စနစ်ကျတဲ့ နို့စားနွား မွေးမြူရေး

18 March 2016
စနစ်ကျတဲ့ နို့စားနွား မွေးမြူရေး

နွားမွေးမြူရေးလုပ်ငန်းမှာအဓိကအားဖြင့် အမျိုးအစား သုံးခု ရှိပါတယ်။  အသားစားနွားမွေးမြူခြင်း ခိုင်နွားမွေးမြူခြင်းနဲ့ နို့စားနွားမွေးမြူခြင်းဆိုပြီးတော့ ရှိပါတယ်။ ဒီအထဲကမှ နို့စားနွားမွေးမြူခြင်း တင်ပြချင်ပါတယ်။

 လှပမှုနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ နွားနို့တွေ ရရှိဖို့ဆိုရင်တော့ စနစ်ကျတဲ့ နို့စားနွားမွေးမြူရေး ဖြစ်ဖို့ လိုအပ်ပါတယ်။ အောင်မြင်တဲ့နွားမွေးမြူရေး ခြံတစ်ခြံဖြစ်လာဖို့ ဘယ်ဟာတွေက အဓိကကျသလဲဆိုတာ၏က ဘယ်အချက်တွေက အဓိက ကျနေပါသလဲ။ နို့စားနွားမွေးမြူရေးလုပ်ငန်းလုပ်နေတဲ့ ဦးတင်ဝင်းက အခုလို ရှင်းပြပါတယ်။

နွားမွေးခြံလုပ်မယ်ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် နေရာရတာတော့ အကောင်းဆုံးပါပဲ။  ရေဝပ်တဲ့နေရာတွေဆိုရင်တော့ အဆင်မပြေပါဘူး။ နောက်တစ်ခုက မွေးမြူရေးလုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ မျိုးကလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့က နို့စားနွားမွေးမယ်ဆိုလို့ရှိရင် နို့စားနွားမျိုးကောင်းကောင်း ကိုယ့်နိုင်ငံ ကိုယ့်ရာသီဥတုဒဏ်ကို ခံနိုင်တဲ့ နွားမျိုးရဖို့လည်း လိုပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ အစာကျွေးတဲ့ စနစ်ပေါ့လေ။ ဒါတွေကလည်း အရေးကြီးပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ နို့စားနွားဆိုတာက ဒီအစာနုတင်မကဘူး အစာကြမ်းလည်း အများကြီး ကျွေးရပါတယ်။ အဲလိုကျွေးတဲ့အခါမှာ သူ့သင့်တင့်မျှတတဲ့ လုံလောက်တဲ့ အစာအာဟာရဖြစ်ဖို့လည်း အရေးကြီးပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့နွားတွေကို သက်တောင့်သက်သာ ဖြစ်ဖို့ အဲတာလည်း အရေးကြီးပါတယ်။ ဒီလိုအရေးကြီၤးတဲ့အချက်တွေကို ကျွန်တော်တို့ လိုက်နာနိုင်မှ ရောဂါကာကွယ်ရေး ရောဂါမကူးစက်မပြန့်ပွားရေး စသည်အားဖြင့် ကာကွယ်ဆေးရှိတယ်။

ရှိတဲ့ကာကွယ်ဆေးတွေကို  သေချာ စနစ်တကျ အချိန်မှန်မှန်ထိုးမယ်။ နွားအသေအပျောက်နည်းမယ်။ ကျွေးတဲ့အစာအာဟာရမှန်မယ်။ ပြုစုပုံပြုစုနည်း ကောင်းမယ်။ မွေးမြူထားတဲ့ မျိုးကလည်း သင့်တော်တဲ့မျိုးပဲ ဖြစ်မယ်ဆိုလို့ရှိရင် ဒီလုပ်ငန်းသည် တဖြေးဖြေးနဲ့ မှန်မှန်ကြီးထွားအောင်မြင်တဲ့ လုပ်ငန်းဖြစ်တယ်လို့ပဲ ပြောပါရစေ။

ရန်ကုန်တိုင်းဒေသကြီး ပုလဲမြို့သစ်မှာတော့ လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်ကတည်းက နို့စားနွား ၈ကောင်နဲ့  နွားမွေးမြူရေးလုပ်ငန်း ကို စတင်ခဲ့တဲ့ ခြံတစ်ခြံရှိပါတယ်။ ဒါကတော့ ငွေစင်ပုလဲ နို့စားနွား မွေးမြူရေးခြံပါ။ အခုဆိုရင်တော့ နွားကောင်ရေ တစ်ရာကျော်တောင် ရှိနေပါပြီ။ 

ခြံတွေကို ဝင်လာပြီဆိုရင်ပဲ နို့စားနွားတွေကို တစ်ချို့ ခြံလှောင်စနစ် တစ်ချို့ကိုလည်း ချည်နှောင် မွေးစနစ်နဲ့ မွေးမြူထားတာကို တွေ့ရပါတယ်။ ချည်နှောင်စနစ်နဲ့ မွေးမယ်ဆိုရင်တော့ နွားတစ်ကောင်ကို ၇ ပေ ၄ပေ အကျယ်ဝန်းထားပေးတာဟာ အသင့်တော်ဆုံးလို့ ဆိုပါတယ်။ နွားထားရာ ခြံတွေကလည်း လေဝင်လေထွက်ကောင်းဖို့ လိုအပ်ပါသေးတယ်။ ဒါ့အပြင် ဒီခြံမှာတော့ နွားတွေကို အသက်အရွယ်လိုက် ခွဲခြားမွေးမြူထားတာလည်း တွေ့ရပါတယ်။  ဒီလို အုပ်စုခွဲမွေးမြူတာနဲ့ပတ်သက်ပြီး တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာကျော်လွင်က အခုလို ရှင်းပြပါတယ်။

ကျွန်တော်တို့ကတော့ နွားကို ခြံထဲမှာတော့ အုပ်စု ၈စု ခွဲပြီး မွေးထားပါတယ်။ အဲလိုမွေးထားတဲ့ အခါ ပထမအုပ်စုကတော့ မွေးပြီးကနေ အသက် ၃ လထိပေါ့နော်။ နောက်ဒုတိယကတော့ အသက် ၃လကနေ ၅လထိပေါ့။ တတိယကတော့ ၅လကနေ ကိုးလ နောက်တစ်အုပ်စုကတော့ ၉လကနေ ၁၂ လ တစ်အုပ်စု ထားပါတယ်။ ပြီးလို့ရှိရင် ၁၂ လအထက်ဆိုပြီးတော့ သားတင်ခါနီး အကောင်တွေပေါ့နော်။ အဲကောင်တွေကို သပ်သပ်တစ်အုပ်စု ထားပါတယ်။ နောက်တစ်အုပ်စုကတော့ သားတင်လို့ အောင်ပြီးတဲ့ ဇီးနဲ့ မဒန်းတွေကို သပ်သပ်တစ်အုပ်စု ထားပါတယ်။

နောက်တစ်အုပ်စုကတော့ နို့ပေးပြီး နို့ခမ်းသွားတဲ့ကောင် တစ်ချို့က ကိုယ်ဝန်ရှိလို့ နို့ခမ်းသွားတာ ရှိတယ်။ ကိုယ်ဝန်မရှိပေမယ့် သားတင်တဲ့ ကာလကြာနေလို့ နို့ရပ်သွားတာ ရှိတယ်။ အဲလိုကောင်တွေကို သပ်သပ် တစ်အုပ်စု ထားပါတယ်။ နောက်တစ်ခါ ညှစ်နွားကောင်ပေါ့နော်။ အဲလို အုပ်စုတွေ ခွဲပြီးတော့ ထားပါတယ်။ အဲလိုခွဲထားတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ အစာကျွေးပုံ ကျွေးနည်း ခွဲခြားထားတာ ရှိပါတယ်။ နောက်တစ်ခုကတော့ သူ့ကို စောင့်ကြည့်ကာလတွေပေါ့နော်။ အဲလိုလွယ်ကူအောင်ဆိုပြီး ကျွန်တော်တို့ ခွဲထားပါတယ်။

 ဥပမာဆိုလိုတာက ကျွန်တော်တို့က မွေးခါစကနေ ငါးလအထိကို အစာကို အစာနုဆိုတဲ့ CP   ကထုတ်တဲ့ အစာကို အကြိုက် သူရဲ့ အချိန်မရွေးစားလို့ရအောင် ထည့်ပေးထားပါတယ်။ ဒါပေမယ့် ၁၂ လအထက်ဆိုရင်တော့ ကျွန်တော်တို့  အစာနုတွေကို ကျွန်တော်တို့ ကန့်သတ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစာနု တအားကြီးကျွေးလို့ရှိရင် ဝသွားရင်လည်း ကျွန်တော်တို့ သားတင်ရတာ ခက်ခဲပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်ထားတဲ့ နွားမတွေကို ခွဲထားပေးမယ်ဆိုရင်တော့ သားပျက်သားလျောနှုန်းကို လျော့ကျစေပါတယ်။ ဒီလိုမျိုး ခွဲထားပေးတာမျိုး မလုပ်ဘူးဆိုရင်တော့ တစ်ကောင်နဲ့တစ်ကောင် တိုးဝှေ့ရာကနေ သားပျက်တတ်လို့ပါပဲ။ ဒီခြံမှာ မွေးထားတဲ့ နို့စားနွား အမျိုးစားကတော့ ဖေရှန်လို့ ခေါ်ပါတယ်။ နို့ထွက်အားလည်း ကောင်းတယ်လို့ ဆိုပါတယ်။

 နို့ထွက်အားကောင်းတဲ့ နွားမျိုးတွေ စဉ်ဆက်မပြတ် ရရှိရေးအတွက် အဓိကကျနေတဲ့ အချက်ကတော့ နွားမျိုးစပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီခြံမှာ အစကတော့ နွားသိုးနဲ့ သားစပ်တဲ့ မိရိုးဖလာနည်းကိုပဲ အသုံးပြုခဲ့ပေမယ့် ၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ မွေးမြူရေးနဲ့ ကုသရေး ဦးစီး ညွှန်ကြားချက်နဲ့ မေထုန်မဲ့ သားစပ်ခြင်းကို ကျင့်သုံးခဲ့ပါတယ်။ 

မေထုန်မဲ့ သားစပ်ခြင်းရဲ့ အားသာချက်ကတော့ ကိုယ်က ကြိုက်တဲ့ နွားမျိုးကို ရွေးလို့ရတယ်။ ဘယ်မျိုးကို ရွေးမလဲ ဂျာစီမျိုးကို ရွေးမလား။ ဖရီရှာမျိုးကို ရွေးမလား။ နောက် နွားသိုးတွေမှာလည်း အမျိုးမျိုး ရှိတာကိုး။ အဲတော့ ကိုယ်ကြိုက်တဲ့ မျိုးကို ရွေးလို့ရတယ်။ နောက်တစ်ချက်က အဲဒီလို စပ်တဲ့အတွက်ကြောင့် သားမွေးလမ်းကြောင်းဆိုင်ရာနဲ့ you productions လို့ ခေါ်တာပေါ့နော်။ မျိုးပွားမှုဆိုင်ရာ လမ်းကြောင်းနဲ့ ဆိုင်တဲ့ ကူးစက်ရောဂါတွေ မရနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနွားသိုးက ရောဂါကင်းရှင်းမှလဲ အဲနွားသိုးရဲ့ မျိုးချောင်းကို ထုတ်တာကို။ ပြီးလို့ရှိရင် ကျွန်တော်တို့က အလုပ်သမားအင်အားပေါ့နော်။ နွားမ သားစပ်မယ့်နေရာကို အသားစပ်ကျွမ်းကျင်တဲ့သူက ကိုယ်တိုင်လာရောက်တဲ့ အတွက်ကြောင့် နွားပိုင်ရှင် သူ့ရဲ့နွားနားကပဲ ထိုင်ပြီးစောင့်နေလို့ ရှိရင် သူကိုယ်တိုင် လာစပ်တာ ဖြစ်တဲ့အတွက်ကြောင့် လုပ်သားအင်အားကို သက်သာတာပေါ့လေ။

နို့စားနွားတွေ သားတင်တဲ့ကာလကိုတော့ အသက် ၁၄လမှာ ခန္ဓာကိုယ် အလေးချိန် ၃၂၅ ကီလိုရမှသာ သားတင်ပေးတယ်လို့ သိရပါတယ်။ နွားတွေ သားတောင်းတဲ့ အချိန်တိုင်းမှာ သားတင်ပေးလေ့ မရှိပါဘူး။ ဒီလို နွားရဲ့ ခန္ဓာကိုယ် အလေးချိန်နဲ့ ချိန်ညှိပြီး သားတင်ပေးတာဟာ နို့ထွက်အားကို ကောင်းစေပါတယ်။ နို့စားနွားတစ်ကောင်ဟာ ပထမအကြိမ် သားပေါက်ပြီးချိန် ဒုတိယအကြိမ် သားပေါက်ပြီးချိန်နဲ့ တတိယအကြိမ် သားပေါက်ပြီးချိန်မှာ နို့ထွက်အား အကောင်းဆုံးလို့ ဆိုပါတယ်။ လေးကြိမ်မြောက် သားပေါက်ပြီးမှာတော့ နို့ထွက်အားဟာ ကျဆင်းလာတယ်လို့ သိရပါတယ်။

နို့ထွက်နေတဲ့ နွားတွေကို နို့ထွက်နှုန်းနဲ့ ယှဉ်ပြီး ကျွေးပါတယ်။ အဲတော့ နို့တစ်ပိဿာထွက်တယ်ဆိုရင် ကျွန်တော်တို့ အဲဒီက CP  ကုမ္ပဏီက ထုတ်တဲ့ စပ်စာကို ၅၀ဆယ်သားနှုန်း ကျွေးပါတယ်။ အဲတော့ နို့ ငါးပိဿာ ထွက်မယ်ဆိုရင် သူက နှစ်ပိဿာခွဲတော့ CP  စာ စားရမယ်။ အဲတော့ မြက်နဲ့ ကောက်ရိုးကတော့ အမြဲထည့်ထားတဲ့ အတွက်ကြောင့် နွားတစ်ကောင်သည် တစ်နေ့မှာ မြက်ကတော့ ပိဿာ ၂၀ လောက် စားပါတယ်။

နို့ညှစ်နေတဲ့ နွားတွေကို အစာကျွေးရမယ့် စနစ်ကလည်း ရှိနေပါသေးတယ်။ နို့စားနွားတွေကို အစာကျွေးရမှာတော့ အစာနှစ်မျိုး ရှိပါတယ်။ စပ်စာလို့ခေါ်တဲ့ အစာနုနဲ့ မြက်ကောက်ရိုးလို့ခေါ်တဲ့ အစာကြမ်းတွေကို ကျွေးပေးရတာပါ။ အခုနောက်ပိုင်းမှာ နွားစာတွေ ဖြစ်တဲ့ မြက်တွေ ရှားပါလာမှုကြောင့် ကိုယ်တိုင် မြက်စိုက်ပျိုးထားတယ်လို့လဲ သိရပါတယ်။

နွားနို့ညှစ်ယူတဲ့နေရာမှာတော့ လက်နဲ့ညှစ်တဲ့ စနစ်နဲ့ စက်နဲ့ညှစ်တဲ့ စနစ်ဆိုပြီးတော့ ရှိနေပါတယ်။ ဒီခြံမှာတော့ စက်နဲ့ညှစ်တဲ့ စနစ်ကို သုံးထားတာ တွေ့ရပါတယ်။ နွားနို့ညှစ်ချိန်ဟာ မနက်သုံးနာရီခွဲမှာ တစ်ကြိမ် နေ့လည် တစ်နာရီခွဲမှာ တစ်ကြိမ်နဲ့ တစ်နေ့ကို နှစ်ကြိမ်နှုန်း နွားနို့ညှစ်ယူပါတယ်။ နွားနို့ညှစ်တော့မယ်ဆိုရင်တော့ အရင်ဆုံးနို့အုံကို ရေနဲ့ဆေးပေးရမှာပါ။ ပြီးရင်တော့ ကလိုရင်းစိမ်ထားတဲ့ ပုဝါနဲ့ ပိုးသေအောင် သုတ်ပေးရပါမယ်။  ပုဝါခြောက်နဲ့လည်း ထပ်ပြီးတော့သုတ်ပေးဖို့ လိုအပ်ပါသေးတယ်။

နို့စစ်ခွက်နဲ့ နို့တိုင်အတွင်းက ထွက်လာတဲ့နို့ကို မျက်မြင်အနေထားတိုင်း စစ်ပေးရမှာပါ။ ကောင်းရင်တော့ နွားနို့ကို ဆက်ပြီးတော့ ညှစ်ယူပါတယ်။ နွားတစ်ကောင်ကိုတော့ အနည်းဆုံး ၈ မိနစ်ကနေ ၁၀ မိနစ်အထိ နို့ညှစ်ယူနိုင်ပါတယ်။ နို့ထွက်အားကောင်းခဲ့ရင်တော့ ၁၅ မိနစ်ထိလည်း ကြာတတ်ပါတယ်။ ဒီလိုညှစ်ပြီးသွားတဲ့ အခါမှာတော့ အိုင်အိုဒင်းဆေးရည်နဲ့ နို့အုံကို ပြန်ပြီးတော့ စိမ်ပေးဖို့လည်း လိုအပ်ပါတယ်။ သန့်ရှင်းတဲ့ နွားနို့တွေ ရရှိဖို့အတွက် နို့ထည့်တဲ့ ပုံးတွေကလည်း အရေးကြီးလို့ နေပါတယ်။ အစက်ရာမပါတဲ့ ပုံးတွေကို သုံးရင်တော့ နို့အကြွင်းကျန်တွေကနေ ဘက်တီးရီးယား ပေါက်ဖွားမှုကို ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုလည်း ဒေါက်တာကျော်လွင်ကပဲ ဆက်လက်ရှင်းပြပါတယ်။

ဒီပုံးကတော့ နို့ထွက်တဲ့ ပုံးပေါ့နော်။ ဒီကောင်က နို့ထွက်ဖို့အတွက် သီးသန့်လုပ်ထားတာပေါ့နော်။ သူရဲ့ အဓိက အားသာချက်က ဘာလဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ လုပ်တဲ့ ပုံးတွေလို စက်ရာမပါဘူးနော်။ စက်ရာတွေ မရှိတဲ့အတွက်ကြောင့် ဘက်တီးရီးယားတွေ မဝင်နိုင်ဘူး။ ဒီအထဲမှာ ကြည့်လိုက်လို့ရှိရင် ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်။ စက်ရာမပါဘူး။ သန့်ရှင်းရေးလုပ်ရတာ လွယ်တယ်။ ဘက်တီးရီးယားခိုစရာ မရှိတဲ့အတွက်ကြောင့် လုပ်ရတာ ပိုပြီး သန့်တယ်။ များသေားအားဖြင့် ကျွန်တော်တို့ ခြံမှာ သုံးတဲ့ နို့ပုံးတွေကော ကျွန်တော်တို့ ခြံကို လာပို့တဲ့ ထည့်တဲ့ဟာတွေက ဒီပုံးတွေနဲ့ ထည့်ရင် ကျွန်တော်တို့ လက်ခံပါတယ်။ ဒီပုံးတွေကိုပဲ သုံးပါတယ်။

ဒီပုံးတွေကိုလောလောဆယ်တော့ အိန္ဒိယက လာပါတယ်။ အရင်ကတော့ ကျွန်တော်တို့ နိုင်ငံမှာ တော်တော်ရှားပါးပါးတယ်။ တစ်လုံးကို တစ်သိန်းနဲ့ နှစ်သောင်း လေးသောင်းလောက်ထိ ရောင်းပါတယ်။ အခု ကျွန်တော်ခြံကတော့ မွေးမြူရေး သမားတွေလည်း အဆင်ပြေအောင် အကုန်လုံးသုံးနိုင်အောင်ဆိုပြီး ကျွန်တော်က အခုဆိုရင် တစ်သိန်းနဲ့ ရောင်းပေးပါတယ်။ အဲတော့ ပုံးတွေက ကျွန်တော်တို့ နို့သယ်လာပြီးပြီဆိုရင် ကျွန်တော်တို့ ဒီမှာ သေချာ သန့်ရှင်းရေး လုပ်ရပါတယ်။ သန့်ရှင်းရေးလုပ်ပြီးရင် ခြောက်သွေ့အောင် မှောက်ထားပါတယ်။ မှောက်ထားပြီးတော့ နောင်တစ်ချိန်မှာ နို့ပြန်ထည့်မယ်ဆိုရင် ပုံးကို ဒီအတိုင်း သန့်ပြီးဆိုပြီး မယူသွားပါဘူး။ ပိုပြီးသန့်အောင်ဆိုပြီး ဒီမှာ ကရိုရင်းစိမ်ထားတာ ရှိပါတယ်။

ဒီခြံမှာတော့ နွားတွေမှာ ရောဂါရှိမရှိ သိရှိနိုင်ဖို့နဲ့ နွာနို့အရည်သွေး ထိန်းသိမ်းဖို့အတွက် ဓာတ်ခွဲခန်းတစ်ခုကိုလည်း ထားရှိပါသေးတယ်။ ညှစ်လို့ရတဲ့နွားနို့ထဲမှာ နွားနို့နမူနာကို ပုလင်းလေးတွေထဲမှာ ထည့်ပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးတာပါ။

ဓာတ်ခွဲခန်းကနေပြီး စားသောက်တဲ့သူတွေအတွက် နို့အရည်အသွေး သန့်ရှင်းလတ်ဆတ်ရုံသာမက တကယ်လို့ နွားရဲ့ ရောဂါကိုလည်း ဓာတ်ခွဲခန်းက နို့အရည်အသွေး ကျပြီဆိုတာနဲ့ နွားက တစ်ခုခုဖြစ်နေလို့ ကျနိုင်တာကိုး။ အခုနက ထည့်တဲ့ဟာကြောင့်လည်း ဖြစ်နိုင်တယ်။ အဲတော့ အရည်သွေးကျနေတဲ့ နွားခြံထဲ သွားကြည့်လိုက်လို့ရှိရင် ကျွန်တော်တို့ နွားကြောင့်ဆိုရင်လည်း ခပ်မြန်မြန် ဆေးကုလို့ ရတာပေါ့နော်။

နို့စားနွားတွေမှာ အများဆုံး ကျရောက်တတ်တဲ့ ရောဂါတွေကတော့ ခွာနာ လျှာနာ ရောဂါ၊ ထောင့်သန်းရောဂါ၊ လည်ချောင်းခွဲရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါနဲ့ နို့အုံရောင် ရောဂါတို့ပဲ ဖြစ်ပါတယ်။ ခွာနာလျှာနာ ရောဂါကတော့ နွားမွေးမြူရေး လုပ်ငန်းရှင်တွေအနေနဲ့ အဓိကထား ဂရုစိုက်သင့်ပါတယ်။ ပြည်တွင်းထွက် နွားနို့တွေကတော့ လတ်ဆတ်တဲ့ နွားနို့တွေ ဖြစ်တဲ့အတွက် အနံနဲ့ အရသာကောင်းပါတယ်။ တစ်နိုင်တစ်ပိုင် နွားမွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ ဆိုရင်တော့ ခေတ်မီတဲ့ နည်းစနစ်တွေ ငွေကြေးအရင်းအနှီးတွေ မြေနေရာ အခက်ခဲတွေရဲ့ အတားဆီးတွေကို ကျော်လွှားနိုင်ဖို့ လိုအပ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly