နွမ်းပါးသည့် လူငယ်များကိုထောက်ပံ့ပေးမည် Magic Bus Myanmar အစီအစဉ်စတင်

နွမ်းပါးသည့် လူငယ်များကိုထောက်ပံ့ပေးမည် Magic Bus Myanmar အစီအစဉ်စတင်

ရန်ကုန် ၊မတ် ၁၈ ။            ။ ဗြိတိန်အခြေစိုက် Dulwish Collage Internation Foundation ၏ထောက်ပံ့မှုဖြင့် နွမ်းပါးသည့် လူငယ်များကိုထောက်ပံ့ပေးမည့် Magic Bus Myanmar အစီအစဉ်စတင်ပြီးဖြစ်ကြောင်း Magic Bus မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကနဦး အနေဖြင့် လှိုင်သာယာမြို့နယ်နှင့် သံလျင်မြို့နယ်မှ လူငယ် ၂၅၀၀ အတွက် ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်များ လုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ လေးသိန်းကို Dulwish Collage Internation Foundation မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Magic Bus Myanmar သည် ငယ်ရွယ်စဉ်ကလေးဘဝမှ အသက်မွေးဝမ်းကြောင်းပြုနိုင်သည့် အခြေအနေထိ ပံ့ပိုးကူညီသည့်ပုံစံမှာ ဆန်းသစ်တီထွင်မှုရှိပြီး ကလေးငယ်များပိုမိုကောင်းမွန်သည့် အနာဂတ်တစ်ခုပိုင်ဆိုင်စေရန် လိုအပ်သည့် အရည်အသွေးနှင့်အခွင့်အလမ်းများ ဖန်တီးပေးမည်ဖြစ်ကြောင်း Magic Bus မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုလို နိုင်ငံတကာ အသိအမှတ်ပြု Magic Bus Myanmar လူမှုအဖွဲ့အစည်းကို Dulwich International Schools Foundation မှ ပံ့ပိုးကူညီခွင့်ရလို့ အများကြီးဂုဏ်ယူမိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုဟာ ကျွန်တော်တို့ ကျောင်းတွေရှိတဲ့ နေရာတွေကဒေသခံတွေ အပေါ်မှာထားတဲ့ ကျွန်တော်တို့ရဲ့ စေတနာကိုလည်း ထင်ရှားပေါ်လွင်စေပါတယ်။” ဟု မြန်မာနိုင်ငံဆိုင်ရာ Dulwich College International ၏ ကျောင်းအုပ်ကြီး ဖြစ်သူ Mr. Daryl Orchard က ပြောကြားပါသည်။
 
“Magic Bus ဟာ DISF နဲ့ ရည်မှန်းချက်ခြင်းတူတဲ့ အဖွဲ့အစည်းဖြစ်ပြီး ဒေသခံလူ့အဖွဲ့အစည်းများကို အခြေပြုကာ ကလေးငယ်တွေကို ဆင်းရဲတွင်းကနေ လွတ်မြောက်အောင် ကူညီပေးတဲ့နေရာမှာ အတွေ့အကြုံအများအပြား ရှိတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်” ဟု၎င်းက ပြောကြားပါသည်။ 

“Magic Bus ကို မြန်မာနိုင်ငံမှာလာပြီး လုပ်ကိုင်နိုင်ဖို့ ပံ့ပိုးပေးတဲ့ Dulwich International School Foundation ရဲ့ ရက်ရောမှုကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။” ဟု ကမ္ဘာလုံးဆိုင်ရာ Magic Bus ၏ အလုပ်အမှုဆောင် ဒါရိုက်တာ ဖြစ်သူ Mr. Pratik Kumar ကပြောကြားသည်။

ဆက်လက်ပြီး “ကျွန်တော်တို့ Magic Bus ရဲ့ ရည်ရွယ်ချက်က ကလေးငယ်တွေကို ကလေးဘဝကနေ အသက်မွေးဝမ်းကျောင်းပြုတဲ့နိုင်တဲ့ အရွယ်အထိ သူတို့ကို ပြုစုပျိုးထောင်ပေးရင်းနဲ့ ဆင်းရဲတွင်းကနေ ဆွဲထုတ်နိုင်ဖို့အတွက် ဖြစ်ပါတယ်” “မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ်တွေအတွက် ရည်ရွယ်ပြီးတော့ လှုပ်ရှားကစားခြင်းပေါ်အခြေခံသည့် သင်ရိုးညွှန်းတမ်းများ ရေးဆွဲကာ ဆရာများမှသင်ကြားခြင်း နည်းလမ်းကို အသုံးပြုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု၎င်းကပြောကြားသည်။

"ကျွန်တော်တို့ရဲ့ သင်ရိုးညွှန်းတမ်းက မြန်မာပြည်နဲ့ ကိုက်ညီမှုလည်းရှိ၊ ကုန်ကျမှုလည်း သက်သာပြီး ဒီအစီအစဉ်ရဲ့ အကျိုးသက်ရောက်မှုကို တိုင်းတာမှုများလည်း လုပ်သွားမှာ ဖြစ်တာကြောင့် လူတွေကိုချို့တဲ့နွမ်းပါးစေတဲ့ ကိစ္စများကိုရှာဖွေဖော်ထုတ်ပြီး ကုစားသွားနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်"၎င်းကရှင်းပြသည်။

Magic Bus အစီအစဉ်ကို အိန္ဒိယတွင် အနွမ်းပါးဆုံး ကျေးလက်ဒေသနှင့် မြို့ကြီးပြကြီးရှိ ဆင်းရဲချို့တဲ့သည့် ကလေးငယ် လေးသိန်းကျော်ကို ကူညီထောက်ပံ့ရာ အောင်မြင်မှုရရှိခဲ့သည့် နည်းတူမြန်မာနိုင်ငံတွင်လည်း အလားတူအောင်မြင်မှုရရှိရန် မျှော်လင့်ထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly