ဆိုနီက အိန္ဒိယ နိုင်ငံ၌ စမတ်ဖုန်းများ ထုတ်လုပ်ရန် စီစဉ်နေ

ဆိုနီက အိန္ဒိယ နိုင်ငံ၌ စမတ်ဖုန်းများ ထုတ်လုပ်ရန် စီစဉ်နေ

အိန္ဒိယ ၊ ဇွန် ၃၀ ။      ။ နည်းပညာကုမ္ပဏီ ဆိုနီက ဈေးကွက်ချဲ့ထွင်မှုများ ပြုလုပ်ရန်အတွက် အိန္ဒိယနိုင်ငံတွင် စမတ်ဖုန်းများ ထုတ်လုပ်ရန် စီစဉ်နေသည်ဟု စမတ်ဖုန်းနှင့် ပတ်သက်သည့် အချက်အလက်များဖော်ပြနေသည့် GSMARENA ဝက်ဘ်ဆိုက် ကဖော်ပြ ထားသည်။

အိန္ဒိယနိုင်ငံဈေးကွက်သည် ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်ပြီး ယင်းဈေးကွက် အတွင်း အခြေ စိုက်ပြီး စမတ် ဖုန်းများထုတ်လုပ်ပါက ဈေးကွက်အောင်မြင်မှုရရှိနိုင်လိမ့်မည်ဟု လေ့လာသူများက ခန့်မှန်းထား သည်။

လက်ရှိအချိန်တွင် ဆမ်ဆောင်းက ၎င်းတို့၏ Tizen OS သုံး Z1 ဖုန်းများကို အိန္ဒိယဈေးကွက်တွင် ရောင်းချနေ ပြီး အလုံးရေ တစ်သန်းခန့် ရောင်းချခဲ့ရသည်။

ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံဈေးကွက်တွင် စမတ်ဖုန်း ဈေးကွက် ပိုမိုရယူနိုင်ရန် ယှဉ်ပြိုင်မှုများ အားကောင်းလာချိန်တွင် ဆိုနီအနေဖြင့် အိန္ဒိယနိုင်ငံ ဈေးကွက် ကို ရွေးချယ်ထားခြင်း ဖြစ်သည်ဟု လည်း သတင်းများက ဆိုထား သည်။

ဆိုနီအနေဖြင့် လာမည့် နှစ်နှစ်အတွင်း အိန္ဒိယဈေးကွက်ကို အခြေချနိုင်ဖွယ်ရှိသည်ဟုလည်း သတင်းများက ခန့်မှန်းဖော်ပြထား သည်။

လက်ရှိအချိန်တွင် စမတ်ဖုန်းဈေးကွက်ဝေစု ရယူနိုင်မှုတွင် တောင်ကိုရီးယားအခြေစိုက် ဆမ်ဆောင်းက ထိပ်ဆုံးမှ ဦးဆောင်နေ ပြီး ဒုတိယနေရာတွင် Apple က ရပ်တည်နေခဲ့သည်။ စမတ်ဖုန်းဈေးကွက်၏ တတိယ နေရာရယူနိုင်ရန်အတွက် တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီများက အားစိုက်လာကြချိန်တွင် ဆိုနီက ဈေးကွက်ဝေစု ကို ပိုမိုရယူနိုင်ရန် အတွက် အိန္ဒိယဈေးကွက်ကို အခြေချရန် စီစဉ်လာခြင်း ဖြစ်သည်ဟု သတင်းများက ဆိုထား သည်။

ဆိုနီက ကင်မရာအရည်အသွေးမြင့် စမတ်ဖုန်းများကို ထုတ်လုပ်ထားသည်။

Xperia Z စီးရီး စမတ်ဖုန်းများတွင် ကင်မရာအရည်အသွေးမြင့်မားမှုအပြင် ရေအောက်အနက် တစ်မီတာ တွင် မိနစ် ၃၀ ရေစိမ် ခံနိုင်သည့် စွမ်းဆောင်ရည်များဖြင့် ဈေးကွက်ထိုးဖောက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly