ဂူးဂဲလ်၏ မောင်းသူမဲ့ကားများ ကယ်လီဖိုးနီးယား လမ်းမများပေါ်တွင် စတင်မောင်းနှင်ပြီ

ဂူးဂဲလ်၏ မောင်းသူမဲ့ကားများ ကယ်လီဖိုးနီးယား လမ်းမများပေါ်တွင် စတင်မောင်းနှင်ပြီ

(ကယ်လီဖိုးနီးယား)။ ။ ကမ္ဘာကျော် နည်းပညာကုမ္ပဏီ ဂူးဂဲလ်က ၎င်းတို့၏ မောင်းသူမဲ့ကားများကို ယခုနှစ်နွေရာသီ ကာလအတွင်း လမ်းမများပေါ်တွင် စတင်စမ်းသပ်မောင်းနှင်မည်ဟု မေလအကုန်ပိုင်းက ကြေညာခဲ့ပြီးနောက် လက်ရှိအချိန်တွင် ကယ်လီဖိုးနီးယားရှိ လမ်းမများပေါ်တွင် စတင်စမ်းသပ် မောင်းနှင်နေပြီဟု The Verge သတင်းဌာနက ဖော်ပြထားသည်။

ယင်းကားများတွင် ယာဉ်က အလိုအလျှောက် လမ်းကြောင်းအတိုင်း မောင်းနှင်မည်ဖြစ်သော်လည်း လူမှထိန်းချုပ် မောင်းနှင်နိုင်သည့် စနစ်လည်း ထည့်သွင်းတည်ဆောက်ထားသည်ဟု သတင်းက ဆိုသည်။

ဂူးဂဲလ်က မောင်းသူမဲ့ကားများ၏ ထိန်းချုပ်စနစ်အတွက် အတွေ့အကြုံများ မျှဝေနိုင်မည့် ဝက်ဘ်ဆိုက်ကိုလည်း လွှင့်တင်ထားသည်။

မေလ အစပိုင်းတွင် ဂူးဂဲလ်၏ မောင်းသူမဲ့ကားများသည် မတော်တဆမှုများ ဖြစ်ပွားခဲ့သည်ဟု သတင်းများထွက် ပေါ်ခဲ့သော်လည်း ကုမ္ပဏီက ၎င်းတို့၏ မောင်းသူမဲ့ကားများကို လမ်းမများပေါ်တွင် စမ်းသပ်မောင်းနှင်နိုင်ရန်အ တွက် အစီအစဉ်များ ပြုလုပ်ခဲ့သည်။

စမ်းသပ်မောင်းနှင်သည့် ခရီးအကွာအဝေး စုစုပေါင်း မိုင်တစ်သန်းခန့် စမ်းသပ်မောင်းနှင် သွားမည်ဖြစ်ပြီး ယင်း မောင်းနှင်မှု ခရီးပမာဏသည် ၇၅ နှစ်စာ ယာဉ်မောင်းအတွေ့အကြုံနှင့် ညီမျှ မည်ဖြစ်သည်ဟု ဂူးဂဲလ်က ခန့်မှန်းထားသည်။

ဂူးဂဲလ်၏ မောင်းသူမဲ့ကားများကို တစ်နာရီ ၂၅ မိုင်နှုန်းကန့်သတ်ထားပြီး ထိန်းချုပ်မောင်းနှင် နိုင်ရန်အတွက်လည်း ဘရိတ်၊ စတီရင် စသည့် အစိတ်အပိုင်းများ ပါဝင်သဖြင့် လိုအပ်ပါက မောင်းနှင်သူဖြင့် ထိန်းချုပ်နိုင်မည် ဖြစ်သည်။

ဂူးဂဲလ် မောင်းသူမဲ့ကားကို စမ်းသပ်ကာလများအပြီးတွင် ထုတ်လုပ်ဖြန့်ချိရန်စီစဉ်ထားပြီး အချိန်ကာလအားဖြင့် ၂၀၂၀ ခုနှစ်တွင် စတင်ထုတ်လုပ်ဖြန့်ချိနိုင်လိမ့်မည်ဟု သတင်းများက ခန့်မှန်းဖော်ပြကြသည်။

ကယ်လီဖိုးနီးယား ပြည်နယ်အတွင်း ၂၀၁၄ စက်တင်ဘာမှ စတင်ပြီး လက်ရှိအချိန်အထိ  စမ်းသပ်မောင်းနှင်နေသည့် မောင်းသူမဲ့ ကားများ၏ ၈ ရာခိုင်နှုန်းသည် မတော်တဆ ထိခိုက်မှုများ ရှိသည်ဟုလည်း စစ်တမ်းများက
ဖော်ပြထားသည်။

မောင်းသူမဲ့ ကားထုတ်လုပ်ရန်အတွက် Tesla,Audi,Mercedes,Nissan,Volvo စသည့် ကုမ္ပဏီများကလည်း စမ်းသပ်လျက် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly