ငွေစာရင်းကွာခြားချက် အနည်းဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံစံချိန်ချိုး

ငွေစာရင်းကွာခြားချက် အနည်းဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံစံချိန်ချိုး

ရန်ကုန်၊ မတ်၁၈ ။           ။  တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများမှ ပေးသွင်းသော အခွန်အခများနှင့် အစိုးရမှ လက်ခံရရှိသည်များကို တိုက်ဆိုင်စစ်ဆေးသော အစီရင်ခံစာ(Myanmar EITI ၂၀၁၅)တွင် ငွေစာရင်းကွာခြားချက်မှာ စုစုပေါင်း မြန်မာကျပ်ငွေ ၁၆၂သန်းဖြစ်ကြောင်း အစီရင်ခံစာအရသိရသည်။

ရာခိုင်နှုန်းအားဖြင့်ဆိုလျှင် ဝ.၀၁ရာခိုင်နှုန်းသာရှိသောကြောင့် ငွေစာရင်းကွာဟမှု အနည်းဆုံးနိုင်ငံအဖြစ် စံချိန်ချိုးခဲ့ကြောင်း ရန်ကုန်မြို့တွင် ယနေ့မနက်ကကျင်းပသော အစီရင်ခံစာတင်ပြခြင်း အခမ်းအနားတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာEITI သုံးပွင့်ဆိုင် ညွန့်ပေါင်းဥက္ကဌ ဒေါက်တာ မောင်မောင်သိမ်းကအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

အခွန်အခစာရင်းများကို ရယူရာတွင် အစိုးရမှာအဓိကအရင်းမြစ်ဖြစ်ပြီးဝန်ကြီးဌာနများမှ အခွန်အခများလက်ခံရာတွင် လုပ်ငန်း အမျိုးအစားအလိုက် ခွဲခြားလက်ခံခြင်းမျိုးမဟုတ်ပဲ ကုမ္ပဏီတစ်ခုလုံး၏ ဝင်ငွေအပေါ်တွင် ကောက်ယူထားခြင်းဖြစ်ကြောင်း သတ္ထုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်၏ ရှင်းလင်းပြောကြားချက်အရသိရသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်အဖြစ် အစီရင်ခံစာပြုစုရာတွင် ပါဝင်သော မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့မှ ဒေါ်မိုးမိုးထွန်းက “ကျွန်မတို့ကတော့ အသေချာမသိဘူး၊ သွားစစ်ဆေးတဲ့ထဲမှာလည်း မပါတော့လေ။ သူတို့တိုက်ပြီးတော့လည်း လုပ်တာဖြစ်ချင်ဖြစ်လိမ့်မယ်ဆိုတာတော့ အသေချာ တော့ပြောလို့မရပါဘူး။ အဓိက အားနည်းချက်ကတော့ အခွန်ငွေတွေအားလုံးသည် လုပ်ငန်းတစ်ခုစီအလိုက်ဝင်တာ မဟုတ်ပဲနဲ့ လုံးပေါင်းငွေအဖြစ်ဝင်တာဖြစ်တယ်၊ ဆိုတော့ ဒါကိုဘယ်လိုပြန်ခွဲလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်” ဟု ဆိုသည်။

အဆိုပါ အစီရင်ခံစာသည် တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများထဲမှ ရေနံနှင့် သဘာဝဓါတ်ငွေ့၊ ကျောက်မျက်နှင့် ကျောက်စိမ်း၊ အခြားသောသတ္ထုများဆိုသည့် လုပ်ငန်းသုံးခုကို အဓိကထားပြီး တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

EITI ဆိုသည်မှာ သဘာဝသယံဇာတအရင်းအမြစ်များ တူးဖော်ထုတ်လုပ်ခြင်းမှရရှိသော အခွန်ဘဏ္ဍာများ ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် စစ်ဆေးတိုင်းတာသော နိုင်ငံတကာစံနှုန်းတစ်ခုဖြစ်ပါသည်။ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ အဖွဲ့တွင်ပါဝင်နိုင်ရန် ၂၀၁၂ဒီဇင်ဘာတွင် စတင်လုပ်ဆောင်လာပြီး ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင် ပထမဆုံး အစီရင်ခံစာတင်ခဲ့သည်။

“EITIလှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် နိုင်ငံတကာကသတ်မှတ်တဲ့ လာဘ်စားမှုညွှန်းတန်းမှာ အဆင့်ကသုံးလေးဆင့် လောက်တက်သွားတယ်၊ တင်းပြည့်အဖွဲ့ဝင်ဖြစ်သွားရင် ဒီထက်အများကြီး တက်သွားမယ့် အနေအထားမှာရှိတယ်။ ဆိုတော့နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေ ပိုဝင်လာနိုင် ပါတယ်။” ဟု ဒေါက်တာမောင်မောင်သိမ်းကပြောသည်။

အစီရင်ခံစာတွင် အစိုးရမှ ရရှိသော အခွန်အခများနှင့် ကုမ္ပဏီများမှ ပေးဆောင်သည်များကို ထုတ်ပြန်ပေးရပြီး ထုတ်ပြန်နိုင်ရန် လုပ်ငန်းများကို အစိုးရ၊ ကုမ္ပဏီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ကိုယ်စားပြုသော သူများစုပေါင်းပါဝင်သော ညွန့်ပေါင်းအဖွဲ့မှ လုပ်ဆောင်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly