ဖရဲသီး စျေးကောင်းရသော်လည်း အရည်အသွေးကြောင့် ဖရဲစျေးပြန်လည်ညှိရသည်များရှိ

ဖရဲသီး စျေးကောင်းရသော်လည်း အရည်အသွေးကြောင့် ဖရဲစျေးပြန်လည်ညှိရသည်များရှိ
တရုတ်မြန်မာနယ်စပ်ရှိ မူဆယ်မှတဆင့် တရုတ်နိုင်ငံအတွင်းသို့ တင်းတွင်းမည့် ဖရဲသီးများအား ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်တွင် ထုတ်ပိုးတင်ဆောင်နေသည်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

မူဆယ် ၁၀၅ မိုင်သစ်သီးကုန်စည်ဒိုင်တွင် ဖရဲသီးများဈေးကောင်းရနေသော်လည်း တရုတ်ဘက်ခြမ်း ဝမ်တိန်တွင် ပြန်လည်စစ်ဆေးပြီးလျှင် အရည်အသွေးကြောင့် ဖရဲဈေးပြန်လည်ညှိရသည် များရှိနေကြောင်း မူဆယ်ရှိ ဖရဲသီး ကုန်သည်တွေထံမှ သိရသည်။

ဖရဲကုန်သည် ဦးမြင့်ဦးက``ဒီဘက်ခြမ်းမှာက ကားတစ်စီးကို ၃မိနစ် ၊ ၄ မိနစ်လောက်ပဲ စစ်နိုင်တော့ တရုတ်ပြည်ဘက်ရောက်လို့ ပြန်စစ်ရင် သူတို့အရည်အသွေးနဲ့ယူတာတွေရှိတော့   ဈေးကထင်သလောက် မရတာ  ဈေးပြန်ညှိရတာတွေရှိတယ် ဟုပြောသည်။

မြန်မာပြည် မူဆယ်ဘက်သို့ဖရဲကားဝင်ရောက်မှုများပြားနေပြီး  ကားတစ်စီးကို စစ်ဆေးချိန်နည်း သည့်အတွက် အမြင်ဖြင့်စစ်ဆေးခြင်း ၊ ခွဲကြည့်ကာ စစ်ဆေးခြင်းများပြု လုပ်ကြောင်းနှင့် တရုတ်ပြည်ဘက်သို့ရောက်ပြီး ကားပြောင်းတင်ချိန်တွင် တရုတ်ကုန်သည်များက ဖရဲသီးအရည်အသွေးကောင်း ကိုသာရွေးချယ်ဝယ်ယူသည့် အတွက် ကျန်သည့် ဖရဲသီးများကို ဈေးနှုန်းတစ်မျိုးဖြင့် ညှိနှိုင်းရောင်းချနေရခြင်းများရှိနေကြောင်း ဖရဲကုန်သည်များမှပြောသည်။

ခွာညိုသစ်သီးပွဲရုံမှ ဦးစိုင်းခင်မောင်က ``ဖရဲ အသီးကောင်းကမရှိသလောက်ပါဘဲ ဒါပေမယ့် ဈေးလေးတွေကတော့တက်လာတယ်လို့ပြောရမယ်။   ဈေးတက်တယ်ပေါ့နော် အကြီးအသေးနဲ့ အရောင်အညှာစိမ်းစိုမှုမှာ ဈေးဖြတ်သွားတာပါ။ သစ်သီး ဈေးကွက်က အားလုံးအတက်ဘက်မှာ။ အဝင်က တော့များနေဆဲပါ။ အရည်အသွေးကောင်း အသီးတွေခပ်စိပ်စိပ်တွေ့လာတော့   ဈေးလည်မြင့်လာတယ်။’’ဟုပြောသည်။

၁၀၅ မိုင်သစ်သီးကုန်စည်ဒိုင်သို့  တစ်စီးလျှင် ၈ တန်မှ ၉ တန်အထိတင်ဆောင်ထားသည့် ဖရဲသီးတင်ကား ၄၀၀ နီးပါး ပုံမှန်ဝင်ရောက်နေသလို အခုတပတ်အတွင်း ဈေးကောင်းရလာတယ်လို့ မူဆယ် ၁၀၅ မိုင်ကုန်စည်ဒိုင်ကထုတ်ပြန်သည့် စာရင်းတွေအရသိရသည်။

လက်ရှိတွင် အစေ့မဲ့ ဖရဲတစ်ကီလို ကို ၃.၅ ယွမ်မှ ၄.၈ယွမ်ကြား ၊ အဝိုင်းကြား(ထဲန်ဝမ်) တစ်ကီလို ကို ၃.၅ ယွမ်မှ ၄ယွမ်ကြား ၊ အကြားသီး(၈၅၅) တစ်ကီလို ကို ၁.၈ ယွမ် မှ ၂.၈ ယွမ်ကြား၊ အဖြုသီး တစ်ကီလို ကို ၁.၅ယွမ် မှ ၂.၂ ယွမ် ကြား အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly