ရွေးကောက်ခံ သမ္မတသစ် ဦးထင်ကျော်ကို ဘင်္ဂလားဒေ့ရှ် သမ္မတနှင့် ၀န်ကြီးချုပ် တို့ကလည်း ဂုဏ်ပြု

ရွေးကောက်ခံ သမ္မတသစ် ဦးထင်ကျော်ကို ဘင်္ဂလားဒေ့ရှ် သမ္မတနှင့် ၀န်ကြီးချုပ် တို့ကလည်း ဂုဏ်ပြု

ရန်ကုန်၊ မတ်၊ ၁၈ ။              ။ ရွေးကောက်ခံမြန်မာသမ္မတ သစ်ဦးထင်ကျော်ကို ဘင်္ဂလားဒေ့ရှ် သမ္မတ အက်ဘ်ဒူလ်ဟာမစ်နှင့် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ တို့က ဂုဏ်ယူဝမ်းမြောက် စကားပြောကြား လိုက်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံး က ထုတ်ပြန်လိုက်သည်။

ဘင်္ဂလားဒေ့ရှ်သမ္မတ အက်ဘ်ဒူလ်ဟာမစ်က ဦးထင်ကျော်ကို ဂုဏ်ပြုစကားပြောကြားရာတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံစလုံးသည် မိမိတို့နှစ်နိုင်ငံအတွက် သာမကတောင်နှင့် အရှေ့တောင်အာရှနှင့် ချိတ်ဆက်ကာဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးအတွက်ပါ ပါဝင်ဆောင်ရွက်နိုင်စွမ်းရှိသောနိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံလက်တွဲဆောင်ရွက်ခြင်းဖြင့် မိမိတို့ဒေသကို ပိုမိုကောင်းမွန်သည့်နေရာတစ်ခုဖြစ်လာအောင်လုပ်ဆောင်နိုင်ပြီး မိမိတို့ ပြည်သူများ၏ လိုအင်ဆန္ဒများ ကိုလည်း ဖြည့်ဆည်းပေးနိုင်လိ့မ်မည်ဟု ယုံကြည်ကြောင်းဖြင့် ပြောကြားထားသည်။

ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာကမူ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်စည်ပင်ဖွံ့ဖြိုးလာခြင်းနှင့်အတူ ကာလကြာရှည်စောင့်ဆိုင်း ခဲ့ရသော အားလုံးပါဝင်သည့် နိုင်ငံရေးနှင့် စီးပွားရေးုပြုပြင်ပြောင်းလဲမှုများပေါ်ထွန်းလာပြီး ဒီမိုကရေစီ၏အသီးအပွင့်များကို လူတိုင်းညီတူညီမျှခံစားနိုင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

ထို့ပြင် နှစ်နိုင်ငံ၏ တူညီသော ပထဝီဝင်အနေအထားနှင့် သမိုင်းနောက်ခံဖြစ်ရပ်များအရ ထူခြားသည့်အခွင့်အလမ်းများကို အတူတကွဖော်ဆောင်ပြီး ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း မဖော်ဆောင်ဖြစ်ခဲ့သည့် အကျိုးရလဒ်များကို ဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း၊ သမ္မတသစ်၏ ဦးဆောင်မှုနှင့်အတူ နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်ယုံကြည်မှုများ တည်ဆောက်နိုင်ပြီး မိမိတို့နှစ်နိုင်ငံ၏ စစ်မှန်သည့် အရည်အသွေးများပေါ်ထွန်းလာအောင် အကောင်အထည်ဖော်နိုင်မည် ဟု ယုံကြည်ကြောင်း ၊ ရှေးခရီးတွင် ဘင်္ဂလားဒေ့ရှ်က ရိုးသားမှု၊ ယုံကြည်မှုများဖြင့် မြန်မာနိုင်ငံ ၏စစ်မှန်သည် မဟာမိတ်နိုင်ငံအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း ရှိတ်ခ်ဟာဆီနာ က ပြောကြားသည်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရစဉ်က ဒေါ်အောင်ဆန်းစုကြည်ကို စောလျင်စွာဂုဏ်ပြု စကားပြောကြခဲ့သူများထဲတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာလည်း ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly