အင်ဒိုနီးရှားက ဒုတိယသုံးလပတ်တွင် သကြားအကြမ်းတန်ချိန် ၉၆၀,၀၀၀ကျော်ကို ပြည်ပမှ တင်သွင်းမည်

အင်ဒိုနီးရှားက ဒုတိယသုံးလပတ်တွင် သကြားအကြမ်းတန်ချိန် ၉၆၀,၀၀၀ကျော်ကို ပြည်ပမှ တင်သွင်းမည်

ဂျာကာတာ၊ မတ် ၁၉ ။            ။ အစားအစာနှင့် အဖျော်ယမကာလုပ်ငန်းအတွက် ယခုနှစ် ဒုတိယသုံးလပတ်တွင် ပြည်ပမှ သကြားအကြမ်းတန်ချိန် ၉၆၈,၁၄၃ တန်ကို အစိုးရက တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဋ္ဌာန ပြည်ပကုန်သွယ်ရေး ယာယီညွှန်ကြားရေးမှူးချုပ် ကာရီယန်တိုစူပရီးက ပြောသည်။

ခွင့်ပြုစာရွက်စာတမ်းများကို လက်မှတ်ရေးထိုးထားပြီး နောက်တနင်္လာနေ့တွင် ထုတ်ပြန်နိုင်လိမ့်မည်ဟု ကာရီယန်တိုက ပြောသည်။အစားအစာနှင့် အဖျော်ယမကာလုပ်ငန်းတိုးတက်မှု နှစ်စဉ် ၈ ရာခိုင်နှုန်းကျော်တိုးလာမှုကို အမီလိုက်နိုင်ရေးအတွက် သကြားတင်သွင်းမှုမှာ ယခုနှစ်တွင် ၅ ရာခိုင်နှုန်းတိုးလာမည်ဖြစ်ပြီး သကြားတန်ချိန် ၃ဒသမ၂သန်းတင်သွင်းနိုင်မည်ဟု မျှော်လင့်ရသည်။

လုပ်ငန်းအနေအထားအရ ယခုနှစ်တွင် သကြားတန်ချိန် ၃ သန်းလိုအပ်မည်ဟု အင်ဒိုနီးရှားအစားအစာနှင့် အဖျော်ယမကာအဖွဲ့ ဥက္ကဋ္ဌ အာဒီအက်စ်လပ်ခ်မန်က ပြောသည်။ "လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကျွန်တော်တို့ သကြားကြမ်း ၃ဒသမ၂ တန်လိုအပ်ပါတယ်"ဟု ၎င်းက ဂျာကာတာပို့စ်သို့ ပြောသည်။ အင်ဒိုနီးရှားသည် အရှေ့တောင်အာရှတွင် သကြားစားသုံးမှု အကြီးမားဆုံးဖြစ်သည်။

ကုန်သွယ်ရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ စားသုံးသူလက်လီကဏ္ဍအတွင်း သကြားစားသုံးမှုမှာ တစ်နှစ်လျင် တန်ချိန်သုံးသန်းရှိပြီး အမျိုးသားသကြားထုတ်လုပ်မှုမှာ တန်ချိန် ၂ဒသမ၅သန်းမှ ၂ဒသမ၇သန်းရှိရာ နှစ်စဉ် သကြားတန်ချိန် သုံးသိန်းမှ ငါးသိန်းအထိ လိုအပ်နေသည်။ လိုအပ်ချက်မှာ ဆက်လက်မြင့်တက်နေဦးမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly