အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက တင်မြှောက်ခံ သမ္မတ ဦးထင်ကျော်အား ဂုဏ်ပြုစကားဆို

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက တင်မြှောက်ခံ သမ္မတ ဦးထင်ကျော်အား ဂုဏ်ပြုစကားဆို

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာ့ရွေးကောက်ခံသမ္မတသစ် ဦးထင်ကျော်အား ဂုဏ်ပြုစကားပြောကြားလိုက်သည်။

"အင်ဒိုနီးရှားအစိုးရကို ကိုယ်စားပြုလျက် မြန်မာသမ္မတသစ်အဖြစ် ရွေးကောက်ခံရသည့် ဦးထင်ကျော်အတွက် ဂုဏ်ယူမိကြောင်း"ဂျိုကိုဝီက ပြောကြားသည်။

အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့အနေဖြင့် လက်တွဲပူးပေါင်းရေးကို အရှိန်မြှင့်သွားနိုင်ပါကြောင်း၊ အထူးသဖြင့် စီးပွားရေး၊ ကုန်သွယ်ရေးကဏ္ဍတို့အပြင် ဒီမိုကရေစီ တိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ပါကြောင်း ဂျိုကိုဝီက ပြောသည်။

ထိုပြင် ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် ဂျိုကိုဝီက တွစ်တာပေါ်တွင်လည်း "ရွေးကောက်ခံ သမ္မတသစ် ဦးထင်ကျော်အား ဂုဏ်ပြုကြိုဆိုကြောင်း၊ မြန်မာနိုင်ငံနှင့် ကဏ္ဍနယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်မှုအား ကျွနု်ပ်တို့အနေဖြင့် မြှင့်တင်သွားလိုကြောင်း"လည်း ရေးသားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၏ သမ္မတသစ်ရွေးကောက်တင်မြှောက်မှုသည် နိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်များတစ်လျှောက် ထွက်ပေါ်လာသည့် အရေးကြီးသည့် သတင်းစကားတစ်ရပ်လည်းဖြစ်ပါကြောင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးများ၊ ဒီမိုကရေစီလုပ်ငန်းစဉ်များ ဖြစ်ထွန်းအောင်မြင်ရေးအပြင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ခိုင်မာရေးအတွက် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးထောက်ပံ့သွားမည်ဟုလည်း အင်ဒိုနီးရှားအစိုးရက ကတိကဝတ်ပြု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly