ယူရိုပါလိဂ်မှ ထွက်ခဲ့ရသော်လည်း ကစားသမားများအတွက် ဗန်ဟားလ် ဂုဏ်ယူ

ယူရိုပါလိဂ်မှ ထွက်ခဲ့ရသော်လည်း ကစားသမားများအတွက် ဗန်ဟားလ် ဂုဏ်ယူ

မတ် ၁၈၊ အင်္ဂလန် ။         ။ လီဗာပူးလ်အသင်းနှင့် သရေကျခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသော်လည်း ကစားသမားများ၏ ကြိုးပမ်းအားထုတ်မှုအတွက် ဂုဏ်ယူကြောင်း မန်ယူအသင်းနည်းပြ လူးဝစ္စဗန်ဟားလ်က ပြောသည်။

မန်ယူအသင်းသည် လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းတွင် ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီး ယခုအိမ်ကွင်းပွဲစဉ်တွင် ၁-၁ သရေကျခဲ့သောကြောင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

သို့သော်လည်း ဗန်ဟားလ်က 'ကျွန်တော် စိတ်မဆိုးပါဘူး။ စိတ်ပျက်ခြင်းလည်း မရှိပါဘူး။ ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်။ သူတို့ဟာ ဒီပွဲမှာ အစွမ်းကုန်ပေးဆပ် ကစားခဲ့တာပါ။

ဒါကို ပရိသတ်တွေကလည်း အသိအမှတ်ပြုလို့ ကျေနပ်မိပါတယ်။ ကျွန်တော်တို့ ပြိုင်ပွဲက ထွက်ခဲ့ရတာတောင် ပရိသတ်တွေက အားပေးခဲ့ကြပါတယ်' ဟု ပြောသည်။

ထို့အပြင် ဗန်ဟားလ်က လီဗာပူးလ်အသင်း အန်ဖီးလ်မှာ ကစားခဲ့သလို ၎င်းတို့အသင်းသည်လည်း အိုးလ်ထရက်ဖို့ဒ်တွင် ကစားနိုင်ခဲ့ကြောင်း ပြောသည်။ 'လီဗာပူးလ်အသင်း အန်ဖီးလ်မှာ ကစားခဲ့တုန်းကလို ကျွန်တော်တို့လည်း အိုးထရက်ဖို့ဒ်မှာ ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ပင်နယ်တီကနေ ဂိုးသွင်းနိုင်ခဲ့ပြီး လင်ဂတ်၊ မာတာ၊ ဖယ်လိုင်နီ၊ မာရှယ်တို့ အခွင့်အရေးတွေ လွဲချော်ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှ ချေပဂိုးပြန်ပေးခဲ့ရတာပါ။

သူတို့ အဝေးဂိုးသွင်းနိုင်ခဲ့ပြီး ကျွန်တော်တို့ အဝေးဂိုးမသွင်းနိုင်ခဲ့တာပဲ ကွာခြားသွားခဲ့တာပါ' ဟု ဗန်ဟားလ်က ပြောသည်။

လီဗာပူးလ်အသင်းမှာ ဒုတိယအကျော့မကစားမီ အနားရခဲ့ပြီး မန်ယူမှာ ဝက်စ်ဟမ်းနှင့် ပွဲပို ကစားခဲ့ရသည်ကိုလည်း ဗန်ဟားလ်က ထောက်ပြ ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly