတဲ့ တရုတ် အစိုးရကိုလည်း မုန်းခဲ့ကြတာ အမှန်တရားပဲနော။ နောက်ပိုင်း တရုတ် အစိုးရဟာ မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာတော့ မယ့် အခြေအနေကို အသေအခြာ တွက်ချက် ရိပ်မိခဲ့ပုံ ပေါ်ပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကို အစိုးရချင်း ဆက်ဆံရေး သက်သက်ကနေ နယ်ပယ်ပေါင်းစုံနဲ့ ထိတွေ့ ဆက်ဆံရေးအဖြစ် ပြောင်းလဲခဲ့တာ အထင်အရှား တွေ့နိုင်ပါတယ်။

ဆိုတော့ သိပ်မကြာသေးခင် ကာလကစလို့ မြန်မာနိုင်ငံက အာဏာရမဟုတ်တဲ့ ပါတီက အမတ်တွေ၊ တိုင်းရင်းသားပါတီက အမတ်တွေကို တရုတ်နိုင်ငံတွင်း အလည်အပတ် ခရီးစဉ်တွေ စီစဉ်ပေးရုံမက မကြာခင် အာဏာရလာနိုင်တဲ့ အတိုက်အခံ အင်န်အယ်လ်ဒီက အမတ်တွေ၊ ပါတီ ခေါင်းဆောင်တွေကိုပါ တရုတ်နိုင်ငံထဲ ဖိတ်ခေါ်ပြီး ရင်းနှီးချစ်ကြည်မှုတွေ ပြခဲ့ပါတယ်။ အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါပါတယ်။ ဒါ့အပြင် အခြားသော မီဒီယာနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်က လူတွေကိုလည်း အလားတူ ဖိတ်ခေါ်ပြီး သူ့နိုင်ငံထဲက အဖွဲ့အစည်းတွေ ပြည်သူတွေနဲ့ ဆက်ဆံရေး တည်ဆောက်တာမျိုး လုပ်ကိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကတောင် ကျွန်တော်ဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ဖိတ်ကြားချက်အရ ဆူးလေရှန်ဂရီလာမှာ ကျင်းပပြုလုပ်တဲ့ နှစ်နိုင်ငံ ပန်းချီဆရာတွေစုပြီး ကွင်းဆင်း ပန်းချီရေးတဲ့ အစီအစဉ် ဖွင့်ပွဲတစ်ခုကို တက်လိုက်ပါသေးတယ်။ အဲဒီ အစီအစဉ်ကတော့ တရုတ်က ပန်းချီဆရာ တစ်ချို့ကို မြန်မာနိုင်ငံထဲ ဖိတ်၊ ပုဂံ၊ အင်းလေး၊ တောင်ကြီး အစရှိသဖြင့် မြန်မာနိုင်ငံထဲက နယ်မြေတွေကို ခရီးထွက်၊ ဒေသခံတွေနဲ့ တွေ့ဆုံ၊ ပန်းချီတွေ ပျော်ပျော်ပါးပါး ဆွဲကြ၊ ပြီးရင် မြန်မာ ပန်းချီဆရာတစ်ချို့ တရုတ်နိုင်ငံထဲ ဖိတ်၊ မဟာတံတိုင်း အပါအဝင် သမိုင်းဝင်နဲ့ လှပတဲ့ နေရာတွေကို ခရီးထွက်၊ ဒေသခံတွေနဲ့တွေ့၊ ပျော်ပျော်ပါးပါး ပန်းချီတွေဆွဲကြ ဆိုတဲ့ အစီအစဉ်မျိုးပါ။ ဘယ်လိုပဲဖြစ် ဖြစ် ဒီလို အနုပညာနယ်ပယ်မှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြတာကလည်း ကောင်းတယ် မဟုတ်ဘူးလား။ နော။ ကျွန်တော်က တရုတ်နိုင်ငံဘက်ကနေ အဲလို အစီအစဉ်တွေ အများကြီး လုပ်နေတယ် ဆိုတာကို ပြောပြချင်တာပါ။

ကိုမျိုးသန့်ရေ

ကျွန်တော်တို့ သတင်းစာဆရာတွေကို တရုတ်ပြည်ထဲ ဖိတ်ခေါ်တဲ့ အစီအစဉ်မှာ အဓိကက တော့ တရုတ်ပြည်သူ့ကွန်ဂရက် အစည်းအဝေးနဲ့ အတိုင်ပင်ခံ အစည်းအဝေးနှစ်ခု တက်ဖို့က အဓိက ပါ။ ဒါပေမယ့် ကျန်တဲ့ရက်တွေမှာတော့ တရုတ်နိုင်ငံမှာ အထင်ကရဖြစ်တဲ့ သမိုင်းဝင် မဟာတံတိုင်းနဲ့ တားမြစ်နန်းတော် လေ့လာ လည်ပတ်ရေး အစီအစဉ်လဲ ပါဝင်ပါတယ်။ ဒီနေ့တော့ အဲဒီအကြောင်း နည်းနည်း ပြောပြချင်ပါတယ်။ ပွင့်ပွင့်လင်းလင်းဆိုရရင် ကျွန်တော့်မှာ မအိုခင်၊ မနာခင်၊ မသေခင် ကမ္ဘာပေါ်မှာ ကျွန်တော် ရောက်ဖူးချင်တဲ့ နေရာတစ်ချို့ ရှိခဲ့ပါတယ်။ လူ့ယဉ်ကျေးမှု အမွေအနှစ် သမိုင်းဝင် နေရာတွေပါ။ ကြုံကြိုက်လို့ သွားရရင် သွားရ၊ မကြုံကြိုက်ရင် ကိုယ့်ဖာသာကိုယ် တစ်နေ့ သွားလည်ပတ် ကြည့်ရှုရမယ်လို့ တေးမှတ်ထားတဲ့ နေရာတွေပါ။ အဲဒီအထဲက ကမ္ဘောဒီးယားနိုင်ငံက အန်ကောဝပ်၊ အိန္ဒိယက တပ်ချ်မဟာနဲ့ နေရာတစ်ချို့ ရောက်ပြီးပါပြီ။ တရုတ်နိုင်ငံက မဟာတံတိုင်း၊ အီဂျစ်က ပိရမစ်တွေ မက္ကစီကိုက မာယာယဉ်ကျေးမှု အဆောက်အဦတွေကိုတော့ မရောက်ဖူးသေး ပါဘူး။ အဆင်ပြေချင်တော့ ဒီခရီးစဉ်မှာ မဟာတံတိုင်းကို လည်ပတ် လေ့လာခွင့်ရခဲ့ပါတယ်။

မဟာတံတိုင်းကို လည်ပတ်တာက တစ်ပိုင်းပေါ့။ လူတွေအနေနဲ့ ဓာတ်ပုံတွေ ရုပ်ရှင်တွေထဲမှာ မြင်ဖူးနေကြမို့ အထူးအထွေ မပြောတော့ပါဘူး။ ဒါပေမယ့် အဲဒီနေရာတွေကို ဘယ်လို ပြုပြင်ထိန်း သိမ်းတယ်၊ ပြည်တွင်း ကိုယ့်နိုင်ငံသားတွေနဲ့ နိုင်ငံတကာက ခရီးသည်တွေ လာအောင် ဘယ်လို ဆွဲဆောင်တယ်၊ ဘယ်လို ရင်းနှီးမြှုပ်နှံထားတယ် ဆိုတာတော့ ပြောပြချင်ပါတယ်။ ခုဆို ကျွန်တော်တို့ ဆီမှာ နိုင်ငံခြားသားတွေ အလာများတဲ့ ပုဂံ၊ အင်းလေး၊ ကျိုက်ထီးရိုးစေတီနဲ့ အခြားနေရာတွေလည်း ရှိနေလို့ပါ။ ကိုမျိုးသန့် သိတဲ့အတိုင်း မဟာတံတိုင်းဆိုတာက အရှည်ကြီး၊ အဲဒီ တံတိုင်းကြီးရဲ့ အစိတ် အပိုင်း တစ်ချို့နေရာတွေကို တရုတ်အစိုးရက လည်ပတ်စရာ နေရာအဖြစ် ဖွင့်လှစ်ထားတာ။ ဆိုတော့ လည်ပတ်စရာ တစ်နေရာနဲ့ တစ်နေရာ တူမှာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ ရောက်သွားတာက သိပ်မကြာသေးခင်ကပဲ ဖွင့်လိုက်တဲ့ နေရာအသစ်တစ်ခု။ ခရီးသည်တွေ သိပ်ပြီးတော့ မသိသေး၊ မသွားကြသေးဘူး။

တောင်ခြေစခန်းအထိ ကိုယ်ပိုင်ကားနဲ့ ဖြစ်စေ၊ ဘတ်စ်ကားနဲ့ ဖြစ်စေ၊ သွားနိုင်တယ်။ တောင်ခြေစခန်းမှာတော့ အမှတ်တရ ဈေးဆိုင်ခန်းတွေ၊ စားသောက်ဆိုင်တွေ နဲ့ ဖွဲ့စည်းထားတယ်။ နောက်တော့ အဲဒီကနေ တောင်ရဲ့ နောက်တဆင့်ကို ခြေလျင်ဖြစ်စေ၊ လွန်းပျံ ဘတ်စ်ကားတွေနဲ့ ဖြစ်စေ တက်နိုင်ကြတယ်။ ဘတ်စ်ကားနဲ့ တက်ရင်တော့ ဘတ်စ်ကားခ ကုန်တယ်။ အဲဒီ နေရာ ရောက်ပြီး တံတိုင်းအနားထိ ရောက်အောင် နောက်ထပ် ခြေလျင်ဖြစ်စေ၊ ကေဘယ်လ် ကားနဲ့ ဖြစ်စေ၊ တက်နိုင်သေးတယ်။ ကေဘယ်ကားနဲ့ တက်ရင်တော့ လူတစ်ယောက် ယွမ် ၁၀၀၊ မြန်မာငွေနဲ့ဆို ကျပ် ၂ သောင်းလောက်တော့ ပေးရတယ်။ ကေဘယ်လ်ကားဆိုတာ ဟောင်ကောင်မှာ တောင်တက်တာ လို၊ စင်ကာပူမှာ ဆင်တိုစာ ကျွန်းကို ကူးတာလို ကေဘယ်လ် ကားလေးတွေနဲ့ပေါ့။ အဲဒီ လမ်းဆုံးမှာမှ မဟာတံတိုင်း နံပတ် (၁၄) ကိုရောက်တယ်။ ကျွန်တော်တို့က နံပတ် ၁၄ ကနေ ၁၅ အထိ လမ်းလျောက် လည်ပတ်၊ လေ့လာကြတယ်။

အဲဒီမှာ သူတို့ စနစ်တကျ စီစဉ်ထားပုံတွေက အတုယူစရာ အများကြီးပါပဲ။ တရုတ်ဟာ ချမ်းသာတဲ့ နိုင်ငံဖြစ်ပေမယ့် တံတိုင်းရဲ့ အဲဒီအပိုင်းကို ပြင်ဆင်ထားတာကတော့ ဂျာမန် အကူအညီနဲ့ ဆိုတာ တွေ့ရတယ်။ ကျွန်တော် မျက်စေ့ထဲ ပြေးမြင်တာကတော့ ကျွန်တော့်မွေးရပ်မြေ မွန်ပြည်နယ် က ကျိုက်ထီးရိုး တောင်တော်ကိုလည်း အဆင့်ဆင့်မြင့်မြင့် စနစ်တကျနဲ့ နိုင်ငံတကာကရော ပြည်တွင်း ကပါ လာလည်တဲ့ နေရာမျိုး ဖြစ်စေချင်တာပါပဲ။ နောက်တစ်ပတ် ဆက်ပြောပြမယ်နော။

ကျန်းမာပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly