ပျမ်းမျှအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်သာရှိသော မလေးရှားတွင် ၄၀ဒီဂရီစင်တီဂရိတ်အထိမြင့်လာနိုင်

ပျမ်းမျှအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်သာရှိသော မလေးရှားတွင် ၄၀ဒီဂရီစင်တီဂရိတ်အထိမြင့်လာနိုင်

ကွာလာလမ်ပူ၊ မတ် ၁၉ ။         ။ မလေးရှားနိုင်ငံတွင် ပျမ်းမျှအပူချိန်မှာ ၂၇ ဒီဂရီစင်တီဂရိတ်သာ ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သည့် သီတင်းပတ်အတွင်း အပူချိန်မှာ ၃၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိလာသည်။

ကျွန်းဆွယ်မလေးရှား၏ မြောက်ပိုင်းပြည်နယ်များတွင် အပူချိန် ပိုမိုမြင့်မားလာနိုင်ပြီး ၄၀ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိလာနိုင်သည်ဟု အရာရှိများက ပြောသည်။ မလေးရှားတွင် ဖြစ်ပေါ်ခဲ့ဖူးသည့် အမြင့်ဆုံးအပူချိန်မှာ ် ၁၉၉၈ခုနှစ်က ပါလစ်ပြည်နယ်တွင် ၄၀ဒသမ၁ဒီဂရီအထိ ရောက်ရှိခဲ့သည်။ အပူချိန်နှင့် ပတ်သက်၍ စောင့်ကြည့်စစ်ဆေးကာ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေးအတွက် အစိုးရအရာရှိများနှင့် ကျွမ်းကျင်သူများပါသည့် အထူးကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားကြောင်း မလေးရှား သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ်ဝန်ကြီး ဝန်ဂျူနိုင်ဒီတူအန်ကူဂျာဖာက မတ် ၁၈ တွင် ကြေညာခဲ့သည်။

ဒေသတစ်ခုခုတွင် အပူချိန် ၄၀ဒီဂရီကျော်မှုက ခုနှစ်ရက်နှင့် အထက်ရှိနေပါက အပူလှိုင်းအရေးပေါ်အခြေအနေတစ်ခု အစိုးရက ကြေညာမည်ဟုလည်း ၎င်းက ပြောသည်။ ထို့အပြင် အပူချိန် ၃၇ဒီဂရီစင်တီဂရိတ်ထက်ကျော်မှုက သုံးရက်ကျော်ပါက ကျောင်းများပိတ်ရန် ပညာရေးဝန်ကြီးဋ္ဌာနကလည်း အမိန့်ပေးနိုင်သည်ဟု သိရသည်။

ယခုကဲ့သို့ ပူပြင်းခြောက်သွေ့ရခြင်းမှာ ရေနွေးစီးကြောင်း အယ်လ်နီညို၏ အကျိုးဆက်ဖြစ်ပြီး အီကွေတာနှင့် နီးသော အခြားနိုင်ငံများလည်း ယင်းအကျိုးဆက်ကို ခံစားရကြောင်း ဝန်ဂျူနိုင်ဒီတူအန်ကူဂျာဖာက ပြောသည်။

ပူပြင်းခြောက်သွေ့သော ရာသီကြောင့် နိုင်ငံတစ်ဝန်း ရေပြတ်လပ်မည်ကို စိုးရိမ်နေသည်။ ကျွန်းဆွယ်မလေးရှားရှိ အနည်းဆုံးရေကာတာ ငါးခုတွင် ရေပမာဏမှာ ၅၀ ရာခိုင်နှုန်းအောက်သာ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly