မကွေးညောင်ပင်သာ မီးဘေးသင့်သူများ စိုက်ပျိုးရေးပစ္စည်းများ အရေးပေါ်လိုအပ်

မကွေးညောင်ပင်သာ မီးဘေးသင့်သူများ စိုက်ပျိုးရေးပစ္စည်းများ အရေးပေါ်လိုအပ်
ဓါတ်ပုံ- ဒေါင်းလူ

မကွေး ၊ မတ် ၁၉ ။         ။ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့သည့် မကွေးမြို့နယ် ညောင်ပင်သာကျေးရွာရှိ မီးဘေးသင့်ပြည်သူများ အနေဖြင့် စိုက်ချိန်အမီ စိုက်ပျိုးရေးပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း မီးဘေးသင့်ကျေးရွာသားများ၏ပြောပြချက်အရ သိရသည်။

မီးဘေးသင့်ကျေးရွာသားများအတွက် ဌာနဆိုင်ရာများနှင့်အရပ်ဖက်လူမှုအဖွဲ့အစည်းများက အဆက်မပြတ် လှူဒါန်းထောက်ပံ့မှုများရှိနေသော်လည်း ဒေသခံများအတွက် သြင်္ကန်အပြီး စိုက်ပျိုးထွန်ယက်ရန် မျိုးစေ့များ၊လယ်ယာလုပ်ငန်း ခွင်သုံးပစ္စည်းများနှင့် လှည်းများ မီးသင့်ခဲ့သည့်အတွက် လုပ်ကိုင်စားသောက်ရန် ခက်ခဲနေကြောင်း မီးဘေးသင့် ကျေးရွာသားများ၏ပြောပြချက်အရ သိရသည်။

"အခုတော့ စာရေးသောက်ရေးအတွက် ဝေပေးနေတော့ အဆင်ပြေတယ်။နေထိုင်ဖို့ကတော့ အခက်အခဲရှိတယ်။နောက်ကျတော့ ဘာလုပ်စားမလဲ။သြင်္ကန်အပြီး မိုးကျတာနဲ့ ထွန်ယက်လုပ်ကိုင်ဖို့ မျိုးစေ့တွေ၊လှည်းတွေ၊ထွန်တုံးတွေလည်း မီးထဲပါသွားပြီ။ပြန် ဝယ်ဖို့လည်း ပိုက်ဆံ့မရှိတော့ဘူး။" -ဟု မီးဘေးသင့်ကျေးရွာသူဒေါ်လှဆင့်က ပြောသည်။

မီးလောင်စဉ်အခါက ပဲ၊နှမ်းမျိုးစေ့များအပြင် လယ်ယာသုံးပစ္စည်းများနှင့် ရွာအတွင်းရှိ နွားလှည်း(၇၀) ရာခိုင်နှုန်းပါသွားသည့် အတွက်ကြောင့် ယခုနှစ်အတွက် လယ်ယာထွန်ယက်လုပ်ကိုင်နိုင်ရန် မလွယ်ကူတော့ကြောင်း၊ မျိုးစေ့များနှင့်ယာမြေ လုပ်ကိုင်ရန် ငွေကြေးအရင်း အနှီးများလိုအပ်ကြောင်း မီးဘေးသင့်ဒေသခံကိုသန်းမင်းထိုက်က ဆိုသည်။

"မိုးဦးကျရင် ကျွန်တော်တို့ဒေသက နှမ်းစိုက်တယ်။ကျွန်တော်တို့ဘဝတွေ ပြန်ပြီးနလံထူနိုင်ဖို့ စိုက်ပျိုးစာရိတ်ချေးငွေတွေလိုတယ်။ အိမ်တွေပြန်ဆောက်နိုင်ဖို့ ဝါး၊သစ်၊သွပ်နဲ့သက်ကယ်တွေ လိုနေပါတယ်။အစက ပြန်စရမှာဆိုတော့ မူလအတိုင်းပြန်ဖြစ်ဖို့ အလှမ်း ဝေးလွန်းနေပါသေးတယ်။" ဟု ၎င်းက ဆက်လက်ပြောပြသည်။

မကွေးမြို့နယ်၊ညောင်ပင်သာကျေးရွာတွင် မတ် ၁၆ ရက်၊မွန်းလွဲ ၁ နာရီက မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ပြီး၊အိမ်ခြေ ၂၀၀ အနက် (၁၈၂)အိမ် လောင်ကျွမ်းပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly