ရန်ကုန်စတော့အိတ်ချိန်းကိုဖွင့်စျေး ၂၆၀၀၀ ကျပ်ဖြင့်စတင်မည်

ရန်ကုန်စတော့အိတ်ချိန်းကိုဖွင့်စျေး ၂၆၀၀၀ ကျပ်ဖြင့်စတင်မည်
ရန်ကုန်မြို့၊ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ FMI Centre ကို တွေ့ရစဉ်။ဓာတ်ပုံ- မဇ္စျိမ

ရန်ကုန်၊ မတ် ၁၉ ။           ။ မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်ဖြစ်လာမည့် ရန်ကုန်စတော့အိတ်ချိန်း၏ ကနဦးအဖွင့်ဈေးကို ၂၆၀၀၀ ကျပ်ဖြင့် စတင် နိုင်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊   ဒုတိယဝန်ကြီးဒေါက်တာမောင်မောင်သိမ်းက မတ် ၁၉ ရက်နေ့တွင် ပြောသည်။

 မဇ္ဈိမ၏ ရန်ကုန်စတော့ အိတ်ချိန်းစတင်မည့်နေ့တွင် ပထမဆုံးရှယ်ယာရောင်းချမည့် FMI ကုမ္ပဏီလီမိတက်၏ အဖွင့်ဈေးကိုပမာဏဘယ် လောက်ဖြင့် စတင်နိုင်မည်ဆိုသည့်မေးခွန်းကိုဒေါက်တာမောင်မောင်သိမ်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“  FMIကုမ္ပဏီရဲ့ တကယ်ဖြစ်နေတဲ့ ဈေးနှုန်းကရှယ်ယာတစ်ခုကိုသုံးသောင်းခွဲ၊ သုံးသောင်းခြောက်ထောင်ကျပ် လောက်ဖြစ်နေတယ်၊ အဲတော့ FMI အနေနဲ့ စတော့ဈေးကွက်စတင်တဲ့နေ့မှာ (Realistic Price) ကိုအခြေခံရမှာဖြစ်တယ်၊ အကြမ်းဖျဉ်းတွက်ချက်မှုအရတော့ နှစ်သောင်းခြောက်ထောင်ကျပ်ရတယ်”ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမောင်မောင်သိမ်းကပြောဆိုသည်။

ရန်ကုန်စတော့အိတ်ချိန်းကိုမတ် ၂၅ ရက်နေ့တွင် အီလက်ထရောနစ်စနစ်ဖြင့် စတင်မည်ဖြစ်ပြီးယင်းစတော့အိတ်ချိန်းတွင် အိမ်ခြံမြေလုပ်ငန်းရှင် Serge Pun (ခေါ်) ဦးသိမ်းဝေဦးဆောင်နေသည့် FMI ကုမ္ပဏီလီမိတက်ကပထမဦးဆုံး Listed ကုမ္ပဏီအနေနှင့် ရှယ်ယာအရောင်းအဝယ်များစတင်မည်ဖြစ်သည်။ ဒေါက်တာမောင်မောင်သိမ်းအနေနှင့် FMI ကုမ္ပဏီ၏ ရှယ်ယာတစ်စုအဖွင့်ဈေးကိုကျပ်ငွေ နှစ်သောင်းဝန်းကျင်ဖြင့် စတင်ရောင်းချမည်ဟု အစောပိုင်းကမီဒီယာများ ကိုပြောဆိုထားဖူးသည်။ ထိုကဲ့သို့ FMI ကုမ္ပဏီ၏ စတော့အိတ်ချိန်းတွင် စတင်မည့်အဖွင့်ဈေးနှုန်းကိုအချိန်အမှတ် (Point of Time) အပေါ်တွင်ရှိသည့် ဈေးနှုန်းများကိုတွက်ချက်ပြီးပြောဆိုရခြင်းဖြစ် သည်ဟု ဒေါက်တာမောင်မောင်သိမ်းကရှင်းပြသည်။

“ Realistic price ကိုအခြေခံတဲ့နေရာမှာသူ့ရဲ့သတ်မှတ်တဲ့နည်းက Mathematic နည်းနဲ့ဆို (၄)ခုလောက်ရှိတယ်၊ ဒါပေမယ့် အဲဒိနည်းကအခုအချိန်မှာအခုအချိန်မှာသုံးဖို့သိပ်ပြီးမသင့်တော်ဘူး၊ အဲတော့ အခုကျွန်တော်တို့က Historical method ကိုသုံးတယ်၊အဲဒိနည်းအရဆိုရင် အချိန်အမှတ် (Point of Time) ၃ ခုမှာရှိတဲ့ ဈေးနှုန်းတွေကိုယူရတာပေါ့၊ ပထမတစ်ခုက Listed ကုမ္ပဏီအဖြစ် မကြေညာခင်အချိန်ကဈေးနှုန်း၊ နောက်တစ်ခုက Listed လုပ်မယ်လို့် ကြေညာတဲ့အချိန်မှာရှိတဲ့ ဈေးနှုန်း၊ နောက်ဆုံးတစ်ခုကလက်ရှိဖြစ်နေတဲ့ ဈေးနှုန်း..အဲဒီ(၃)ခုကိုယူလိုက်ပြီးတော့ ဒီအပေါ်မှာ မျှပြီးတွက်ချက်တာ၊ ဒါကအဖွင့်ဈေးပေါ့၊ ဈေးအတက်အကျကဈေးကွက်ကသတ်မှတ်သွားမှာပါ”

လက်ရှိအချိန်အနေနှင့် မြန်မာနိုင်ငံတွင် အများပိုင်ကုမ္ပဏီပေါင်း ၂၃၀ ကျော်အထိရှိလာပြီဖြစ်ပြီးထိုကုမ္ပဏီများထဲမှ အကောင်းတကာ့အကောင်းဆုံးကုမ္ပဏီများဆိုလျှင် ကုမ္ပဏီပေါင်း ၃၀ လောက်ရှိမည်ဟု ဒေါက်တာမောင်မောင်သိမ်း ကပြောဆိုထားသည်။ မတ် ၂၅ ရက်နေ့တွင် တရားဝင်စတင်မည့် ရန်ကုန်စတော့အိတ်ချိန်းတွင် ကနဦးစတင်မည့် FMI ကုမ္ပဏီအပြင် နောက်ထပ်အများပိုင်ကုမ္ပဏီ  ၅ ခုကိုလည်းအစုရှယ်ယာနှင့် အိတ်ချိန်းကော်မရှင်ကရွေးချယ်ထားပြီးဖြစ် သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် FMI ကုမ္ပဏီကရှယ်ယာရောင်းချခြင်းကိုစတင်မည်ဖြစ်ပြီးနောက်ပိုင်းတွင် သီလဝါအထူးစီး ပွားရေးဇုန်အများပိုင်ကုမ္ပဏီ (MTSH) က ရှယ်ယာရောင်းချသည့်ဈေးကွက်တွင် ပါဝင်လာမည်ဖြစ်သည်။ ဆက်လက်ပြီး မြန်မာနိုင်ငံသားများဘဏ်၊ ပထမပုဂ္ဂလိကဘဏ်နှင့် မြန်မာ့လယ်ယာစီးပွားအများပိုင်ကော်ပိုရေးရှင်း (MAPCO) တို့က အသီးသီးရှယ်ယာများ ကိုရောင်းချကြမည်ဖြစ်သည်။

“ ရှေ့နောက် အချိန်ကွာဟချက်ကသိပ်တော့မရှိပါဘူး”ဟုဒေါက်တာမောင်မောင်သိမ်းကပြောပြသည်။

ထို့အပြင် ရှယ်ယာအရောင်းအဝယ်များကို ငွေချေးသက်သေခံကုမ္ပဏီများ (Securities ) က ကုမ္ပဏီနှင့် ရှယ်ယာရှင်များကြားတွင် ကြားခံဆောင်ရွက်ပေးမှာဖြစ်ပြီး KBZ Stirling Coleman Securities ၊ Aya Trust Securities ၊ CB Securities နှင့် KTzRH Securities တို့ကအသီးသီး တာဝန်ယူကြမည်ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းအဆောက်အဦးကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့ကရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိယခင် မြဝတီဘဏ်ရုံးချုပ် (ဟောင်း) နေရာတွင် ဖွင့်လှစ်ခဲ့ပြီးမတည်ရင်းနှီးငွေ ကျပ်သန်းပေါင်းသုံးသောင်းနှစ်ထောင်ဖြင့် ဂျပန်-မြန်မာဖက်စပ် တည်ထောင်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly