မင်းဘူး/စကုမြို့နယ် ထောက်ရှာပင်ကမ်းနီ ရေနံမြေအတွက် မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးပေးမည်

မင်းဘူး/စကုမြို့နယ် ထောက်ရှာပင်ကမ်းနီ ရေနံမြေအတွက် မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးပေးမည်

မင်းဘူး၊ မတ် ၁၉။             ။ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း ထောက်ရှာပင် ကမ်းနီ ရေနံမြေအတွင်းအမြဲတမ်း အသုံးပြုဧရိယာတွင် ပါဝင်နေသော စိုက်ပျိုးယာမြေများ အတွက် မြေယာလျော်ကြေးနှင့် သီးနှံနစ်နာကြေးငွေများအား မတ် ၂၁ ရက်နေ့တွင် ပေးအပ်မည်ဖြစ်ကြောင်း မင်းဘူး/စကုမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရှိရသည်။

 စိုက်ပျိုးမြေ(၂၆၄.၉၇)ဧကအတွက် ကျပ်သိန်းပေါင်း ၇၀၀၀ကျော် နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း တူးဖော်ခဲ့သော ရေနံတွင်းများ(H853' H859' H861) တို့အတွက် မြေယာလျော်ကြေးနှင့် သီးနှံနစ်နာကြေးငွေ နှစ်ဆယ့်ငါးသိန်းနှစ်သောင်း ရှစ်ထောင် နှစ်ရာလေးဆယ်တိတိအား  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရုံးတွင် တောင်သူများအား   လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း   မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ဦးညီညီဝင်းက မဇ္ဈိမသို့ပြောသည်။

   ထောက်ရှာပင် ကမ်းနီ ရေနံမြေ အထွေထွေဒုမန်နေဂျာက "ထောက်ရှာပင်၊ ဖလံရုံ၊နန်းတော်ကုန်း၊ ရွာသာယာ၊ ထိန်းတော၊ ရွာပုလဲ၊ ရေငံ ပက်ပယ်၊ကျေးရွာ ၇ အုပ်စုက တောင်သူတွေရဲ့ယာမြေတွေကို   မြေယာဥပဒေနဲ့အညီ ယာတစ်ဧကကို ဆယ်နှစ်သိန်း၊ နှမ်းတစ်ဧကအထွက် ၁၀.၁၁တင်းနှုန်းအမြောက် ငါးသောင်းနဲ့သုံးဆတွက်လျော်တာပါ " ဟုပြောသည်။

  ရွာသာယာကျေးရွာမှ တောင်သူဒေါ်စန်းစန်းနုက "ထောက်ရှာပင် ကမ်းနီ ရေနံမြေက တောင်သူတွေကို ၂၀၁၂လယ်ယာမြေဥပဒေနဲ့အညီ လျော်ကြေးပေးမယ့်အတွက် ဘာမှပြောစရာ မရှိပါဘူး၊ အရင်က လျော်ကြေးပေးရင် ချက်လက်မှတ်နဲ့ ပေးတာပါ၊ အခုပေးမှာက ငွေသားပေးမှာဆိုတော့ တောင်သူတွေအတွက် ပိုပြီးကောင်းပါတယ်"ဟု မဇ္ဈိမသို့ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly